သတ်သတ်နှင့် တခြားစီ
စာရေးဆရာ သာဓု
၁၉၆ဝ ခုနှစ်၊ သာဓု၏ ဒုတိယကားဖြစ်သော ‘အငိုလွယ်သည်’ ဇာတ်ကား စတင် ပြသသည့် ဒုတိယနေ့၊ နေ့လယ်ဘက်။ သာဓု ပင်ပန်းလွန်းသဖြင့် အတိုးချ အိပ်မောကျနေဆဲ တစ်စုံတစ်ယောက်က မရဲတရဲ လာနှိုးနေသဖြင့် အော်လိုက် တော့မည်ပြုပြီးမှ မျက်လုံးဖွင့်အကြည့်တွင် သားကြီး မောင်ဝဏ္ဏကို တွေ့ရသဖြင့် ဖက်နမ်းလိုက်ရင်း အကြောင်းကို မေးသည်တွင်
‘ရုပ်ရှင်ရုံက ဖုန်းဆက်တယ်ဖေဖေ၊ အရေးကြီးလို့ နှိုးပေးပါတဲ့’
‘ဘာပြဿနာ ပေါ်နေပါလိမ့်’ ဟု စိုးရိမ်သွားကာ အလူးအလဲ ထထိုင်မိ၏။
သာဓုသည် ဇတ်ကားပြသရန် ရုံတင်ရက်ကို စာချုပ်ရာ၌ ရက်ကောင်းလုပြီး အရွေးစောသွားသောကြောင့် ဇာတ်ကား ဖြတ်တောက်ပြင်ဆင်မှုများ ကသီ လင်တ ဖြစ်ခဲ့၏။
ဤအငိုလွယ်သည်ဇာတ်ကား စတင်ရိုက်ကူးကတည်းက အနည်းနှင့်အများ ဆိုသလို အနှောက်အယှက်ကလေးများ တွေ့ခဲ့ရသည်။ နောက်ဆုံး ရုံတင်ခါနီး တွင် တက်သုတ်ရိုက်ပြီး ကားကူးကားဆက်ကိစ္စများ လုံးပန်းရာ၌ တစ်ညလျှင် ၂ နာရီ ၃ နာရီမျှသာ အိပ်ချိန်ရလျက် ၃ ရက်တိတိ မိုးလင်းခဲ့ရသဖြင့် အလွန်နွမ်း နယ်နေသည်တွင် နောက်ဆုံးည၌ အရေးကြီးသော ဇာတ်သိမ်းခန်းဖလင်တစ်ဘူး ပျောက်နေသောကြောင့် သာဓု ခြေကုန်လက်ပန်းကျသွား၏။ နောက်တစ်နေ့တွင် ဆင်ဆာတင်ရမည်။ ရုပ်ရှင်ရုံများနှင့် စာချုပ်ထားသည်မှာ သောကြာနေ့။ ဆင် ဆာတင်ရမည်မှာ ကြာသပတေးနေ့။ အကြောင်းတစ်ခုခုကြောင့် ပျက်ကွက်လျှင် ရုံများသို့ ငွေ ၂ဝဝဝဝ ကျပ်ကျော် ပေးလျော်ရမည်။ အထူးသဖြင့် ဆင်ဆာ လူကြီးများနှင့် မျက်နှာပျက်မခံနိုင်၊ သာဓု စိတ်အိုက်ပြီး မူးသွားသည်။ ၂ နာရီ ခန့်အကြာ သတိရပြီး နိုးလာသည့်တိုင်အောင် ပျောက်သောဖလင် ရှာမတွေ့ သေး။
ဆင်ဆာကို ၇ နာရီအရောက် သွားပြရမည် ဖြစ်သော်လည်း ယခု ၅ နာရီ အထိ ပြဿနာ မပြေလည်သေး။ ပြရမည်မှာ ၁၁ ပိုင်း။ ၆ ပိုင်းသာ အဆင်သင့် ဖြစ်သေးသည်။ ထိုအပိုင်းများဖြင့်ပင် သာဓုကိုယ်တိုင် ဆင်ဆာတင်ရန် ပြေးရပြီး လူကြီးများအား တောင်းပန်သမှု ပြုရတော့သည်။ ဆင်ဆာလူကြီးများကလည်း ငဲ့ညှာကြသည်။ (ရှိသလောက်က စပြပေါ့) ဟု ခွင့်ပြုသောကြောင့် ဝမ်းသာ ကျေးဇူးတင်စွာဖြင့် ပြရာတွင် အပိုင်း ၁၊ ၂၊ ၃ အစဉ်လိုက်ပြနေရာမှ ရုတ်တရက် အပိုင်း ၆ သို့ ရောက်သွား၏။ သာဓု စိတ်ညစ်လိုက်သည့်ဖြစ်ချင်း။ နောက်မှ ကားပိုင်းများ ကူးသည်မှာ အစဉ်လိုက်မဖြစ်ဘဲ ပြီးရာလွယ်ရာ ကောက်ကူးထား ကြောင်းသိရသဖြင့် လူကြီးများအား ၅ ကြိမ်ထက်မနည်း ထ၍ တောင်းပန်လိုက် ရချေ၏။
အပိုင်း ၇ ရောက်လာ၍ ပြပြီးသောအခါ ဖြုန်းခနဲ ဇာတ်သိမ်းခန်းသို့ ရောက်သွား၏။ (ပြီးပါပြီ) ဖြစ်သွား၏။ သို့သော် ဆင်ဆာ လူကြီးများကား မထကြ၊ ရုတ်တရက် မီးပွင့်လာသောကြောင့် လူကြီးများ ဒေါပွကြလေတော့မည် ဟုသာ သာဓုတွက်ထားသော်လည်း သူတို့မျက်နှာများတွင်လည်း သည်းခံပြုံး ပြုံး နေသည်ကို တွေ့ရ၍ အသက်ရှုချောင်သွားရ၏။ သာဓု ထ၍ တောင်းပန်ရ ပြန်သည်။
‘ဟေ့၊ ဖိုးသာဓုရဲ့ နောက် ဒီလိုမလုပ်နဲ့ကွာ၊ အားလုံး အဆင်သင့်ဖြစ်မှ ဆင်ဆာတင်၊ မင်းတို့က ရုံကောင်းကောင်းနဲ့ လဆန်းရက်ကို တယ်ရွေးတာကိုး’ ဦးအမ်ဖိုးချိန်က အပြစ်တင်သကဲ့သို့ သခင်သိန်းမောင်ကြီးကလည်း
‘ဒါပဲနော် သခင်ဖေသန်း၊ နောက်တစ်ခါ ဒီလို ဇောက်ထိုးမိုးမျှော်ပြရင် မရဘူး၊ ဒဏ်ရိုက်ခံရမယ် သတိထား’ ဟု ကြိမ်း၏။
‘ဒဏ်ရိုက်လို့ သူတို့ ကြောက်မှာ မဟုတ်ဘူး၊ ဆင်ဆာ တစ်လ ပယ်လိုက် မယ်’
ဤသို့ ပြောလိုက်သူမှာ ဒေါက်တာသာလှဖြစ်၏။ ထိုနေ့က ကြည့်ကြသော ဆင်ဆာလူကြီးများအနက် ဒေါက်တာသာလှသည် မျက်နှာထား အတင်းဆုံးဖြစ် ၏။ သာဓု၏ ကမောက်ကမ ပြသမှုအတွက် အတော်ကလေး မကျေမနပ် ဖြစ်နေ ဟန်တူ၏။
ဇာတ်ကားမှာ ကူးရင်းပြရင်း သွားယူရင်းဖြင့် ၁၁ နာရီလောက်တွင်မှ အပိုင်းစုံ ပြသပြီးစီးသည်တွင် လူကြီးများအချင်းချင်း ဇာတ်ကားအခြေအနေကို တိုင်ပင်ကြ၏။ ဖြတ်သင့်သောအပိုင်း ရှိမရှိ ဆွေးနွေးကြခိုက် သာဓု စိတ်မောနေ သည်။ ရြသည်မှာ အစဉ်လိုက်မဟုတ်သောကြောင့် ဇာတ်ရည် ဇာတ်သွား မရှင်း ဟု ဆုံးဖြတ်လိုက်သော် နောက်တစ်ပတ်မှ ပြန်တင်ရမည်။ နက်ဖြန် ပြသနိုင် တော့မည်မဟုတ်။ ရုံရှိလူများကလည်း ‘ဆရာ့ဇာတ်က ရှုပ်နေတာပဲ’ ဟု ဝေဖန် ကြပြန်သဖြင့် သာဓုပို၍ စိတ်အိုက်သွားရစဉ် သာဓုကို ခေါ်သည်ဆိုသဖြင့် ရင်တ မမနှင့် ဝင်သွားသည်၌
