ဘက်တီးရီးယား(Bacteria) သည် အလွန်အမင်းသေးငယ်သည့် သက်ရှိများဖြစ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။ ဘက်တီးရီးယားများသည် ကလာပ်စည်း တစ်ခုသာပါဝင်သည်။ ၎င်းတို့သည် ဧကကလာပ်စည်းသက်ရှိများ (unicellular organism) အနက် ကမ္ဘာပေါ်တွင် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ နေထိုင်ကျက်စားခဲ့သည့် အရိုးစင်းဆုံးသော သက်ရှိများဖြစ်သည်။
ဘက်တီးရီးယား အများစုသည် ရေ သို့ မြေကြီးထဲတွင် နေထိုင်ကြသော်လည်း အတော်များများမှာ သက်ရှိများ၏ အရေပြား သို့ ခန္ဓာကိုယ်အတွင်း၌ နေထိုင်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်း၌ ဘက်တီးရီးယားများသည် လူကလာပ်စည်းထက် ၁၀ ဆများသည်။ ဗက်တီးရီးယားအချို့မှာ ရောဂါဖြစ်စေသော်လည်း အချို့မှာ လူသားများအစာချေရာတွင် သို့ ဒိန်ချဉ်၊ ဒိန်ခဲကဲ့သို့သော အစားအစာများ ပြုလုပ်ရာတွင် အကူအညီပေးသည်။
ဗက်တီးရီးများ ကလာပ်စည်းတခုမှ နှစ်ခုအဖြစ် ကွဲထွက်သည့် နည်းဖြင့် မျိုးပွားကြသည်။ ဤသို့သော မျိုးပွားနည်းအား လိင်မဲ့မျိုးပွားနည်း (Asexual reproduction) ဟုခေါ်သည်။ အသစ်ဖြစ်ပေါ်လာသော ကလာပ်စည်းများသည် မိဘကလာပ်စည်းများထက် အရွယ်အစားပိုငယ်သည်ကလွဲ၍ ပုံပန်းအားဖြင့်သော်လည်းကောင်း မျိုးဗီဇအားဖြင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။
ဘက်တီးရီးယားများသည် ပုံပန်းအားဖြင့် အရွယ်အစားအားဖြင့် ကွဲပြားမှုရှိသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးများထက် အနည်းဆုံး ၁၀ ဆ ကြီးမားကြသည်။ သာမန် ဘက်တီးရီးယားတခုသည် 1 µm (one micrometer ၁ မိုက်ခရိုမီတာ) ခန့်ရှိသည်။ ထို့ကြောင့် ဗက်တီးရီးယား ၁၀၀၀၀ တန်းစီမည်ဆိုပါက ၁ မီလီမီတာ ရှည်လျားသည်။
ဘက်တီးရီးယားများအား ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ပေါ်မူတည်၍ အမျိုးအစားခွဲခြားလေ့ရှိသည်။ တုတ်ချောင်းသဏ္ဌာန်အား bacilli ၊ ဘောလုံးသဏ္ဌာန်အား cocci ၊ ကြောင်လိမ်လှေကားသဏ္ဌာန်အား spirilla ဟု ပညာရှင်များက သတ်မှတ်ထားသည်။
ယခုအခါမှာတော့ DNA ကို ခွဲခြမ်းစိတ်ဖြာနိုင် လာတာကြောင့် မျိုးဗီဇ (DNA) ဆင်တူမှုအပေါ်မှာ မူတည်ပြီး မျိုးခွဲခြားပါတယ်။ Bacteria အချို့ဟာ အပင်နဲ့ သတ္တဝါတွေအပေါ်မှာ ရောဂါဖြစ်ပွားစေနိုင် ကြပါတယ်။ တချို့ Bacteria တွေက အိမ်ရှင်သက်ရှိ ကိုယ်ထဲမှာ ကျူးကျော်ဝင်ရောက်ပြီး တိုက်ရိုက် ရောဂါဖြစ်စေနိုင်တယ်။ တချို့ကတော့ သူတို့က ထွက်တဲ့ အဆိပ် Protein တွေနဲ့ ဒုက္ခပေးကြတယ်။ တချို့ Bacteria တွေကတော့ သူတို့ CellWall ပေါ်က အဆီနဲ့ ဖယောင်းဒြပ်ပေါင်းတွေနဲ့ သတ္တဝါတွေရဲ့ ကိုယ်ခံအားစနစ်ကို နှိုးဆွဒုက္ခပေးကြတယ်။ အပင်တွေမှာဆိုရင်လည်း အစာကြောနဲ့ ရေကြောတွေထဲကို ကျူးကျော်တဲ့ Bacteria တွေကြောင့် အပင်သေစေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ကြပါတယ်။
