ရေးသားသူ – ဇေယျသူ
အောင်မြင်ခြင်း၏ လိျှု့ဝှက်ချက်ကို ရှာဖွေ သုတေသန ပြုရင်းဖြင့် IQ Intelligence Quotient ဉာဏ်ရည် ပြကိန်းကို တွေ့ရှိခဲ့ကြသည်။ ထိုမှစကာ လူတစ်ဦး၏ အောင်မြင်မှုသည် ဉာဏ်ရည်ဉာဏ်သွေး အပေါ် အဓိက တည်မှီနေသည်ဟု ယူဆကာ လူတစ်ဦး၏ အလားအလာကို သိလိုလျှင် ထိုသူ၏ ဉာဏ်ရည်ပြကိန်း IQ Intelligence Quoteient ကိုတိုင်းတာခဲ့ကြသည်။
IQ မြင့်သော်လည်း မအောင်မြင်သူများ၊ အောင်မြင်သင့်သလောက် မအောင်မြင်သူများကို တွေ့ရှိလာသည့်နောက်တွင် အောင် မြင်မှု၏နောက်ကွယ်တွင် အခြားသောအကြောင်းရင်းရှိရမည်ဟု သုတေသနအသစ်များ ပြုလုပ်ခဲ့ရာ စိတ်ခံစားချက်ဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး EI Emotional Intelligence သည် လူတစ်ဦး၏ စွမ်းဆောင်နိုင်စွမ်းတွင် များစွာအရေးကြီးကြောင်း သိမြင်လာကြပြီး စိတ် ခံစားချက်ပြ အညွှန်းကိန်း EQ Emotional Intelligence ရေပန်းစား လာခဲ့သည်။ IQ မြင့်သော်လည်း EQ နိမ့်သူများ မအောင်မြင်။ IQ ချင်း မတိမ်းမယိမ်းရှိသူ အချင်းချင်း ယှဉ်ကြည့်လျှင် EQ သာသူများက ထိပ်သို့ ပိုမိုရောက်သည် ကို တွေ့ရသည်။
အထူးသဖြင့် ထူးချွန် ပြောင်မြောက်သော ခေါင်းဆောင်များ Great Leaders နှင့် သာမန် ခေါင်းဆောင်များ ကွာခြားသည့်နေရာမှာ EQ တွင်ဖြစ်ပြီး အောင်မြင်မှု၏ ၈၅ ရာခိုင်နှုန်းဖြစ်သည်ဟု သုတေသနများကဆိုသည်။ ထိုသို့တွေ့ရှိလာပြီးနောက်တွင် EQ သည် ခေါင်းဆောင်များအား အကဲဖြတ်သည့် ပေတံတစ်ခုဖြစ်လာခဲ့သည်။
EQ ကို အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာThe capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships
‘မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များအား သဘောပေါက်နားလည်ပြီး မိမိကိုယ်ကိုယ် စိတ်တက်ကြွ အောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း’ ဖြစ်သည်။
မိမိနှင့် အခြားသူများ၏ နှလုံးသားကို ဦးနှောက်ဖြင့် နားလည်ကာ အကျိုး ရှိရှိ ဆောင်ရွက်နိုင်ခြင်း သည် EQ ပင်ဖြစ်သည်။