‘ဦးသာဓု ကားကလည်းဗျာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဇာတ်လမ်း ဆင်ပြီး ကြည့်နေရတယ်။ ပဟေဠိကား ဖြစ်နေပြီ’ ဟု ဆင်ဆာလူကြီး ခင်လေး မောင်က ရယ်ရင်းပြော၏။ သာဓု ရင်တုန်သွားရပြန်၏။ ‘ဒီမှာ’ ဟူသောအသံ ကြောင့် သာဓု လှည့်ကြည့်လိုက်ရာ မျက်နှာထား တည်တည်နှင့် ဒေါက်တာ သာလှကို တွေ့လိုက်ရသည်နှင့် ‘ဆင်ဆာတစ်လ ပယ်လိုက်ပြီ’ လို့များ ပြော လိုက်လေမလားဟု သာဓု စိုးရိမ်နေစဉ်
‘ခင်ဗျားကားက လှလှလေးပြုံး (မြတ်မွန်) ငိုပြီး လဲကျသွားရာမှာ ဇာတ် သိမ်းမယ် မဟုတ်လား’
‘ဟုတ်ကဲ့’
‘အဲ့ဒီဇာတ်သိမ်းကို နောက်ထပ် ပြင်ဦးမှာလား၊ ရှေ့နောက် ပြောင်းစရာ ကော ရှိသေးသလား’
‘မရှိပါဘူး၊ မပြင်ပါဘူး’
‘ဒါဖြင့် ပြသခွင့် ပြုလိုက်ပြီ’
သာဓု ဝမ်းသာလိုက်သည် ဖြစ်ချင်း။
သို့လျှင် ကသီကရီနှင့် ရုံတင်လိုက်ရသော အငိုလွယ်သည် ဇာတ်ကားအတွက် ယခု ခေါ်ပြန်လေပြီ။ ‘အရေးကြီးလို့’ ဟူသည့်စကားအရ သာဓု ရင်မပြီး ထသွား ရပြန်သည်။ ဖုန်းဆက် မေးသောအခါ
‘ဒီမှာ ဦးသာဓု မနေ့ညပိုင်းက ဆင်ဆာလူကြီးမိသားစု လာကြည့်သွားကြ တယ်၊ ညကတော့ ဘာမှမပြောဘူး၊ ခုမနက်ကျမှ ဖုန်းနဲ့ဆက်ပြောတယ်’
ပြဿနာကား ပေါ်ပြန်ချေပြီ။
‘ဒီကား ဆင်ဆာတင်တုန်းက လှလှပြုံး ခိုးရာလိုက်ပြေးတဲ့ အခန်းမှာ နောက်ခံတေးမပါဘူး၊ ခု ရုံတင်ပြမှ ဒီနောက်ခံတေးကို ဘာဖြစ်လို့ ထည့်ထားရ သလဲ၊ ဒီအခန်းကို ဖြုတ်ပစ်ပါ၊ မဖြုတ်ရင် ဇာတ်ကားပါ ပြခွင့်ပိတ်ရလိမ့်မယ်တဲ့’
ရုံမန်နေဂျာက စိတ်ပူနေသော အသံဖြင့် ပြော၏။ ဆင်ဆာတင်စဉ်က ကြုံ ခဲ့ရသည့်အရေးထက် ယခု ဘေးကျပ်နံကျပ် ဖြစ်ရချေပြီ။
‘အဲ့ဒါ၊ ဘယ်သူလဲ၊ နာမယ်နဲ့လိပ်စာ သိပါရစေ’
‘ဒေါက်တာသာလှ၊ နေတဲ့နေရာ မသိဘူးဗျ၊ အဲဒါ စုံစမ်းပြီး မြန်မြန်လေး ကြည့်လုပ်ဦးဗျာ၊ တော်ကြာ ရုံပိတ်လိုက်ရင် အားလုံးဒုက္ခ’
သာဓု မျက်နှာသစ်ရန်ပင် သတိမရနိုင်၊ ဒေါက်တာသာလှ နေထိုင်ရာ လိပ် စာကို သုံးလေးနေရာလောက် ဖုန်းဆက် စုံစမ်းပြီး ကဆုန်ပေါက် ပြေးခဲ့ရသည်။ တွေ့သော အခါတွင်လည်း သူ့မျက်နှာမှာ တရားသူကြီး တစ်ယောက်ကဲ့သို့ တင်းနေ၏။