ဘက်တီးရီးယား တွေက ရောဂါဖြစ်စေနိုင်သလို၊ ရောဂါဖြစ်စေတဲ့ Bacteria တွေကို ပြန်သတ်နိုင်တဲ့ ပဋိဇီဝ (Antibiotic) ဒြပ်ပေါင်းတွေကို လည်း ထုတ်လုပ်ပေးနိုင်ကြပြန်တယ်။ သူတို့ဟာ လူ့ရောဂါတွေကို ကူညီကုသပေးဖို့ ပဋိဇီဝတွေ ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ ဘက်တီးရီးယား မျိုးနွယ်အချင်းချင်း အစာ အာဟာရနဲ့ သဘာဝ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြရတဲ့အခါ၊ ပြိုင်ဖက် Bacteria မျိုးစိတ်ကို တိကျစွာ ထိခိုက်စေတဲ့ Antibiotics ဓာတုပစ္စည်းတွေ ထုတ်လွှတ်ကြပါတယ်။
ဘက်တီးရီးယား တွေကို ကျွန်ုပ်တို့ အရေပြားနဲ့ အူလမ်းကြောင်းတစ်လျှောက်မှာလည်း တွေ့ရနိုင်တယ်။ ဒီဘက်တီးရီးယားတွေကတော့ အိမ်ရှင်သက်ရှိကို ဒုက္ခမပေးတဲ့ ယှဉ်တွဲနေထိုင်သူတွေပါ။ အူလမ်းကြောင်းမှာ ရှိတဲ့ Bacteria တွေကတော့ ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူးရှိသူတွေ ဖြစ်ကြတယ်။ အချို့သော Vitamin ဓာတ်တွေကို အူထဲက Bacteria တွေက ထုတ်လုပ်ပေးကြပြီး အဲဒီ့ Vitamin ကို ကျွန်ုပ်တို့ အများဆုံး ရတဲ့ အရင်းအမြစ် ဖြစ်နေပါတယ်။ အူထဲက Bacteria တွေကပဲ တခြား ရောဂါဖြစ်စေတဲ့ Bacteria တွေ မပေါက်ပွားအောင် ယှဉ်ပြိုင်လုယူထားပြီး ကျွန်ုပ်တို့ကို ဝမ်းရောဂါတွေကနေ ကာကွယ်ပေးပြန်တယ်။
ဂေဟစနစ်ထဲက ဘက်တီးရီးယား
Carbon သံသရာထဲက ဘက်တီးရီးယားသက်ရှိတွေအတွက် Carbon ဟာ အရေးအကြီးဆုံး အာဟာရတွေထဲမှာ ပါဝင်တယ်။ ရေက ရေသံသရာ (Hydrocycle) လည်သလိုပဲ၊ Carbon ဟာလည်း ကမ္ဘာ့ ရေထု၊ လေထု၊ ရွှံ့အနည်အနှစ်များ၊ ကျောက်လွှာများနဲ့ သက်ရှိပစ္စည်းတွေထဲမှာ လှည့်ပတ်ပြောင်းလဲ နေပါတယ်။ ဘက်တီးရီးယား တွေက Carbon Cycle ရဲ့ အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ သက်ရှိဒြပ်ပေါင်းတွေမှာ Carbon က ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သက်မဲ့ပတ်ဝန်းကျင်မှာဆိုရင် ရွှံ့အနည်အနှစ်တွေနဲ့ ကျောက်လွှာတွေမှာ Carbon ကြွယ်ဝပါတယ်။ လေထုထဲမှာလည်း Carbon Dioxide ရှိပါတယ်။
ဒါပေမယ့် သက်ရှိတိုင်းက အဲဒီ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေထဲက Carbon ကို ထုတ်နှုတ်ပြီး သက်ရှိဒြပ်ပေါင်းတွေ မတည်ဆောက်နိုင်ကြပါဘူး။ သူတို့တွေအတွက်တော့၊ သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ သက်ရှိဒြပ်ပေါင်းတွေကိုသာ မှီဝဲရတယ်။သက်မဲ့ Carbon တွေကို သက်ရှိဒြပ်ပေါင်းမှာ တည်ဆောက်ယူနိုင်တာကို Carbon ဖမ်းယူခြင်း (Carbon Fixation) လို့ ခေါ်ပါတယ်။ စွမ်းအင်းအရင်းအမြစ် တစ်ခုခုနဲ့ Carbon Fixation တွေ ပြုလုပ်ပြီး၊ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်တာကိုတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား အစာချက်လုပ်ခြင်းဖြစ်စဉ်လို့ ခေါ်တာပေါ့။ အဲဒီ့အထဲမှာမှ၊ အလင်းရောင်စွမ်းအင်ကိုသုံးရင် Photosynthesis လို့ခေါ်ပြီး၊ ဓာတ်သတ္တုတွေက ရတဲ့ ဓာတုစွမ်းအင်ကိုသုံးရင်တော့ Chemosynthesis လို့ခေါ်ပါတယ်။
တဖန် သက်ရှိတွေ သေဆုံးပျက်စီးတဲ့အခါ Methane နဲ့ Carbon Dioxide လို ရိုးရှင်းတဲ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေ ပြန်ဖြစ်သွားလေ့ရှိတယ်။ ဆိုလိုတာက သက်ရှိမှာ ဖမ်းယူထားသမျှ Carbon တွေက သဘာဝလောကတည်းကို ပြန်လည် လွတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာလည်း သက်ရှိဒြပ်ပေါင်းတွေကို တိုက်ရိုက်မှီဝဲတဲ့ Bacteria တွေက ပုပ်ဆွေးစေသူ (Decomposer) တွေ အဖြစ် ဆောင်ရွက်ပေးပါတယ်။ Carbon ကို သက်ရှိလောက ထဲ ဖမ်းယူပေးခြင်း နဲ့ သဘာဝလောကတည်းကိုပြန်လည်ထုတ်လွှတ်ပေးခြင်း အဆင့်နှစ်ဆင့်လုံးမှာ Bacteria တွေက ပါဝင်ဆောင်ရွက်နေပါတယ်။
Carbon သံသရာမှာ ပါဝင်သလို၊ Nitrogen သံသရာမှာလည်း Bacteria တွေက အရေးကြီးပါတယ်။ Nitrogen ဟာ လေထုမှာ ပမာဏအများဆုံး ဓာတ်ငွေ့ဖြစ်ပါလျက်၊ Bacteria က လွဲလို့ ဘယ်သက်ရှိကမှ မဖမ်းယူနိုင်ပါဘူး။ Bacteria တွေက Carbon ကို သကြား molecule အဖြစ် ဖမ်းယူသလိုပဲ၊ Nitrogen ကိုလည်း Ammonia အဖြစ် ဖမ်းယူနိုင်ကြပါတယ်။ အဲဒီ့ဖြစ်စဉ်ကို Nitrogen Fixation (Nitrogen ဖမ်းယူခြင်း) လို့ ခေါ်ပါတယ်။ Bacteria တွေက ထုတ်လွှတ်တဲ့Ammonia ကို အပင်တွေက တဆင့်စုပ်ယူရပါတယ်။
ပြီးတော့မှ Amino Acid လို Nitrogen ပါတဲ့ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်နိုင်တာပါ။ သက်ရှိတွေ သေဆုံးပုပ်ဆွေးခြင်းဖြစ်စဉ် မှာလည်း Ammonia အဖြစ် ပြန်လည်ဖြိုခွဲခြင်းကို Bacteria တွေကသာဆောင်ရွက်ကြတာပါ။ Bacteria တွေကပဲ Ammonia ကို Nitrite နဲ့ Nitrate တွေအဖြစ် အဆင့်ဆင့် ဓာတ်တိုးပြီး Nitrogen ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Nitrogen သံသရာတစ်ခုလုံးရဲ့ အဝင်အထွက် စီးဆင်းမှုတွေကို Bacteria တွေက ထိန်းချုပ်ထားတာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။
Bacteria တွေက လိင်မဲ့မျိုးပွားတဲ့ သက်ရှိတွေဖြစ်ကြတယ်။ Bacteria Cell တစ်ခုကြီးထွားလာပြီးရင် သူ့ရဲ့ DNA ကို ပုံတူ တစ်စုံကူးယူပြီးသွားရင်၊ Cell တစ်ခုက နှစ်ပိုင်းခွဲထွက်သွားပြီး DNA တစ်စုံစီ ပိုင်ဆိုင်တဲ့ Bacteria Cell အသစ်နှစ်ခုအဖြစ် မျိုးပွားကြပါတယ်။
Myanmar Wikipedia မှ
Discussion about this post