ထိုနေ့နံနက်ကား ဆောင်းအကူး လေရူးမှုံကြွ တပေါင်းလတည်းဟူသော ဗမာ့ပြက္ခဒိန် အရ နောက်ဆုံးလ၏ ဆန်းစ တရက်နေ့ နံနက် စောစောအာရုဏ်တက် အချိန်ပင်ဖြစ်၏။ဘုန်းကြီးကျောင်းအနီး အရှေ့အနောက်ပြေး၍ အိမ်တတန်းနှင့် ဘေးတဘက်တချက် ကုက္ကိုပင်များ စီတန်း ပေါက်ရောက်နေသော လမ်းတစ်လမ်း ခြားလျက်ကား၊ တရွာလုံးအနက် အကျယ်ဝန်းဆုံး ဟုဆိုအပ်သော ခြံကြီး တခြံရှိ၏။ ထိုခြံကြီး၏ ပတ်လည်လေးမျက်နှာကို လမ်းကြီးလေးသွယ် တို့က ညာဘယ်ရှေ့နောက် ဝန်းရံကာဆီး လျက် ရှိနေ၏။ ရှေးအခါက ဤခြံကြီးသည် ဤမြေ ဤလမ်း များအပြင် သည်ထက်ပင်ပို၍ ကျယ်ဝန်းသည် ဟု ဆိုကြ၏။
ဤမျှ ကြီးမားကျယ်ဝန်းလှသော နယ်အတွင်းတွင် အကိုင်းအလက်ဝေဆာလှသော မန်ကျည်းပင်ကြီး နှစ်ပင်သည် အရှေ့ဘက်တပင်၊ အနောက်ဘက်တပင်၊ အပေါက်စောင့်များ အသွင် မတ်မတ်မားမား ပေါက်ရောက်လျက် တဘက်တချက်တွင် မျဉ်းပြိုင်ပြေးလျက် ရှိသော လမ်းများကို ပင်ရိပ်မိုး၍ နေလေ၏။
ပြာရီညိုမှောင် လရောင်မဲ့သော ကောင်းကင်တွင် ထင်ပေါ်ပြီးလျှင်၊ ရွာတရွာလုံးတွင် ရှေးအဆန်ဆုံး အကြီးဆုံး ဖြစ်သော အဆောက်အဦးကြီး တခုကို ထိုသစ်ပင်ကြီး နှစ်ပင်သည် မျက်နှာမူလျက် ရှိလေ၏။ ဤကြီးမားသော အဆောက်အဦကြီး ၏ အိမ်တိုင်များမှာ အနှစ်နှစ်၊ အလလ ဖို့တက်နေသော ဖုံထုကြီးဖြင့်ပိ၍ မြေအောက်သို့ မြုပ်လျက်ရှိလေပြီ။ မြို့စားရွာစား တို့ကောင်းစားကြသည့်မဝေးသေးသော ရှေးခေတ်၏ လက်ငုတ်ဖြစ်သော ဤခန်းနား ကြီးကျယ်သော အဆောက်အဦး ကိုမြင်ရသူ ဟူသမျှ သည် ထိုအိမ်ကြီး၏ မူလပိုင်ရှင်၏ အခြေအနေ၊ အတန်းအစား မြင့်ပုံ၊ ကြွယ်၀ ချမ်းသာပုံ ကိုတွေးချင့်နိုင်ပေမည်။
ယခုအခါမူကား ထိုကြီးကျယ် သော အဆောက်အဦးကြီး ၏ နောက်ဖေးဆောင် အခန်းတခန်း မှ မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်နေသော ရေနံချေး မီးခွက်ကလေး မှ မီးရောင်ခြည် တန်းကလေးသည်၊ အပြင်သို့ ထရံကြားမှ ထိုးထွက်နေသည်ကို တွေ့မြင်ရပေမည်။ သို့တွေ့မြင်ရခြင်းမှာ ထိုမျှ အချိန်မတော်သည့် ညအခါ ၌ အိမ်တွင်းရှိ ယောင်္ကျား၊ မိန်းမ အားလုံးပင် ခါတိုင်းနှင့်မတူ အမူူထူးခြားလျက် အလုပ်များ နေကြသည့် အခြင်းအရာ ကြောင့်ပင် ဖြစ်ပေသည်။ ရံဖန်ရံခါ အိမ်တွင်းမှ မိန်းမတယောက်၏ ညည်းသံကို ကြားရမည် ဖြစ်၏။
အချိန်ကား စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ စသည်ဖြင့် ကုန်လွန်ခဲ့လေပြီ။ နောက်ဆုံး၌ ကလေးတယောက်၏ ညံစာစာ ငိုသံများသည်၊ ထိုအချိန် အထိဆိတ်ငြိမ်စွာ အိပ်မောကျလျက် ရှိနေသော အိမ်နီးနားချင်းများဆီသို့ ပဲ့တင်ရိုက်သွားလေ၏။ ထိုနှစ်ကား ကောဇာသက္ကရာဇ် ၁၂ရ၆ ခုနှစ်ဖြစ်၏။ အင်္ဂလိပ် သက္ကရာဇ် နှင့်တွက်မည် ဆိုလျှင် ၁၉၁၅ ခုဖြစ်၏။ ပိုပြီးသေချာ စေလိုလျှင် ၁၉၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့ပင်ဖြစ်၏။ ဝေးမြေနယ်ခြား တိုင်းတပါး ဥရောပ၏ ဆီးနှင်းဖြိုက်ဖြိုက် ရေခဲပြင်တို့ ဖုံးအုပ်လွှမ်းတင်လျက် ရှိသော လွင်ပြင် တလင်းတို့၌ ကား၊ လူလူချင်း သတ်ဖြတ်နေကြသည့် တိုက်ပွဲခိုက်ပွဲများ၏ တိုက်သံခိုက်သံ ပစ်ခတ်သံဖြင့် တုန်ဟီးလျက် ရှိ၏။