‘ခင်ဗျား လုပ်ပုံ၊ အင်း ဆင်ဆာပြတုန်းကလည်း ကမောက်ကမ၊ ခုရုံတင် တော့လည်း ဆင်ဆာမှာမပါတဲ့ သီချင်းတွေ ထပ်ထည့်ထားတယ်၊ ဒါ ဘာသ ဘောလဲ’
‘ဟုတ်ကဲ့ မူလကတည်းက ထည့်ဖို့ အစီအစဉ်ရှိပြီးသားပါပဲ ကားကူးရာမှာ မှားကျန်’
‘မှားကျန် မေ့ကျန်တာ မပြောနဲ့၊ ဆင်ဆာမှာ မပါရင် ရုံတင်တဲ့အခါလည်း မပါရဘူးဆိုတာ ခင်ဗျား နားလည်ရမယ်’
သာဓု မှားနေသည့်အဖြစ်ကို သာဓု သေသေချာချာ သိ၏။ သို့သော် ‘ခင်ဗျား နားလည်ရမယ်’ ဟူသော စကားအတွက် စိတ်ထဲတွင် မြက်ခနဲ ဖြစ်သွား သောကြောင့်
‘ခု ကျွန်တော်ထည့်လိုက်တဲ့ နောက်ခံတေးဟာ ဘာကိုမှ ထိခိုက်စရာ အကြောင်းမရှိပါဘူး၊ ပြီးတော့ ဒီသီချင်းကလည်း အသစ်မဟုတ်ဘဲ၊ ဟိုရှေးတုန်း က ဓာတ်ပြား’
‘ကျွန်တော်သိတယ်၊ ဂီတာ စိမ်းမောင်ဆိုတဲ့ ပတ္တမြားပလ္လင် ဘုရားတရားနဲ့ ပတ်သတ်တယ်၊ ဘယ်သူ့မှ မထိခိုက်တဲ့အပြင် နားထောင်တဲ့လူ ကုသိုလ်ရတယ်၊ သံဝေဂ ရတယ်၊ ဒါက သတ်သတ်တခြား၊ ခုပြောနေတာက စည်းကမ်းဥပဒေ၊ ဒါ ခင်ဗျားလေးစားရမယ်၊ လိုက်နာရမယ်၊ ဒါကလည်း တခြားသတ်သတ် ရှင်း ရဲ့လား’
သာဓု မလှုပ်နိုင်အောင် ခံနေရသည်။ သူသည် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် သီရိပျံချီ ဒေါက်တာသာလှ၊ အလွန် တိတိကျကျ စည်းကမ်း ဥပဒေကို မိမိရရ ဆိုပ်ကိုင်ပြောနေခြင်း ဖြစ်သည် မှန်သော်လည်း
‘ကျွန်တော် စည်းကမ်းကို လေးစားတတ်တဲ့လူပါ၊ ဒါပေမယ့် ခုန အစ်ကို ကြီးပြောသလို ဘာကိုမှ မထိခိုက်တဲ့ ကိစ္စမို့ ကျွန်တော့်ကားကို ဆက်ပြီး ပြခွင့် ပြုပါလို့ တောင်းပန်ပါတယ်’
‘ဒါကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်ဘူး’
‘ဒီလိုရှိပါတယ်၊ ဒီကိစ္စလေးနဲ့ ရုံပိတ်လိုက်ရမယ်ဆိုရင်’
‘ဒါလည်း ကျွန်တော် မတတ်နိုင်ဘူး၊ စည်းကမ်းမကျရင် ပိတ်ရမှာပဲ’
‘မဟုတ်ပါဘူး အစ်ကိုကြီးရယ်၊ တကယ်လို့ ရုံပိတ်လိုက်ရမယ်ဆိုရင် ကြို တင်လက်မှတ်ရောင်းထားတာတွေ၊ ရုံခတွေ’
‘ခင်ဗျားဟာ ခင်ဗျား စိုက်လျော်လိုက်ပေါ့’
