တစ်ခါက ကျောင်းသား ၄-၅ ယောက်သည် ကျောင်းစည်းကမ်းကို ခွင့်မလွှတ်နိုင်အောင် ဖောက်ဖျက်သဖြင့် မလွှဲမရှောင်သာပဲ ကျောင်းထုတ်ပစ်လိုက်ရပါတယ်။ ထိုအခါ ကျောင်းထုတ်ခံရသော ကျောင်းသားများက စိတ်အလွန်ဆိုးပြီး ခဲ နှင့် ဝိုင်းပေါက်ကြတယ်။ မှန်အချို့ကွဲသလို အချို့နေရာများတွင် ခဲအရာများ ကျန်နေတဲ့အတွက် အမှုထမ်းများက ပြင်ဆင်မည်ပြုရာ ကျောင်းအုပ်ဆရာကြီးက လက်မခံ ဒီအတိုင်းထားရမည်ဟု ပြောပါတယ်။ မှန်ကန်စွာ စီရင်မှုအတွက် ခဲပေါက်ခံရခြင်းသည် ဂုဏ်ပင် ရှိသေးသည်ဟု ဆိုခဲ့ပါတယ်။ ထိုကျောင်းအုပ်ဆရာကြီး၏အမည်မှာ ဦးထွန်းရှိန် ဖြစ်ပါတယ်။
ဦးထွန်းရှိန် ဟု ဆိုလိုက်လျှင် ဖေ-ပု-ရှိန် ဟူ၍ အားလုံးသိပြီးဖြစ်မှာပါ။ သို့သော ဖေ-ပု-ရှိန် မှလွဲ၍ ဦးထွန်းရှိန်အကြောင်းကို များများစားစား သိလေ့မရှိကြပါ။ ဦးထွန်းရှိန်သည် ပုသိမ်ဇာတိဖြစ်ပါတယ်။ မွေးစက တစ်ကိုယ်လုံး ဆေးဆိုးထားသလို နီနေတဲ့အတွက် မောင်တာရဲ လို့အမည်ပေးကြပါတယ်။ အလွန်ရဲသလို ၊ အဆော့လည်း သန်ပါတယ်။ သူ့ဖခင်က “တာရဲ နာမည်နဲ့လိုက်အောင် တာပေါ်မှာလျှောက်ပြီး ရဲနေတော့မယ် ၊ နာမည်ပြောင်းမှသင့်မယ်” ဟုဆိုကာ တာရဲ အမည်ကိုဖျောက်ကာ မောင်ထွန်းရှိန် လို့ပြောင်းလိုက်ပါတယ်။
ငယ်စဉ်ကလည်းက သတ္တိအလွန်ကောင်းသလို ကတိလည်းအလွန်တည်သူဖြစ်ပါတယ်။ ဉာဏ်လည်းကောင်းသည့် အလျှောက် အတန်းတိုင်းတွင် ထိပ်ဆုံးမှ အောင်မြင်ခဲ့ပါတယ်။ ကောလိပ်ကျောင်းသားဘဝကပင် ရန်ကုန်မြို့အပျော်တမ်းလက်နက်ကိုင်စစ်တပ်(Rangoon Volunteer Rifles) သို့ ဝင်ခဲ့ပါတယ်။ ဥရောပတိုက်သားများသာဝင်လို့ရသာဖြစ်တာကြောင့် တီအိုရှိန်း (T.O’ Shane) ဟူ သော နာမည်ပြောင်းကာ ဝင်ရောက်ခဲ့ပါတယ်။ အားကစားအလွန်လိုက်စားသူ ဖြစ်ပြီး ပြေး ၊ ခုန် ၊ ပစ် နှင့် လက်ဝှေ့တို့တွင် ထူးချွန်ခဲ့ပါတယ်။ ငွေကြေးမပြည့်စုံသော်လည်း ရှိသမျှကို ရက်ရောစွာပေးကမ်းလေ့ရှိပါတယ်။ လိုအပ်ရင် သူ၏အင်္ကျီကိုချွတ်၍ ပေးဖို့ဝန်မလေးသူလည်း ဖြစ်ပါတယ်။
