ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် ရခိုင်ဘုရင်များ လက်ထက်က အိမ်ခြေပေါင်း တထောင်စီဖြင့် ဗိုလ်မင်းထောင် (Bohmong – Bandarban District)၊ သက်ထောင် (Chakma – Rangamati District) နှင့် ဖလံထောင် (Mong – Kahgrachhari District) ဟု ထောင်သုံးထောင် တည်ဆောက်ပေးခဲ့ပြီး ဗိုလ်မင်း တဦးစီကို အဆိုပါ ထောင်တထောင်ကို အပိုင်စား ပေးပြီး အုပ်ချုပ်ခွင့်ပြုခဲ့သည်။
ထိုဒေသတွင် အုပ်ချုပ်သူ ဗိုလ်မင်းအနွယ်များသည် ဘုရင့်နောင်မင်းကြီး၏ သားတော် နန္ဒဘုရင်မှ ဆင်းသက်လာသည့် အမျိုးအနွယ်များဟု သိရသည်။ ၁၅၉၉ခုနှစ်တွင် ရခိုင်ဘုရင်သည် ပဲခူးကိုတိုက်ခိုက်အောင်မြင်ပြီးနောက် နန္ဒဘုရင်၏ သမီးတော် မင်းသမီး ခင်နှောင်းနှင့် မောင်တော်စောဖြူတို့ကို ရခိုင်သို့ခေါင်ဆောင်ခဲ့သည်။ မင်းသမီးခင်နှောင်းအား မိဖုရားမြှောက်ပြီးနောက် မောင်တော်စောဖြူအား ထိုအချိန်က ရခိုင်လက်အောက်ခံ စစ်တကောင်းနယ်ကို အပိုင်စားပေးကာ အုပ်ချုပ်စေခဲ့သည်။
၁၆၁၄ တွင် မောင်စောဖြူသည် ထိုဒေသကို ဝင်ရောက်ကျူးကျော်သော ပေါ်တူဂီများကို တိုက်ထုတ်နိုင်ခဲ့သောကြောင့် ဗိုလ်မင်း (Bohmong – King Of General)ဘွဲ့ကို ရရှိခဲ့သည်။ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ စစ်တကောင်းကို အုပ်ချုပ်ခဲ့သည်။ ထိုဒေသကို သားစဉ်မြေးဆက် အုပ်ချုပ်လာခဲ့ရာမှ ယခုစော်ဘွား ဦးစောဖြူ သည် (၁၇) ဆက်မြောက် နယ်စားစော်ဘွား ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေကို Chittagong Hill Tract Regulations, 1900 ဖြင့် အတည်ပြုပေးခဲ့သည်။
အဆိုပါ အုပ်ချုပ်ရေး ယန္တရားအား အဆိုပါဒေသ အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိစဉ်တွင်၎င်း၊ ပါကိစ္စတန်လက်အောက် ရောက်ရှိသည့် အချိန်တွင်၎င်း၊ လက်ရှိ ဘင်္ဂလာဒေချ့် နိုင်ငံ ဖြစ်လာသောအခါတွင် ၎င်း မဖျက်ဆီးပစ်ဘဲ ထားရှိခဲ့သဖြင့် ယခုအချိန်ထိ အဆိုပါ ဒေသတွင် ရှေ့ကကဲ့သို့ ဗိုလ်မင်း အုပ်ချုပ်ရေး ပုံစံ တည်ရှိနေခြင်း ဖြစ်သည်။အဆိုပါ ဗိုလ်မင်းများမှာ လက်အောက်ခံ နယ်စားပယ်စားများ အဆင့်သာ ဖြစ်သဖြင့် ဘိသိုက်ခံခြင်းနှင့် သရဖူဆောင်းခြင်းများကို ပြုလုပ်ခွင့်မရှိကြောင်း သိရသည်။