‘ကျွန်တော်ပြောတာက ဘယ်သူ့ကိုမှ မထိခိုက်တဲ့ အချက်ကလေး တစ်ချက် နဲ့ တစ်ဖက်သားမှာ အများကြီးထိခိုက်သွားမယ်ဆိုရင်’
‘ဒါ ဘယ်သူလုပ်တာလဲ၊ ခင်ဗျား အရှည်ကြီးမပြောနဲ့၊ အဲဒီအခန်းကို ဖြတ် ရင်ဖြတ် ဆက်ပြရင်ပိတ်ရမှာပဲ’
‘အဲ့ဒီအခန်းကလည်း ဇာတ်ဝင် အရေးကြီးတဲ့ အခန်းမို့ ကျွန်တော် တောင်း ပန်နေတာပါ’
‘ဘာလဲ အရေးမကြီးရင် မတောင်းပန်ဘူးလို့ ခင်ဗျား ဆိုချင်သလား၊ အို ကေ ခင်ဗျား ပြန်နိုင်ပြီ ဦးသာဓု ပြန်နိုင်ပြီ’
မျက်နှားထား တင်းတင်းဖြင့် သာဓုအား အိမ်ထဲမှပင် မောင်းထုတ်သလို ပြောနေချေပြီ။
‘ဒီကားကို ကျွန်တော် ဆက်မပြနိုင်တော့ဘူးလား၊ ဒါဖြင့်’
‘ခုနပြောတဲ့ သီချင်းပါတဲ့အခန်းကို ဒီနေ့ဖြတ်ရင်ဖြတ်၊ မဖြတ်ရင် နက်ဖြန် ပိတ်ပစ်ရမှာပဲ’
‘ဒါဖြင့်လည်း အစ်ကိုကြီးသဘောပဲ’
သာဓုလည်း စကားဆုံးသည်နှင့် ဖြုန်းခနဲ ထပြန်လာခဲ့သည်။ အိမ်ရောက် သည်နှင့် ဘဏ်ငွေစာရင်းလက်ကျန်ကို ကြည့်သည်။ ၂ဝဝဝဝ ကျပ်ကျော် ပေး လျော်နိုင်သည့် ငွေများ ပိုပိုသာသာ ရှိနေသည်ကို တွေ့ရ၍ တစ်ဖက်က စိတ် အေးသွားသော်လည်း ရုံပိတ်ရသည့်အဖြစ်ကား အရုပ်ဆိုးလှချေမည်။ သာဓု ရုပ်ရှင်တည်းဟူသော အမည်ကိုလည်း ထိခိုက်မည်။ အထူးသဖြင့် ဆင်ဆာ စည်းကမ်း ဖောက်ဖျက်၍ အပိတ်ခံရခြင်းကား လုံးဝမကောင်း၊ လူ့ကျင့်ဝတ်ကိုပါ ထိပါးလေတော့မည်။ သာဓု ထိုဒဏ်ကို မခံနိုင်။
နည်းလမ်းရှိသမျှ ဇယားချ၍ စဉ်းစားရတော့သည်။ အကြံတစ်ခု ရလာ၏။ ဖြစ်ရပ်မှာ ဆင်ဆာလုပ်ရာတွင် တေးသံမပါဘဲ ယခုမှ ပါနေသောကြောင့်ဟု တစ်ဖက်က အကြောင်းပြရာ ထိုအပိုင်းကို ဆင်ဆာပြန်လုပ်ပြီး ခွင့်ပြုချက် တောင်းလိုက်လျှင် ထိုကိစ္စ ပြီးပြေသွားနိုင်သည်။ သို့နှင့် သာဓုသည် ညချင်းပင် ဆင်ဆာရုံးအရာရှိ ဦးထွန်းကြိုင် အိမ်သို့ စုံစမ်းရာ နောက်နေ့ အာသောကရုံတွင် ကုလားကား ဆင်ဆာရှိကြောင်း ပြောလိုက်သဖြင့် အထက်ပါ အဆိုပါအပိုင်းကို ယူသွားပြီး တာဝန်ကျ လူကြီးများအား အကြောင်းစုံ ရှင်းပြကာ ထိုအပိုင်းကို ကြည့်၍ ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံရာ
‘အေး တို့ကလည်း ကြည့်ပေးမယ်၊ မင်းကလည်း ဒေါက်တာ သာလှကို သွားပြောလိုက်ဦး’
ဦးဖိုးချိန်က ခွင့်ပြုသင့်ကြောင်း၊ ကန့်ကွက်စရာ မပါကြောင်း စာတစ်စောင် ရေးပေးသော်လည်း စာကို သာဓုက တလွဲ လူဝါးဝစွာဖြင့် ကိုယ်တိုင် သွားမပေး ဘဲ တပည့်တစ်ယောက်နှင့် ပို့ခိုင်းလိုက်၏။ ထိုကိစ္စသည်လည်း ဤတွင် ပြီး သွား၏။
၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် (ဖိတ်ကြားစာ အရ) ရုပ်ရှင် ရွှေစင်ဆု ချီးမြှင့်ရေးအခမ်းအနားပွဲသို့ သာဓုတို့ ရောက်သွားကြသည်။ ထိုစဉ်က ပြဇာတ်ဌာန ညွှန်ကြားရေးဝန်ကြီး ဦးမြင့်စိုးက စောစောလာရန် အကြောင်းကြား သဖြင့် သာဓုလည်း စောစောပင် ရောက်နေပြီး ရုပ်ရှင်သမားချင်း စကားပြောနေ ကြစဉ် ဦးစောဦး (ယခု-ပါတီ) က လက်တို့ ခေါ်သွားပြီး
‘ခင်ဗျား လုပ်လိုက်မှဖြင့် ဒီအတိုင်းချည်းပဲ၊ အဝတ်အစား ကပိုကရို ခေါင်း မဖီး ဘာမဖီးနဲ့၊ နို့ ခေါင်းပေါင်းကော မပါဘူးလား’
‘ဘာလုပ်ဖို့လဲ၊ ခေါင်းပေါင်းက အိုက်ရတဲ့အထဲ၊ ဒါကြောင့် အပေါ်အင်္ကျီ တောင် ဝတ်မလာတာ ကြည့်တော့’
‘တကယ်လို့ အကယ်ဒမီဆု ခေါ်ပေးနေရင် ဒီလိုပဲ တက်ယူမလား၊ ခင်ဗျာ့ ပုံစံက မြို့တက်လာတဲ့ နွားပွဲစား ကျနေတာပဲ’
‘ကျွန်တော် မရပါဘူးဗျာ၊ ရခြင်းရရင် မြတ်မွန်ပဲ ရမှာပါ’
‘ပြောနိုင်မလားဗျ’
‘အေးဗျာ၊ ပေးတော့လဲ ခင်ဗျာ့အပေါ်အင်္ကျီ ခဏဌားဝတ်လိုက်ရုံပေါ့’
ဦးစောဦးက ဤဇာတ်ကားကို သူအလွန်ကြိုက်သောကြောင့် အကယ်ဒမီ တစ်ပေးနေသော်လည်း သာဓုကမူ မထင်။ စရိုက်ကတည်းက အနှောင့်အယှက် အမျိုးမျိုး ကြုံခဲ့ရသည်။ အထူးသဖြင့် အံဝင်ခွင်ကျ မင်းသားရွေးရသည်မှာ စိတ် အမောရဆုံးဖြစ်လျက် နောက်ပိုင်း၌ မင်းသားသစ် တင်ရိုက်ရသည်တစ်ကြောင်း မသတီစရာ အလွမ်းဇာတ်လမ်း ဖြစ်သည်တွင် ဆင်ဆာတင်ရာ၌လည်း ကျွမ်းထိုး မှောက်ခုံ ဖြစ်ခဲ့ရသောကြောင့် (ဝါ) စိတ်တိုင်းကျ အချောသတ်ရန် အချိန်မရ လိုက်သည်တစ်ကြောင်းတို့ကြောင့် ရွှေစင်ဆိုကု သာဓု လုံးဝ မမျှော်မှန်းခဲ့။