ဝိဇ္ဇာနောက်ဆုံးတန်းတွင် နိုင်ငံရေးကို စတင်လိုက်စားခဲ့ပါတယ်။ ၂၁ နှစ်တွင် ဘီအေအောင်ပြီးနောက် ၂၂ နှစ်တွင် ဗုဒ္ဓသာသနာ့နဂ္ဂဟကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်လာခဲ့ပါတယ်။ ၂၂ နှစ် ဟူသော အရွယ်မှာ ယနေ့ခေတ်လူငယ်များအတွက်တော့ လေလို့ ကောင်းတုန်းအချိန်ပဲ ရှိပါသေးတယ်။ အသက်ငယ်သော်လည်း ကျောင်းအား များစွာဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဦးထွန်းရှိန်ရောက်စ က ကျောင်းမှာ အလယ်ဆောင် တစ်ဆောင်သာ ရှိသော်လည်း နောက်နှစ်နှစ် အကြာမှာ နောက်ထပ် ၂ ဆောင်ကို ဆောက်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ထိုစဉ်က ဦးထွန်းရှိန်ဟာ အလုပ်လုပ်ချိန်မှာ ည ၁ချက်တီး ၂ချက်တီး အထိမနားတမ်း အလုပ်ကို လုပ်နိုင်သူဖြစ်ပါတယ်။ ကျောင်းအုပ်တာဝန်ထမ်းနေစဉ် အတွင်းမှာပင် အခြားအဖွဲ့များစွာတွင်လည်း အတွင်းရေးမှူး ၊ ဒုတိယဥက္ကဌများအဖြစ် ထမ်းဆောင်နေသူဖြစ်ရာ လူငယ်ဖြစ်သော်လည်း ဦးထွန်းရှိန်အတွက် ကိုယ်ပိုင်အချိန်ဆိုတာ မရှိခဲ့ပါ။ မျိုးချစ်စိထန် ပြင်းထန်သည်နှင့် အမျှ အများအကျိုးကို မနားမနေဆောင်ရွက်တတ်ခဲ့သူ ဖြစ်ပါတယ်။
၁၉၁၈ ခုနှစ်မှာ အင်္ဂလိပ်တို့ မြန်မာပြည်အတွက် ရေးဆွဲခဲ့သော စီမံကိန်းများကို ပြည်သူများ မနှစ်သက်ကြသဖြင့် တစ်နိုင်ငံလုံး ဆူပူကန့်ကွက်ခဲ့ကြပါတယ်။ ဒီအတွက် ဝိုင်အမ်ဘီအေ အသင်းကြီးက ကိုယ်စားလှယ်သုံးဦးကို လွှတ်ရာ ဦးပု၊ ဦးဘဘေ ၊ ဦးထွန်းရှိန် တို့ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်ရှိ ပညာမင်းကြီး မတ်ဟန်းတားက နိုင်ငံရေး ကိစ္စကို စွန့်လျှင်စွန့် ၊ မစွန့်လျှင် ကျောင်းအုပ် ရာထူးကို စွန့်ဟု ဦးထွန်းရှိန်အား အကြောင်းကြားခဲ့ပါတယ်။ ဦးထွန်းရှိန်က တွေဝေမှုမရှိပဲ ချက်ချင်းပင် ကျောင်းအုပ်ရာထူးမှ နုတ်ထွက်လိုက်ပါတယ်။
ဖေ ၊ ပု ၊ ရှိန် တို့ဟာ အင်္ဂလန်ရှိ အာဏာပိုင်များအား အရေးဆိုနေစဉ် အတွင်း အင်္ဂလန်ရှိအသင်းအဖွဲ့များအား မြန်မာပြည်အကြောင်း သိစေဖို့ လိုက်လံဟောပြောခဲ့ပါတယ်။ ထိုအထဲတွင် အင်္ဂလိပ်စကားပြော အလွန်ကောင်းလှသော ဦးထွန်းရှိန်အား အင်္ဂလန်ပြည်သူပြည်သားများက သူတို့နန်းရင်းဝန်ဟောင်း ကဲ့သို့ပင် စကားပြောကောင်းလှသည် ဟု ချီးမွမ်းကြပါတယ်။ ထို့နောက်မြန်မာပြည်သို့ ပြန်လာရာ မြန်မာပြည်သူများ အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။