လုပ်ဆောင်ရသောတာဝန် ခက်ခဲရှုပ်ထွေးလေလေ၊ EQ ၏ ကဏ္ဍထင်ရှား လေလေ ဖြစ်သည်။ သာမန်ကိစ္စများတွင် EQ မြင့်မားခြင်း၊ မမြင့်မားခြင်းမှာအရေး မပါသလို ထင်ရသော်လည်း လုပ်ဆောင်ရသောတာဝန် ခက်ခဲရှုပ်ထွေးလေလေ၊ EQ ၏ ကဏ္ဍ ထင်ရှားလေလေဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကဲ့သို့သော အရာမျိုးမှာ တစ်ကိုယ်တော်ကြဲရုံဖြင့်မရဘဲ နေရာဒေသအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးနှင့် လူပုဂ္ဂိုလ် အမျိုးမျိုး၊ Stakeholders ခေါ် သက်ဆိုင်သူအမျိုးမျိုး ပူးပေါင်းဆောင်ရွက်မှ ရနိုင်သည့် Collective Effort ဖြစ်သောကြောင့် ဆိုင်ရာပုဂ္ဂိုလ်များ ၌ မြင့်မားပါမှ နိုင်ငံလွတ် လပ်ရေး ပန်းတိုင်သို့ ပိုမိုချောမွေ့စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံလွတ်လပ်ရေး ဆိုသည်မှာ ကြီးမားသော အခက်အခဲများနှင့် စိန်ခေါ်မှုများကြားထဲမှ မဖောက်ဖူးသေးသော လမ်းကိုဖောက်ရခြင်း၊ မသွားဖူးသေးသော လမ်းကိုလျှောက်ရခြင်း Road Untraveled ဖြစ်ခြင်းကြောင့် နှလုံးသားခံစားချက် ပြင်းပြင်းထားရှိသူများသာ ဇွဲဝီရိယအားဖြင့် လက်မလျှော့တမ်း လုပ်ဆောင်နိုင်ကြရာ လွတ်လပ်ရေးကြိုးပမ်းသူများအဖို့ ‘ဦးနှောက်’ ထက် ‘နှလုံးသား’ ရှေ့ရောက်သွားသော အကြိမ်များစွာ ရှိမည်ဖြစ်သည်။ EQ မြင့်မြင့်ခေါင်းဆောင်များက ထိုသူများအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိန်းညှိဦးဆောင်မှသာ နိုင်ငံ့လွတ်လပ်ရေးပန်းတိုင်သို့ ထိထိမိမိ အရောက်လှမ်းနိုင်ပေမည်။
ဗိုလ်ချုပ်အသက်ရှင်စဉ်က EQ အယူအဆ မပေါ်သေးသော်လည်း ဗိုလ်ခုျပ်သည် EQ မြင့်မားသူဖြစ်ကြောင်း အကဲဖြတ်နိုင်သည်။ ဗိုလ်ခုျပ်သည် မျိုးချစ်စိတ်ပြင်းထန် သော်လည်း သွေးဆူလွယ်သော သူမဟုတ်၊ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဆိုသကဲ့သို့ မိမိ၏ ခံစားချက်ကို စီမံခန့်ခွဲနိုင်သောသူဖြစ်သည်။ ဗိုလ်ချုပ်၏မြင့်မားသော EQ ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးကြီးရအောင် ပဲ့ကိုင်ပေးနိုင်ခဲ့သည်။ IQ သာမက EQ ပါ မြင့်မားသည့် ဗိုလ်ချုပ်သည် ဆန့်ကျင်ဘက် အစွန်းများမှ ပုဂ္ဂိလ်များအပါအဝင် မျိုးချစ် ပုဂ္ဂိလ်များစွာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့်အတွက်၊ ထိုသူများအချင်းချင်း ပူးပေါင်း ဆောင်ရွက်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် လွတ်လပ်ရေးကြီးကို မလွတ်တမ်းရယူ နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်သည် EQ မြင့်မားသူဖြစ်ကြောင်း အောက်ပါအဖြစ်အပျက်ကိုကြည့်လျှင် အထင်အရှားတွေ့ရမည်။