ယခုမူ ပို၍ဝေးသွားချေပြီဖြစ်၏။ ယင်းရုပ်ရှင်အဆင့်အတန်းမြှင့် ရွှေစင်ဆု ချီးမြှင့်ရေးဥက္ကဋ္ဌသည် ဒေါက်တာသာလှ၊ သာဓုနှင့် ပနံမရဖြစ်ခဲ့သည်ကို စာရှုသူ တို့ သိပြီ၊ ဆင်ဆာကိစ္စတွင်လည်း သူ့ကိုကျော်၍ ထော်လော်ကန့်လန့်လုပ်ကာ မလေးမစား ပြုမူခဲ့သည်။ အဘယ်မှာလျှင် ရွှေစင်ဆုကို သာဓု မျှော်မှန်းနိုင်သည့် အခွင့်အလမ်း ရှိပါတော့သနည်း။
(သို့သော် ဒါရိုက်တာ ရွှေစင်ဆုကို သာဓု ရရှိခဲ့သည်။)
ဒေါက်တာသာလှကိုယ်တိုင်က အဘယ် အကြောင်းအချက်များ ကြောင့် သာဓုကို အကောင်းဆုံး ဒါရိုက်တာ ရွေးရကြောင်း၊ ရွှေစင်ဆုပေးရကြောင်း အသေးစိတ် ရှင်းလင်းချက် ဖတ်ပြလိုက်လေသေးသည်။ သာဓုအပါအဝင် ရုပ်ရှင် ပညာသည်အားလုံးနီးပါး အံ့အားသင့်သွားကြသည်။ ‘ဟာ’ ခနဲ မြည်ဟိန်းသွား ပြီးမှ လက်ခုပ်သံများ ပေါ်လာလေတော့သည်။
‘အေးဗျာ၊ ခင်ဗျား မင်းသမီး ကောင်မလေးက ရွံတတ်တယ်၊ သူ့အဖေရဲ့ အနာကိုတောင် ဆေးထည့်ပေးရမှာ ရွံတယ်၊ ညားတော့ အနူမကြီးရဲ့သား၊ အဲဒီ ကားမျိုးရိုက်တဲ့ ဒါရိုက်တာကို ရွှေစင်ဆုပေးလိမ့်မယ်လို့ ကျုပ်တို့တော့ ယောင် လို့တောင် မထင်မိဘူး’
ဤလို အလားတူစကားများလည်း ပွက်လောရိုက်သွားသည်။ သာဓု ကိုယ် တိုင်ကလည်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဖြစ်ကာ အိမ်ရောက်ရောက်ချင်း အငို လွယ်သည်ကို ပြန်ပြန်ကြည့်နေမိ၏။ ဤတွင်မှ အဘယ်ကြောင့် ပေးသည်ကို သဘောပေါက်ရတော့သည်။
ထိုသည့်နောက် ၅ လလောက် အကြာတွင် သာဓု ဧည့်ခံပွဲတစ်ခုသို့ ဖိတ် သင့်သူများကို ဖိတ်ကြားရာတွင် ဒေါက်တာသာလှသည် အစောဆုံး ရောက်လာ သည်။ ထိုထိုဤဤ စကားများ စုံသွားရာမှ သာဓု မတင်မကျ ဖြစ်နေသော သိ လိုချက်ကို ဤလိုပင် သာဓုက စလိုက်၏။
‘အစ်ကိုကြီးကို ကျွန်တော် တောင်းပန်ကြွေးဆပ်စရာ ရှိနေသေးတယ်၊ ကျွန် တော်မှားခဲ့တာတွေ ခွင့်လွှတ်ပါလို့’
‘ဒါတွေက ပြီးခဲ့ပြီပဲ’
‘ကျွန်တော် သိချင်တာတွေ မေးပါရစေ၊ အငိုလွယ်သည် ဇာတ်ကားနဲ့ ပတ် သတ်လို့ ကျွန်တော့်ကို ဒါရိုက်တာဆု ပေးဖို့သာမကဘဲ ဇာတ်ကားကိုပါ အ ကယ်ဒမီပေးဖို့ အစ်ကိုကြီး အထူးလုံးပန်းခဲ့တယ်၊ အကြိတ်အနယ် ဆွေးနွေးခဲ့ တယ်လို့ သတင်းကြားရတယ်၊ အဲဒါ’
