ဘိုးတော်ဗဒုံမင်းသည် သူ၏ ဘုန်းတန်ခိုးကြီးမားခြင်းကို ပြသရန်အတွက် မင်းကွန်းအရပ်ဒေသတွင် သမိုင်းဝင်ကြီးလေးကြီးကို ဖန်တီးဆောက်လုပ်ခဲ့သည်။ မင်းကွန်းအရပ်ဒေသရှိ ကြီးလေးကြီးဆိုသည်မှာ (၁) ပုထိုးတော်ကြီး ၊ (၂) မင်းကွန်းခေါင်းလောင်းကြီး ၊ (၃) ခြသေ့ၤကြီး နှင့် (၄) ရေကန်ကြီး (ကြက်ထောင့်ကန်) တို့ဖြစ်သည်။
ကြီးလေးကြီး အနက် ပုထိုးတော်ကြီး နှင့် မင်းကွန်းခေါင်းလောင်းကြီးမှာ အထင်ရှားဆုံးဖြစ်သည်။ ၉၅ပေ အမြင့်တည်ဆောက်ထားသော ခြင်္သေ့ကြီးများမှာ ငလျှင်ဒါဏ်ကြောင့်ပြိုပျက်ခဲ့ရပြီး ယခုအခါ ကိုယ်ထည်ပိုင်းသာကျန်ရစ်တော့သည်။ ပေ(၄၂၀) အကျယ်၊ အနက် (၃၁) ပေ၊ (၈) လက်မ အတိုင်းအတာဖြင့် ၁၈၁၇ခုနှစ်တွင် တူးဖော်ခဲ့သည့် ရေကန်ကြီးမှာမူ လူသိအနည်းဆုံးဖြစ်ပြီး ပုထိုးတော်ကြီးနှင့် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။
မင်းကွန်းပုထိုးတော်ကြီး
၁၇၉၀ ပြည့်နှစ်က အမရပူရသို့ အလည်ရောက်လာသော စိနတိုင်း ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က လက်ဆောင်ပါးသည့် ဗုဒ္ဓစွယ်တော် တဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။ ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။
၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်းပုထိုးကြီးကို စတင် တည်ဆောက်တော်မူသည်။ ကိုယ်တိုင် ကြီးကြပ်တည်ဆောက်နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာဝတီ မြစ်အတွင်း ကွန်းတစ်ခုပေါ် ၁၇၉၉ ခုနှစ် တိုင်အောင် ပြောင်းရွှေ့စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။
ဘိုးတော်ဘုရားအနေဖြင့် အဆိုပါ ပုထိုးတော်ကြီးအား ၁၅၂ မီတာ(၄၉၉ ပေ) အမြင့် ဆောက်ရန် ရည်ရွယ်သည်။ သို့သော် ပုထိုးတည်မှု ဆိုင်းလိုက်ရသည့်အခါ တည်လက်စမှာ ဉာဏ်တော်မှာ ၁၆၂ ပေ သာ ရှိသေးသည်။ သူ့၏ အောက်ဆုံးဆင့် စြင်္ကန်သည်ပင် ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိသည်။ အလျား ၄ ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာ ကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိပေသည်။
ဘိုးတော်ဘုရားသည် ဘုရားအဆောင်တို့ကို ခဲနားသတ်၍ ယင်း အတွင်းဝယ် ရွှေဆင်းထု ၁၅၀ဝ ငွေဆင်းထု ၂၅၃၄ အပြင် အခြား ဌာပနာ ၃၇၀ဝ၀ သို့သွတ်သွင်းရာတွင် ထိုစဉ်ကာလ တီထွင်စစဦး ဆော်ဒါရည် ဖေါက်စက် နမူနာတလုံး ပင်ပါသေးသည်ဟု ဘိုးတော် ဘုရား နန်းတော်သို့ ဗြိတိသျှသံ ဟီရန်ကောက်စ် ပြောသည်မှာ အဆန်းအပြား ပင်ဖြစ်နေသေးသည်။