‘တစ်ခါသော် ကျွနု်ပ်တို့ တိုကျိူမြို့သို့ သွားနေခိုက် ၂၆ ယောက်သော ရဲဘော်တို့ သည် အထက်ဖော်ပြပါ လူနှစ်ယောက်အနက် တစ်ယောက်သောသူ၏ ကိုယ်ရေးကိုယ်တာအကြောင်းများကြောင့် လှုံ့ဆော်ပေးသဖြင့် ဂျပန်တို့အား ဂျပန်ပြည်တွင် တော်လှန်ပုန် ကန်ရန် ကြံစည်ကြခြင်းဖြစ်သည်။ ကံအားလျော်စွာ ကျွနု်ပ်သည် တိုကျိူမြို့မှ ဖော်မို ဆာမြို့သို့ အချိန်မီပြန်ရောက်လာ၍သာ အဆိုပါပုန်ကန်မှုကို တားဆီးနိုင်ခဲ့လေသည်။’
(ဗိုလ်ခုျပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း)
ဗိုလ်ချုပ်နှင့် အခြားရဲဘော်သုံးကျိပ်ဝင်များသည် အသက်မတိမ်းမယိမ်း လူငယ် များချည်းဖြစ်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သူများပီပီ အမျိုးသားရေးကို နှလုံးသားတွင် ထားရှိကိုးကွယ်သူများချည်းဖြစ်သည်။ သို့သော် ဗိုလ်ချုပ်၏ EQ သည် ရွယ်တူတန်းတူများထက် သာလွန်မြင့်မားသည်။ ကျန်သည့် ၂၆ ဦးသည် ဂျပန်တို့ကို ဂျပန်ပြည်တွင် တော်လှန်ရန် မိုက်ရူးရဲဆန်ဆန် နှလုံးသားရှေ့ထားကာ လူငယ်စိတ်ဖြင့် ကြံစည်ခဲ့ချိန်တွင် ဗိုလ်ခုျပ်မှာ ထိုရဲဘော်ရဲဘက်များ၏ နှလုံးသားကို နားလည်ခံစားနိုင်ပြီး ထိုနှလုံးသားများကို ဦးနှောက်ဖြင့်ကောင်းစွာထိန်းသိမ်းနိုင်ခဲ့သည်။
စစ်သင်တန်း ကာလတိုပင် တက်နေဆဲ၊ လက်ခြောက်ဖက်စာမျှ အရေအတွက်ရှိသည့် မြန်မာလူငယ် သုံးဆယ်ကသာ ဂျပန်နိုင်ငံတွင် ဂျပန်တို့အား ခံစားချက်နောက်လိုက်၍ စိတ်လိုက် မာန်ပါဖြင့် တော်လှန်ခဲ့ပါက ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ဖွဲ့စည်း နိုင်တော့မည်မဟုတ်ချေ။ ဗိုလ်ချုပ်နှင့်တကွ ရဲဘော်သုံးကျိပ်တို့လည်း သေသူသေ၊ ထောင်ကျသူကျ ဖြစ်ကာ မြန်မာ့လွတ်လပ်ရေး အလှမ်းဝေးပေတော့မည်။ ဗိုလ်ချုပ်က ကျန်ရဲဘော်များ၏ ခံစားချက်ကိုနားလည်ကာ ဖြောင်းဖျနိုင်ခဲ့သောကြောင့်သာ လွတ်လပ်ရေးအတွက် ရေမြေခြားတွင် စွန့်စွန့်စားစား ကြိုးပမ်းမှု သဲထဲရေသွန်မဖြစ်ခဲ့ခြင်း ဖြစ်သည်။
EQ ၏ သဘောတရားမှာ မိမိ၏ခံစားချက်ကိုနားလည်ခြင်း၊ အခြားသူများ ၏ ခံစားချက်ကို နားလည်ခြင်း၊ ထိုသို့နားလည်ပြီး လူအများ စိတ်အားတက်ကြွအောင် လှုံ့ဆော်နိုင်ခြင်း၊ ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းဖြစ်ရာ ဗိုလ်ချုပ်၏ EQ မှာ အရွယ်နှင့် မလိုက်အောင် မြင့်မားသည်ကို တွေ့ရသည်။