ဗိုလ်မင်းထောင်နယ်သည် ၂၀၆၄ စတုရန်းမိုင် ၊ သက်ထောင်နယ်သည် စတုရန်းမိုင် ၂၄၁၂ ၊ ဖလံထောင်နယ်သည် ၆၅၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ ဗိုလ်မင်းတစ်ဦးကွယ်လွန်လျှင် အကြီးဆုံးသားမှ ဗိုလ်မင်းရာထူးကို ဆက်ခံရသည်။ ဗိုလ်မင်းများသည် အဆိုပါ ဒေသအတွင်း နေထိုင်သော သက်၊ မာရာမာ( မာရာမာကြီးမဟုတ်ပါ)၊ ရခိုင်၊ ထရိပူနှင့် အဆိုပါ ဒေသအတွင်း အခြေစိုက်နေထိုင်သူ ဘင်္ဂလီ အမျိုးသားများကို ရှေ့ရိုး ထုံးတန်းစီလာများနှင့် အညီ အုပ်ချုပ်ခွင့်ရမည် ဖြစ်သည်။ ဗိုလ်မင်းအဖြစ် ခန့်အပ်ခံထားရသူမှာ အဆောင်အယောင်ဖြင့် နေထိုင်ခွင့်ရပြီး၊ အခွန် ကောက်ပိုင်ခွင့်၊ တရားမ အမှုများကို စီရင်ပိုင်ခွင့် များ ရရှိသည်ဟု သိရသည်။
လက်ရှိ ဗိုလ်မင်းများမှာ ရခိုင်လူမျိုးနှင့် ဘာသာ စာပေ ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံများ တူညီကြသော်လည်း သူတို့ကို သူတို့ ရခိုင်အဖြစ် မခံယူကြဘဲ မာရမာ လူမျိုး အဖြစ်ခံယူကြသည်။အဆိုပါ မာရမာများမှာ မြန်မာမှ ဆင်းသက်လာသူများဟု ခံယူကြပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော်များ ဖြစ်သည်ဟု မာရမာ မှတ်တမ်းမှတ်ရာများတွင် ဖေါ်ပြသည်။သို့သော်လည်း နိုင်ငံတကာ သမိုင်းပညာရှင်များနှင့် ရခိုင်သမိုင်းပညာရှင်များကမူ အဆိုပါ မာရမာများမှာ မြန်မာက ဆင်းသက်လာသည်ကို ခိုင်မာသော သက်သေ အထောက်အထား တစုံတရာ မတွေ့သဖြင့် လက်မခံကြကြောင်း သိရှိရသည်။
ယခု ဘင်္ဂလားဒေ့ရှ် နယ်မြေများမှာ ရှေးယခင်က ရခိုင်ပြည်နယ်၏ အစိတ်အပိုင်း ဒေသများ ဖြစ်ခဲ့ကြသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အချိန်အထိ နတ်မြစ် အနောက်ဖက်ခြမ်း (ယခု ဘင်္ဂလားဒေ့ရှ် နယ်မြေ၊ ရာမူး ခေါ် ပန်းဝါဒေသ၊ ကော့ဘဇား ခေါ် ဖလောင်းချိတ် ဒေသ၊ ရှာပူရီကျွန်းခေါ် ရှင်မဖြူကျွန်း၊ စိန့်မာတင်ကျွန်း ခေါ် အုန်းကျွန်း၊ တက်ကနပ်ဖ် ခေါ် ကယုချောင်း ဒေသ၊ အစရှိသည်များ) မှာ ရခိုင်ပြည်နယ် ၏ အစိတ်အပိုင်း အဖြစ် တည်ရှိနေခဲ့သေးသည်။ ၁၉၃၇ အိန္ဒိယ-မြန်မာ နယ်နိမိတ် ခွဲခြား သတ်မှတ် ချိန်တွင်မူ ဖော်ပြပါ နတ်မြစ် အနောက်ဘက်ခြမ်း ဒေသများသည် ရခိုင်ပြည်နယ်- နယ်မြေ အဖြစ်မှ ပဲ့ထွက် ဆုံးရှုံးသွားခဲ့ရသည်။
Discussion about this post