မြန်မာသက္ကရာဇ် ၁၁၈၁-ခု (အေဒီ-၁၈၁၉)ခုနှစ်တွင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့သဖြင့် ဘုရားကြီးမှာလည်း ယနေ့တိုင် အပြီးမသတ်နိုင် ဖြစ်ခဲ့ရသည်။ အကယ်၍ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့လျှင် ပုထိုးတော်ကြီးသည် မြန်မာပြည်တွင် အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်ပေလိမ့်မည်။ အပြီးသတ် မတည်ဆောက်နိုင်ရုံသာမက မြန်မာသက္ကရာဇ် ၁၂၀၀-ပြည့်နှစ် နှင့် ၁၃၁၈-ခုနှစ် တို့တွင် လှုပ်ခဲ့သော မြေငလျင်ဒဏ်များကြောင့် ကွဲအက်ပျက်စီးလျက်ပင် ရှိနေပေသည်။ နမူနာပုံစံ စေတီတစ်ဆူကို ဘုရားကြီး၏ တောင်ဘက် (၄)ဖာလုံခန့်အကွာတွင် တည်ထားလျက် ရှိပြီး ပုံတော်စေတီဟု အမည်တွင်သည်။
၁၈၃၈ ခုငလျင်ကြောင့် ပုထိုးကြီး၏ ပထမအဆစ်မှာ အောက်ဘုရား ဆောင် အတွင်း ပစ်လဲပြိုလဲ၍ မြစ်မျက်နှာပြင် တင်ကြိုကာကွယ်ထား သော ခြင်္သေ့ကိုယ် နှင့် ဂဠန် နှုတ်သီး နှင့် ဂဠန်တောင်ကြီးများ တစုံလည်း ပျက်စီးဆုံးရှုံးရလေသည်။ သို့ပင်သော်ငြားလည်း မင်းကွန်းဘုရားသည် မပြီးမပြတ် ကျန်လျက်နှင့် ၁၈၁၉ ခုနှစ်အတွင်း သူအနိစ္စရောက်သည့် နောက်၌ပင် သူ့အားဆက်ခံ စိုးစံခဲ့သော မည်သည့်သားမြေးဆက်ကမှ ဆက်လက်၍ဆောက်လုပ်ခြင်း မဆက်ကြတော့ချေ။ ၃၂၈ ပေအထိအလျားရှိသော အပျက်အစီး အပုံကြီးသည် ခေါင်းလောင်းကြီး ၏ တောင်ဘက်တွင် ယခုတိုင် ခန့်ခန့်ထည်ထည် ရပ်တည်လျက်ရှိပါသည်။
မြန်မာသက္ကရာဇ် ၁၁၅၂ ခု တပို့တွဲလဆန်း ၅ရက်(ခရစ်နှစ် ၁၇၉၀)တွင် စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့တဲ့ မင်းကွန်းပုထိုးတော်ကြီးအား မူလက ပေငါးရာအမြင့် တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း တဝက်တပျက်နဲ့ ရပ်နားခဲ့ရသည်။ ပုထိုးတော်ကြီးပြီးဆုံးအောင် မတည်ဆောက်ခြင်းနဲ့ပက်သက်လို့ “ဘုရားလည်းပြီး၊ ပြည်ကြီး လည်းပျက်” ဆိုတဲ့ တဘောင်ကြောင့် ဘိုးတော်ဘုရားက ပြီးဆုံးအောင် တည်ဆောက်ခြင်း မရှိခဲ့သည် ဆိုတဲ့ အယူအဆဟာ ရေပန်းအစား ဆုံးဖြစ်သည်။
စတုရန်းပေ ၄၅၀ ကျယ်ဝန်းပြီး အမြင့် ၁၆၂ ပေ ရှိတဲ့ ပုထိုး တော်ကြီးကို အောက်ခြေမြေသား မခိုင်ခံ့မှုကြောင့် ပုထိုးတော်ကြီး တည်ဆောက်မှုလုပ်ငန်းစဉ်အား ရပ်နားခဲ့ခြင်း ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆဟာလည်း စဉ်းစားစရာဖြစ်သည်။ ဘုရားကိုယ်ထည်မှာ ကြေးကွင်းကြီးများ ပက်ကာတည်ဆောက်ထားပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ကျော် (ခရစ်နှစ် ၁၈၃၈) မှာ လှုပ်ခတ်ခဲ့တဲ့ ငလျဉ်ဒဏ် ကြောင့် အက်ကွဲပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ရပေမယ့်လည်း ယနေ့တိုင် ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။
မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း – လွင်မောင်
မြန်မာ့စွယ်စုံကျမ်း
Discussion about this post