သို့သော် ဤ ဌာန ဤဒေသတွင် ကား၊ ဘေးဘယာရန်မခဘဲ၊ ငြိမ်းချမ်းအေးမြ သကဲ့သို့ရှိ၏။ “ငြိမ်းချမ်းဧမြ သည် ဆိုခြင်းမှာ အဟုတ်လော။ ထိုစဉ်အခါက ကောင်းကင်တွင် သွားနေသော နက္ခတ်တာရာ ဂြိုလ်နေဂြိုလ်ထား တို့သည် ယခုပင် ဘွားမြင်သော ကလေးသူငယ်အား၊ အေးခြိမ်းချမ်းသာခြင်း ကိုအကယ်ပေးမည် ဟု အဟောထုတ်နိုင်ရန် ညွှန်ပြကြပါ၏လော” ကျွန်ုပ်တို့ စောင့်ကြည့်ကြစို့။
“မောင်ရင် ဖာရေ…ယောင်္ကျားကလေးတော့ …. နက္ခတ် ကြည့်ပြီး အချိန်တွက်လိုက်စမ်းပါ” ဟုခိုင်းသော အသံတသံသည် အိမ်ခန်းတွင်းမှ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ဧကန်မုချ ရွာကလက်သည် အဒေါ်ကြီး၏ အသံနှင့်တူ၏။ အပြင်၌ စောင့်နေသော ကိုရင်ဖာ သည် ကပြာကရာထတဲ့၍ ကောင်းကင်သို့ ပတ်ချာလှည့် မော့ကြည့်တော့ကာ ထွန်းတောက်နေသော နက္ခတ်တာရာ တို့၏ အနေအထားကို မှတ်သားလျက် အနီးဆုံး အချိန်ကို တွက်ချက်လေတော့ သည်။ သို့ဖြင့် ကိုရင်ဖာ သည် သူ၏ သား မွေးနေ့၊မွေးရက် အချိန်နာရီ တို့ကို ပေရွက်တရွက် တွင် ကညစ်နှင့် ရေးသား၍ မှတ်သားလိုက်လေ၏။
ထိုအတောအတွင်း တဘက်ခန်းမှ အဘိုးဖြစ်သူသည်၊ ကလေး ၏ ငိုသံများကြောင့် အိပ်ရာမှ လန့်နိုးပြီးသော်၊ လက်သည် အဒေါ်ကြီး ၏ ပြောသံကြားသည့် အတိုင်း ၎င်း၏ အိပ်ရာထဲမှ တဦးတယောက် ကိုမျှ တိုက်ရိုက် ရည်ရွယ်ခြင်း မရှိသော အမေးမျိုးဖြင့် “အေး-အေး- ဒီကနေ့ဘာလဲဟေ့၊ စနေနေ့ မဟုတ်လား” ဟုအော်၍ မေးလိုက်လေ၏။ အဘိုးဖြစ်သူ မေးလိုက်သည့် အခါ၊ သမီး မီးနေသယ် ကို စောင့်ကြည့်ရင်း သမီးအခန်းတွင်းမှာ ရှိနေသည့် အဖွားဖြစ်သူက စနေနေ့ ဖြစ်ကြောင်း ပြောပြလိုက်လေ၏။ အဘိုးဖြစ်သူမှာ တခဏမျှ ငြိမ်သက်လျက် ရှိနေ၏။ ၎င်းသည် တခုခု ကို စိတ်တွက် တွက်လျက် ရှိ၏။ တွက်ပြီးသော အခါ “ကောင်းတယ်ဟေ့၊ စနေကလည်း စနေသား၊ ရာဇာကလဲ ရာဇာ့ဘွား၊ ဘယ်လောက်ထက်ပြီး ကြောက်စရာကောင်းမဲ့ ကလေးလဲတော့ မပြောတတ်ဘူး” ဟုပြောလေ၏။ ဤမွေးစ ကလေးကား ဦးဖာ-ဒေါ်စု တို့၏ နောက်ဆုံးဘွားသည့် သားထွေးကျွန်တော် ပင်တည်း။
(ဗိုလ်ချုပ်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသည့် အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။ ဒုတိယ ဗိုလ်မှုးကြီး ဘို က ဘာသာပြန်ဆို ပေးပြီး ဒီးဒုတ်ဦးဘချိုမှ ပြင်ဆင်သည် ဟုမှတ်သားရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သဘောတူ လက်ခံသည်။ “ကဗျာဆန်လိုက်တာ”ဟု ဗိုလ်ချုပ် မှ ဘာသာပြန်သူ ဗိုလ်မှုးကြီးဘို အား မှတ်ချက်ချ ပြောခဲ့သည် ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်မှ ဖတ်ရှုရပါသည်။ နေရာယူ စာရှည်လွန်းသဖြင့် စာဖတ်သူတို့ အဆင်ပြေရန် စာသားတချို့ကို ချန်လှပ်ထားသည်မှ အပ မူရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)
Discussion about this post