ငရဲကိုပါဠိဝေါဟာရအားဖြင့် နိရယ ဟုခေါ်သည်။ နိ+အယ၊ နိ-မရှိသောကင်းသော+အယ-ချမ်းသာ။ ထိုနိရာယဟူသည့် ပါဠိကို မြန်မာအသံ သို့ပြောင်းသည့်အခါ နိရာယ်=နိရဲဟုဖြစ်လာသည်။ နိရဲမှ နရဲဖြစ်လာပြီးနောက်တွင် နငယ်ကိုအက္ခရာဖြင့် အသံဖလှယ်လိုက်သည့်အခါ နရဲမှငရဲဖြစ်လာတော့သည်။ထို့ကြောင့်နိရယမှအဆင့်ဆင့်ပြောင်းလဲလာသော ငရဲဆိုသည့်အဓိပ္ပာယ်ကား ချမ်းသာကင်းသော ဘုံဘဝဟု ဆိုလိုရင်းဖြစ်သည်။
ထိုငရဲဘုံတွင် ငရဲထိန်းနှင့်ငရဲခွေးတို့၏နှိပ်စက်မှုကို ထာဝရ ခံနေကြရသည်။ ငရဲမီးလောင်မှုကိုလည်း အမြဲမပြတ်ခံစားနေကြရပြန်သည်။ ဤကဲ့သို့ပြင်းထန်သည့် ဆင်းရဲ ဒုက္ခဝေဒနာတို့ကို အမြဲထာဝရ ခံစားနေရသော်လည်း ကံမကုန်သေးသမျှအသက် ရှင်လျက်ထပ်ထပ်ခါဖြစ်ပြီးခံစားနေကြရသည်။ အကုသိုလ်ကံကုန်မှသာလျှင် ငရဲသားဘဝမှသေဆုံး၍အခြားဘဝသို့ ကူးပြောင်းရန် ဖြစ်နိုင်သည်။
ထိုငရဲကြီးတို့သည် ရှစ်ထပ်ရှိကြ၍ ကမ္ဘာမြေကြီး အတွင်းဝယ်အထက်အောက်အဆင့်ဆင့်တည်ရှိကြသည်။ ၎င်းငရဲကြီးတို့သည်…..
၁။ သိ၃္ဇိုင်းငရဲ= သံ+ဇီဝ+=သံ-အဖန်ဖန်+ဇီဝ=အသက်ရှင်ခြင်း။
ဤငရဲဘုံ၌ ငရဲသူ၊ ငရဲသားတို့ သည် အဖန်ဖန် အထပ်ထပ် အသတ်ခံရ၍အသက် ပြန်ရှင်ကြရသောကြောင့်သိ၃္ဇိုင်းငရဲဟုခေါ်ရခြင်းဖြစ် သည်။ အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော ငရဲ
လူ့ဘုံ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၂။ ကာလသုတ်။ ကာလသုတ္တ ငရဲ= ကာလ+သုတ္တ=ကာလ-မည်းနက်သော+သုတ္တ=မျဉ်းကြောင်း
ဤ ငရဲဘုံ၌ဖြစ်ကြရသော သတ္တဝါတို့ကိုမျဉ်းနက်ကြောင်း ကြီးချ၍ ပဲခွပ် ဓါးမ လွှ စသည်တို့ဖြင့် ရွှေခုတ်တိုက် လွဲအပ်သောကြောင့် ကာလသုတ်ငရဲဟု ခေါ်ရခြင်း ဖြစ်သည်။ ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ဝဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသော ငရဲ
သဉ္စိုဝ်း ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၃။ သင်္ဃတငရဲ။ သံ+ဃာတ = သံ- ပြင်းထန်စွာ+ ဃာတ – ကြိတ်ခြေခြင်း။
ဤငရဲ၌ဖြစ်လာကြသည့် ငရဲသူ ငရဲသားသတ္တဝါတို့ကို အလွန်တရာ မြင့်မား၍ အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင်ကြီးတို့သည် တလိမ့်တုံးကြီး များသဖွယ် လှိမ့်ဆင်းလာကြပြီး မုန့်မုန့်ညက်ညက်ဖြစ်အောင် ကြိတ်ခြေကြသောကြောင့် သင်္ဃာတ ငရဲဟု ခေါ်ခြင်းဖြစ်သည်။ အောက်မြေအပြင်တွင် မီးလျှံများထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့သည် ထန်းပင်ငုတ်လေးတွေစိုက်ထားသကဲ့သို့ ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီး နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော ငရဲ
ကာလသုတ် ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၄။ ရောရုဝငရဲ။ ရောရု၀ – အမြဲငိုကြွေးရခြင်း။
