ဒီသင်္ဘောငယ်ရဲ့ နာမည်ကတော့ Thunder Child ဖြစ်ပြီး အိုင်ယာလန် ရေယာဉ်တည်ဆောက်ရေး ကုမ္ပဏီတစ်ခုက ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ မှောက်ပြီးမနစ်မြုပ်နိုင်ပါဘူး။ အကြောင်းကတော့ မှောက်သွားတဲ့အခါတိုင်းမှာ သူ့အလိုလို ပုံမုန်အတိုင်းပြန်မတ်စေနိုင်တဲ့ စနစ်ကိုထည့်သွင်းထားလို့ပါ။ ကျွန်တော်တို့ မြန်မာလိုဆိုရင်တော့ ပစ်တိုင်းထောင်သင်္ဘောလို့ ခေါ်ရမယ်ထင်ပါတယ်။ Gravity force ကိုနည်းပါးစေပြီး သင်္ဘောကိုပေါလောပေါ်အောင်လုပ်ထားတဲ့ စနစ်လို့သိရပါတယ်။
ဒီ မနစ်မြုပ်နိုင်တဲ့ သင်္ဘောငယ်ကို အိုင်ယာလန်ရေတပ်မှာ အသုံးပြုနိုင်ဖို့အတွက် ဖန်တီးထားခြင်းဖြစ်ပါတယ်။ သင်္ဘောငယ်ထဲမှာ လူလိုက်ပါစေပြီး သင်္ဘောကိုနည်းမျိုးစုံနဲ့မှောက်ကာ စမ်းသပ်ခဲ့ပေမယ့် သင်္ဘောဟာ သူ့အလိုလိုပြန်မတ်သွားခဲ့ပါတယ်။ သင်္ဘောကနည်းမျိုးစုံနဲ့မှောက်လံသွားပေမယ့် အထဲက လူတွေကတော့ ပုံမှန်အတိုင်းထိုင်နေနိုင်တာကိုတွေ့ရပါတယ်။ ပုံမှန်အတိုင်းမောင်းနှင်မယ်ဆိုရင်တော့ ဒီသင်္ဘောငယ်ရဲ့ အမြန်နှုန်းဟာ ၁နာရီကို ၆၂မိုင် အမြန်နှုန်းရှိပါတယ်။ မြင်းကောင်ရေအား ၁၀၀၀ ရှိတဲ့ Caterpillar C12.9 အင်ဂျင်နှစ်လုံးကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။
Thunder Child ဟာ အိုင်ယာလန် Cork နယ်မြေက Safehaven Marine ရဲ့ တီထွင်ဆန်းသစ်မှုလည်းဖြစ်ပါတယ်။ Safehaven Marine ရဲ့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်တဲ့ Frank Kowalksi ကတော့ ဒီသင်္ဘောငယ်ကို အဓိကသုံးချက်နဲ့ ဖန်တီးထားတယ်လို့ ဆိုပါတယ်။ အလွန်နည်းပါးတဲ့ ဆွဲငင်အားရယ်၊ ပေါလောပေါ်စေတဲ့စနစ် နဲ့ ရေပေါ်ကိုအတည့်အတိုင်းပြန်မတ်ပေးတဲ့စနစ် တွေနဲ့ ဖန်တီးထားတာပါ။
သင်္ဘောအိမ်အတွင်းမှာ လုံလောက်တဲ့လေကိုထည့်သွင်းထားတာကြောင့် သင်္ဘောခွံကိုပေါ်လောပေါ်နေစေတာဖြစ်ပြီး ဒီအထဲကိုရေမဝင်ဖို့ကတော့ အရေးအကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။ လေဝင်ပေါက်တွေမှာလည်း ရေမဝင်စေဖို့ အလိုလျှောက်ပိတ်တဲ့စနစ်တွေပါဝင်တယ်လို့ သူက ထပ်ပြောပါတယ်။ အဓိကကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာ မြန်နှုန်းမြင့်သွားလာ နိုင်စေဖို့ လို့ဆိုပါတယ်။
Mr Kowalksi က ကျွန်တော်တို့နှစ် ၂၀အတွင်းမှာ သင်္ဘောငယ်ပေါင်း အစီး ၁၃၀ ခန့်ကို ဖန်တီးနိုင်ခဲ့ပြီး ထိုသင်္ဘောငယ်တွေကို နိုင်ငံ ၂၆နိုင်ငံမှာ အသုံးပြုလျှက်ရှိတယ်လို့ ဆိုပါတယ်။ သူတို့ကို ကျွန်းဆွယ်လုံခြုံရေးတပ်ဖွဲ့တွေ ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ ၊ ဆိပ်ကမ်းတပ်ဖွဲ့တွေမှာ အသုံးပြုကြပါတယ်။ အခုဆန်းသစ်ထားတဲ့ Thunder Child သင်္ဘောငယ်ကို အသုံးပြုခြင်းအားဖြင့် မည်မျှကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာ မဆို နစ်မြုပ်မှာမပူရပဲ မြန်မြန်ဆန်ဆန်သွားလာနိုင်စေပါတယ်။ ပြီးတော့ ပြင်းထန်ကြီးမားတဲ့ လှိုင်းလုံးကြီးတွေကြားမှာလည်း အလွယ်တကူသွားလာနိုင်တယ်လို့ ဆိုပါတယ်။
သူတို့သင်္ဘောရဲ့ အစွမ်းကို ဗီဒီယိုနဲ့အတူ လက်တွေ့စမ်းသပ်ပြထားပါတယ်။ ပထမတော့ သင်္ဘောအလွတ်အတိုင်း စမ်းသပ်ပြီး နောက်တစ်ကြိမ်မှာတော့ Mr Kowalksi အပါအဝင် အဖွဲ့ငယ်တစ်ဖွဲ့လိုက်ပါကာ စမ်းသပ်ပြထားပါတယ်။ Thunder Child ကို XSV 17 လို့လည်း ခေါ်ကြသေးပြီး သင်္ဘောငယ်အတွင်းမှာ လူ၁၀ဦး လိုက်ပါစီးနင်းနိုင်ပါတယ်။ စမ်းသပ်ပြထားတဲ့ ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှု့နိုင်ပါတယ်။
VIDEO