ရေးသားသူ – ဗန်းမော်သိန်းဖေ
Microsoft ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ၊ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကို လူတိုင်းက အားကျခဲ့ကြတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေအတွက် သူဟာ နမူနာယူစရာ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။
ဒါပေမဲ့ ဂျက်မားဟာ အလီဘာဘာကုမ္ပဏီကို ထူထောင်ပြီး အင်တာနက်နဲ့ e-commerce လုပ်ငန်းကို စလုပ်တော့ ဘီလ်ဂိတ်ဟာ သူ အမုန်းဆုံးလူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက အဲဒီအကြောင်းကို မကြာခင်က အစ္စရေးနိုင်ငံ၊ တဲလ်ဗစ်မြို့မှာ ကျင်းပတဲ့ တီထွင်သူများ ညီလာခံမှာ ခုလို ပြောပြပါတယ်။
“အဲဒီအချိန်က ကျွန်တော် ဘီလ်ဂိတ်ကို အရမ်းမုန်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Microsoft ကုမ္ပဏီက ကမ္ဘာပေါ်က အခွင့်အလမ်းအားလုံးကို ယူသွားတယ်လို့ ထင်လို့ပါ။ နောက်ပြီး သူပိုင်တဲ့ IBM; Oracle တို့ကလည်း အခွင့်အလမ်းတွေကို သိမ်းယူထားပြန်တယ်”တဲ့။
သူက ဆက်ရှင်းပြပါတယ်။ သူ ၁၉၉၉ ခုနှစ်မှာ အလီဘာဘာကုမ္ပဏီကို စထောင်ချိန်မှာ ကမ္ဘာပေါ်က ကြီးမားတဲ့ အင်တာနက်နဲ့ ကွန်ပျူတာကုမ္ပဏီတွေဟာ သူတို့လို ကုမ္ပဏီသေးလေးတွေ ပေါ်မလာအောင် ဈေးကွက်ကို အုပ်စီးထားတယ်လို့ သူ ထင်နေခဲ့တယ်တဲ့။ နောက် မကြာခင်မှာပဲ သူ့အခွင့်အလမ်းတွေကို ပိတ်ထားသူတွေဟာ ဘီလ်ဂိတ်နဲ့ တခြားအောင်မြင်သူတွေ မဟုတ်ကြဘူး၊ သူ့အခွင့်အလမ်းတွေကို ပိတ်ထားသူဟာ သူ့ရဲ့ ဆင်ခြေအကြောင်းပြချက်တွေကြောင့်ပဲဆိုတာကို သိလိုက်ပါတယ်တဲ့။
ဂျက်မားက ခုလို ဆက်ပြောပါတယ်။ “လူတွေဟာ တစ်ခုခု မအောင်မြင်ရင် ညီးတွားနေကြတယ်။ မအောင်မြင်ရတဲ့အကြောင်းကို ဆင်ခြေတွေ ပေးကြတယ်။ တကယ်လု့ိ သင်ဟာ ဆင်ခြေပေးတာကို ကုစားလိုက်မယ်ဆိုရင် ပြဿနာကို ဖြေရှင်းလိုက်တာပါပဲ။ ပြဿနာကို ဖြေရှင်းလိုက်ပြီဆိုရင် အခွင့်အလမ်းတွေ ပေါ်လာစမြဲပါပဲ”။
ဂျက်မားဟာ သူ့ရဲ့အလီဘာဘာ တရုတ်ကုမ္ပဏီလေးကို ကမ္ဘာပေါ်က အကြီးဆုံး အင်တာနက် ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ရှင်းလင်းလွယ်ကူပြီး ဈေးသက်သာတဲ့ နည်းတွေကို သုံးခဲ့ရတယ်။ သူက ခုလို ပြောတယ်။
“IT နည်းပညာကို အသုံးပြုရတာ ဈေးသိပ်ကြီးပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ တီထွင်လုပ်ကြရပါတယ်။ တီထွင်ပြီး မလုပ်ရင် အလီဘာဘာဟာ မြောင်းထဲ ရောက်သွားမှာမို့ မလုပ်မဖြစ် တီထွင်လိုက်ရတာပါ”
ဂျက်မား အလီဘာဘာကုမ္ပဏီကို စထောင်လို့ အနှစ် ၂၀ အကြာမှာ (နှစ်ဦးစလုံး ဘီလျံနာသူဌေးကြီးတွေ ဖြစ်နေကြတဲ့) ဂျက်မားနဲ့ ဘီလ်ဂိတ်တို့ဟာ အတော်လေးကို ရင်းနှီးခင်မင်သွားခဲ့ကြတယ်။ သူဟာ ဘီလ်ဂတ်တို့ လင်မယားထူထောင်ထားတဲ့ ဒေါ်လာဘီလီယံ အလှူငွေတွေ ရထားတဲ့ Bill & Melinda Gates Foundation မှာလည်း အလှူျငွေထည့်ဝင်ပြီး ကူညီပေးနေပါတယ်။ သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေ ဖြစ်နေကြသလို နည်းပညာပြိုင်ဖက်တွေလည်း ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့လက ဂျက်မားက အလီဘာဘာကုမ္ပဏီရဲ့ ဥက္ကဌရာထူးကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ကြေညာတဲ့ အခမ်းအနားမှာ သူက ဘီလ်ဂိတ်နဲ့ ပတ်သက်လို့ ခုလို စကားတစ်ခွန်းကို ထည့်ပြောခဲ့ပါတယ်။
“ကျွန်တော် ဘီလ်ဂိတ်ကို ငွေကြေးချမ်းသာတဲ့ နေရာမှာ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကိုအနိုင်ရနိုင်တာ တစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော် သူ့ထက် အရင် အလုပ်ကနေ အနားယူမှာပါ”
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က cnbc.com မှာ တင်ထားတဲ့ (Ms.) Karen Gilchrist ရဲ့ ဆောင်းပါးကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၈-၁၀-၂၀၁၈
Discussion about this post