ဦးထွန်းရှိန်သည် ဇွဲလုံ့လကောင်း၏။ အလုပ်တခုကို ဖြစ်မြောက်ပြီးပြတ်အောင် လုပ်လိုသောသဘောရှိသည်။ စကားပြောလည်း ကောင်း၏။ မည်သည့်အရာမဆို ပွင့်လင်းရိုးသားစွာ ပြောတတ်သည်။ သူတပါး၏ အတင်းအဖျင်းတို့ကိုလည်း မပြော၊ နားလည်းထောင်လေ့မရှိချေ။ သဒ္ဓါတရားထက်သန်၍ ပေါင်းသင်းဆက်ဆံ ရေးဆံ့သည့်။ ရှေ့ဆောင်ရှေ့ရွက်ပြုကာ စီမံခန့်ခွဲပိုင်သော အရည်အသွေးလည်းရှိသည်။ သခင်ကိုယ်တော်မှိုင်းနှင့် အခြားလူကြီးများ ပြည်သူများက ဦးထွန်းရှိန်အပေါ် အလွန်အားထားကြပါတယ်။ အားထားမယ် ဆိုလည်း အားထားစရာပါ။
အသက် ၃၀ မပြည့်သေးတဲ့ ဦးထွန်းရှိန်ဟာ ၅လအတွင်း မြို့ပေါင်း ၆၀ နီးပါးကို ဟောပြောနိုင်ခဲ့ပါတယ်။ ဦးထွန်းရှိန်ရဲ့ အပြောအဟောများဟာ မြန်မာပြည်သူများ မျိုးချစ်စိတ်များ ရှင်သန်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ ဇာတိမာန် နဲ့ နိုင်ငံချစ်စိတ်တို့ရဲရဲတောက်လာကြကာ ဖိနှိပ်ခံဘဝခေါင်းငုံခံနေရာမှ ခေါင်းထောင်ထလာကြပါတယ်။ တစ်တိုင်းပြည်လုံး၏ အားကိုးချစ်ခင်ခြင်းကို ခံခဲ့ရပါတယ်။ သခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ကလည်း”မြန်မာပြည်တွင် အာဇာနည်ယောင်္ကျားတစ်ယောက် ထွန်းပေါက်လာပြီ” ဟု ခံယူပါတယ်။
သို့သော် ဦးထွန်းရှိန်ဟာ နိုင်ငံအတွက် သူလုပ်ပေးချင်သမျှကို လုပ်မသွားနိုင်ခဲ့ပဲ အပြင်းဖျားကာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၂၀ မေလ ၂၂ ရက်နေ့မှာ ကညွတ်ကွင်းမြို့မှာ ဖျားနာလျက်နှင့် မနားပဲ တရားဟောခဲ့ပါတယ်။ ထိုတရားပွဲမှာ သူ၏ နောက်ဆုံးတရားပွဲ ဖြစ်ခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့ အပြင်းဖျားရာမှ ဆေးတိုက်သို့ တင်၍ ကုသပါသော်လည်း မရတော့ပဲ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ထိုစဉ်က သူ၏ အသက်မှာ ၂၉နှစ် သာ ရှိသေးတဲ့အတွက် တစ်တိုင်းပြည်လုံး ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ပြည်သူ့အချစ်တော် ဦးထွန်းရှိန်၏ ဈာပနဟာ မြန်မာပြည်၏ အကြီးမားဆုံး ဈာပန သုံးခုထဲက တစ်ခုဖြစ်ခဲ့ပါတယ်။(ကျန်တဲ့ နှစ်ခုမှာ ဗိုလ်အောင်ကျော်ဈာပန နှင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဈာပန ပင်ဖြစ်ပါတယ်)။ လိုက်လံ ပို့ဆောင်သူပေါင်း ၁သိန်းခန့်ရှိခဲ့ပါတယ်။ ဈာပန အခမ်းအနားကို ဦးအုန်းမောင်က ရုပ်ရှင်အဖြစ်ရိုက်ကူးရာမှ မြန်မာ့ပထမဆုံး သတင်းရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်။
ထိုစဉ်က ဝိုင်အမ်ဘီအေအသင်းမှ ဖြန့်ချိသော ဦးထွန်းရှိန်၏အသုဘဖိတ်ကြားစာတွင် “ဘိလပ်ပြန် မြန်မာကိုယ်စားလှယ်ကြီး အသက် ၂၉ နှစ်အရွယ်ရှိ ဦးထွန်းရှိန်သည် အထက်မြန်မာပြည် မြို့ရွာပေါင်း ၄၀ ကျော်တို့ကို လှည့်လည်ဟောပြော၍ တိုင်းကျိုးပြည်ကျိုး သာသနာတော်၏ အကျိုးကို နေ့ရောညပါ သယ်ပိုးဆောင်ရွက်ရာတွင် အပင်ပန်းလွန်းသဖြင့် သွေးလေချောက်ချားဓါတ်ဖောက်ပြားလျက် အပန်းရောက်ဂါ ကပ် ရောက်လာသောကြောင့်” ဟု ဖေါ်ပြထားပါတယ်။
အရွယ်ငယ်ငယ်နှင့် ဆုံးပါးသွားရှာတဲ့ ဦးထွန်းရှိန်အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ယူကျုံးမရဖြစ်ကာ အောက်ပါ လေးချိုးကြီးကို ဖွဲ့ဆိုတမ်းတခဲ့ပါတယ်။
ဒေါင်းအမေ ဆွေတမိမှာဖြင့် မကောင်းစေ ဖြေမချိနိုင်ဘူး နေမထိ ထိုင်မသာ။ သားတစ်ယောက်ကယ်နှင့် တအားမြောက်ပြီလို့ ခါးထောက်ကာ ဟန်ပန်ယူသမို့ မြန်ဇဗ္ဗူ မေ့ဘက်တော်သားတွေနှင့် အလျှံတလူလူ အရှေ့ဘက်နော် ကြွားမဟဲ့လို့ထားမိစိတ်မှာ။
ဗြဟ္မာစိုရ် တကယ်ရွယ်ရည် ဟိတ်တွေကြောင့် ကိုယ်စားလှယ် ‘ဒယ်လီဂိတ်တယ်’ လို့ နတ်ပြည်မိတ်တကွ ကြည်သာတယ် သမ္မတ တည်ပါတဲ့ ဇာနည်ဖွား။
တွေးကြည့်လျှင် မွေးမိခင် ငါ့အမေမှာဖြင့် ကြာလေလေစိတ်မကောင်းအောင်လို့ ခပ်မြန်မြဝန် နတ်ဌာန် ပြောင်းရော့သလော့ သေမင်းတမန်ကို အမေခွင့်ပန်လို့ တောင်းချင်ရဲ့ ဒေါင်းတမြေ့ပြေ ဖွားပေပေါ့ ကောင်းပေ့မေ့သား။ (သတ်ပုံ မူရင်းအတိုင်း ဖြစ်ပါတယ်)
ကိုးကား
သမိုင်းတကွေ့မှ ဝံသာနုခေါင်းဆောင်ကြီး ဦးထွန်းရှိန် – သန်းဝင်းလှိုင်
ဗိုလ်ချုပ်အောင်ဆန်း နဲ့ မြန်မာပုဂ္ဂိုလ်ကျော် ၂၀ – မင်းယုဝေ
Discussion about this post