ဂျပန်များနှင့်အတူ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဖက်ဆစ်တို့၏ သရုပ်သကန် ပေါ်လွင်လာခဲ့သောအချိန်တွင် ဗိုလ်ချုပ်သည် မိမိတိုင်းသူပြည်သား များအတွက် နှလုံးသားဖြင့် ခံစားခဲ့ရသော်လည်း ထိုခံစားချက်ကိုထိန်းချုပ်၍ အအောင်မြင်နိုင်ဆုံးသောအချိန်အထိစောင့်ကာ ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့ သည်။ ထိုစဉ်က တပ်မတော်အတွင်း ခေါင်းဆောင်ငယ်အချို့သည် ဖက်ဆစ်အား လွန်စွာမုန်းတီးနေပြီး တော်လှန်လိုသောကြောင့် ဗိုလ်ချုပ်ကိုပင် နားမလည်ဖြစ်ကာ ဗိုလ်ချုပ်ကိုပါ တစ်ပါတည်းတော်လှန်မည်ဟူသော ကြုံးဝါးသံများပင်ထွက်ခဲ့သည်။ သို့သော် ထိုစဉ်က မြန်မာ့တပ်မတော်၏သက်တမ်းမှာနုနယ်လှသေးသည်။ တပ်မတော်သားအရေအတွက် အတန်အသင့်ရှိသည်ဆိုနိုင်သော်လည်း လေ့ကျင့်သား နည်းပါးလှ သေးသည်၊
ခေါင်းဆောင်များပင် စစ်သင်တန်းကို ဂျပန်တွင် ဖုတ်ပူမီးတိုက် သင်ကြားခဲ့ရသည်ဖြစ်ရာ စစ်ရည်ဝသည့်၊ လက်နက်ပြည့်စုံသည့်၊ လေ့ကျင့်သားပြည့်ဝသည့် ဂျပန်တပ်မတော်နှင့် ယှဉ်ရပါက အခြေအနေမကောင်းနိုင်သည်ကို ဗိုလ်ချုပ်က ဦးနှောက်ဖြင့် နားလည်သည်။ တစ်ချိန်တည်းတွင် နောက်လိုက်များ၏ နှလုံးသားကိုလည်း နားလည်သောကြောင့် အခြေအနေကို မိမိသိသည်၊ မိမိထိုအတွက် လုပ်ဆောင်နေသည်ဟုလည်း အချက်ပေးလိုသဖြင့် ဂျပန်သေနာပတိ တက်ရောက်သည့် အခမ်းအနားများတွင်ပင် စွန့်စားကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို စိတ်တိုင်းမကျကြောင်း မိန့်ခွန်းပြောခဲ့ရ သည့်အခါများပင်ရှိခဲ့သည်။
‘ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာအပြီး နောက်တွင်လည်း ဗိုလ်ချုပ် သည် အခြားသူများ၏နှလုံးသားနှင့် မိမိ၏ နှလုံးသားကို ဦးနှောက်ဖြင့် နားလည် ဆောင်ရွက်နိုင်သဖြင့် မြန်မာ့လွတ်လပ်ရေးရအောင် လမ်းခင်းပေးနိုင်ခဲ့သည်။ အင်္ဂလိပ်ဘုရင်ခံနှင့် လွန်ဆွဲပွဲများ၊ အင်္ဂလန်သို့သွားရောက် ညှိနှိုင်းခြင်းများ၊ လွတ်လပ် ရေးကြိုးပမ်းသူ အင်အားစုများအကြား ထိပ်တိုက်တွေ့မှုများ လွန်ဆွဲပွဲများသည် ဗိုလ်ချုပ်၏မြင့်မားသော EQ ကိုမှတ်ကျောက်တင်ခဲ့သည်။
တစ်ခေတ်တွင် တစ်ယောက်ပေါ်ထွန်းခဲ့သူပီပီ ဗိုလ်ချုပ်တွင် မြင့်မားသော IQ အပြင် အခြားအရည်အသွေးများစွာ ရှိသော်လည်း အခြားအခြားသော ခေါင်းဆောင် များထက် အောင်မြင်ကာ ပန်းတိုင်သို့ရောက်ခဲ့ခြင်းမှာ သူ၏မြင့်မားသော EQ ကြောင့် ဖြစ်သည်။
ဇေယျသူ
The Voice Weekly Vol 6- No.16 မှ
Discussion about this post