သာဓုက သူ့အဖြေကို စောင့်ရင်း ကြည့်နေသော်လည်း သူသည် ပြုံးရုံသာ ပြုံးနေပြီးမှ
‘ခင်ဗျား လူဝါးဝတဲ့အကြောင်း ပြောတာကော မကြားဘူးလား’
သာဓုက ပြန်၍ သူ့မူအတိုင်း ပြုံးငုံ့ ငုံ့လိုက်ရ၏။
‘ခင်ဗျား ကျွန်တော့်ဆီလာတဲ့နေ့က ခင်ဗျား ဖြစ်စေချင်တာချည့် လျှောက် ပြောနေလို့ မပြေမလည် ဖြစ်သွားရတာ၊ တကယ်လို့ အဲဒီအချိန်ကသာ ခင်ဗျား က ‘ကျွန်တော် ဘာလုပ်ရမလဲလို့’ မေးလိုက်ရင် ကျွန်တော်ကလည်း ဥပဒေ စည်းကမ်းအရ ဘယ်လို လုပ်ပါ လုပ်ပါဆို ပြီးသွားမှာ၊ နောက်ပိုင်းကျတော့ လည်း ခင်ဗျားက စည်းကမ်းဘောင်ဝင်အောင် လုပ်လိုက်တယ်၊ ကျွန်တော်လိုချင် တာလဲ ဒါပဲ’
မှန်ရာပြောသစ္စာ သာဓုရှက်သွားပါ၏။
‘ဒါပေမယ့် ကျွန်တော် လုပ်ပုံလုပ်နည်း မှားသွားပါတယ်၊ ခွင့်လွှတ်ပါ အစ်ကိုကြီး’
‘ဥပဒေဘောင် ဝင်သွားကတည်းက ခွင့်လွှတ်ပြီးသား ဖြစ်ခဲ့ပြီပဲ၊ နောက်ကို ဆင်ခြင်ပေါ့ဗျာ’
‘တကယ်လို့ အဲ့ဒီတုန်းက ကျွန်တော်သာ ဆင်ဆာပြန်မလုပ်ခဲ့ရင်’
‘တနင်္လာနေ့ကစပြီး ခင်ဗျားကား မပြရတော့ဘူး။ ပိတ်လိုက်မှာ သေချာ တယ်’
‘အစ်ကိုကြီး တော်တော် စိတ်ဆိုးသွားတယ်နော်’
သူပြုံးနေပြန်သည်။
‘ဒီလောက်အထိ ကျွန်တော် မထီလေးစား လုပ်ခဲ့တယ်၊ ဘုတွေဘောက်တွေ ပြောခဲ့တယ်၊ အဲဒါတောင် ကျွန်တော့်အပေါ် အာဃာတမထားဘဲ ရွှေစင်ဆု ကိစ္စ မှာ ကျွန်တော် အနည်းဆုံး ၂ ဆုရဖို့ ကြိုးပမ်းဆွေးနွေးခဲ့တယ်ဆိုတော့’
‘သတ်သတ်စီပဲ၊ တခြားစီသာ စဉ်းစားရမှာပေါ့၊ ခင်ဗျားနဲ့ ရန်ဖြစ်တယ်၊ ဒေါက်တာသာလှနဲ့ စကားများတယ်၊ ဒါက တစ်ကဏ္ဍ ရွှေစင်ဆု ဥက္ကဋ္ဌနဲ့ သာဓု ရဲ့ အနုပညာနဲ့ ရန်ဖြစ်တာမှ မဟုတ်ဘဲ၊ ဖြစ်လို့လည်း မရဘူး၊ ဖြစ်လည်း မဖြစ် အပ်ဘူး၊ ကြံဖန်ပြီး ဖြစ်လို့ရတယ်ထား၊ ဒါ လုံးလုံးသဘာဝမကျတဲ့ သဘော တရားသေးသိမ်မှု’
သာဓုတစ်ကိုယ်လုံး ထုံကျဉ်သွားသည်။ သူဆက်ပြောလိုက်သော စကား လေးငါးလုံးကို မကြားလိုက်ရ။
ချက်ချင်းပင် ဒေါက်တာသာလှအား ထိုင်ကန် တော့ရင်း သာဓု မျက်ရည်လည်နေ၏။ (အရသာရှိလှသော မျက်ရည်။)
သာဓု (လူဝါးဝတယ်)စာအုပ်မှ
Discussion about this post