ဤငရဲ၌ဖြစ်လာသည့် သတ္တဝါတို့သည် ကြီးကျယ် ပြင်းထန်လှသော အသံတို့ဖြင့် အမြဲမပြတ်ငိုကြွေး မည်တမ်းနေကြရသောကြောင့် ရောရုဝငရဲဟုခေါ် ရခြင်းဖြစ်သည်။ ရောရုဝ ငရဲ (Raurava) – မီးတောက်တို့သည် တဝုန်းဝုန်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ အလောင်ခံနေကြရသော ငရဲ
သင်္ဃာတ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၅။ မဟာရောရုဝငရဲ။ မဟာ+ရောရုဝ= မဟာ-ကြီးလေးပြင်းထန်သော၊ ဇာလ။ မီးတောက်မီးလျှံများရှိသော+ ရောရု၀ = ရောရုဝငရဲ။
ရောရုဝငရဲထက် ခံစားရသည့် ဒုက္ခသည် ကြီးမား ပြင်းထန်လွန်းသောကြောင့် မဟာရောရုဝငရဲဟု ခေါ်ရခြင်းဖြစ်သည်။ မီးခိုးများ ငရဲတစ်လုံးခုံး ဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးများက အတွင်းအပြင်အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော ငရဲ
ရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၆။ တာပနငရဲ။ တပ= တာပန = ပူလောင်စေခြင်း။
ဤငရဲသို့ ကျရောက်ခံစားရသော သတ္တဝါတို့ကို အလျှံတပြောင်ပြောင် ထွက်နေသည့် သံတံကျင်ကြီးထဲ၌ မလှုပ်မယှက် ထိုင်နေစေပြီး တစ်ကိုယ်လုံးကို ပြင်းထန်စွာ ပူလောင်စေသောကြောင့် တာပနငရဲဟု ခေါ်ရခြင်းဖြစ်သည်။ ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလြှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော ငရဲ
မဟာရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၇။ မဟာတာပနငရဲ။ မဟာ+ တာပန = မဟာ၊ကြီးမားပြင်းထန်သော။ တာပန = တာပနငရဲ။
တာပနငရဲထက် ပို၍ ကြီးမား ပြင်းထန်သော ကြောင့် မဟာတာပနငရဲဟု ခေါ်ရခြင်းဖြစ်သည်။ မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်များ စိုက်ထူထားပြီး ငရဲသူ ငရဲသားများကို ငရဲထိန်းများက သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော ငရဲ
တာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
၈။ အဝီစိငရဲ = န + ဝီစိ = န၊ မရှိခြင်း။ ဝီစိ၊အကြားအလပ်၊ လစ်လပ်သောနေရာ။
ထိုငရဲကြီး၌ ငရဲသတ္တဝါတို့ကို ငရဲမီးလျှံအဆင်းဒုက္ခအားဖြင့် အကြားအလပ်မရှိသောကြောင့် အဝီစိငရဲဟုခေါ် ရခြင်းဖြစ်သည်။
ထိုအဝီစိငရဲကြီး၏ အလယ်တည့်တည့်တွင် ငရဲမကြီးခေါ် ငရဲတိုင်းပြည် (သို့) ငရဲနေပြည်တော် ကြီးတည်ရှိ၍ ထုထည်ကိုးယူဇနာရှိ၍ သံတံတိုင်းဖြင့်ဝိုင်းရံထားသည်။ အထက်နှင့်အောက်၊ တောင် နှင့်မြောက်၊ အရှေ့နှင့် အနောက်၊ အထက်မျက်နှာပြင်၊ အောက်မျက်နှာပြင် ယူဇနာတစ်ရာစီရှိသည်။ ၎င်းကို ထုကိုးယူဇနာရှိသော သံပြားကြီးများဖြင့် ပိတ်ထားသည်။ ထိုအဝီစိငရဲကြီးသည်လေးထောင့်ပုံသဏ္ဍာန်ရှိသည့် သံသေတ္တာကြီးနှင့်တူသည်။
ထိုအဝီစိငရဲကြီးသို့ ကံကြီး ထိုက်ထားကြသော နှစ်ပေါင်းများစွာ ခံစားကြရမည့် နှစ်ကြီးသမား ငရဲသားတို့ ကျရောက်ကြရသည်။ ကြီးမားသည့် အပြစ်ကျူးလွန်သူတို့ ကျခံရသောကြောင့် မဟာ အဝီစိငရဲဟု ခေါ်ရပြန်သည်။ ငရဲသူ ငရဲသားတို့ သည် သံသေတ္တာအတွင်းမုန့်ညှင်းစေ့များထည့်၍ သိပ်ထားသကဲ့သို့ တစ်ခဲနက်ပြည့်ကျက်ပြီးနေသည့်အတွက် နေရာမလပ် ကြားမလပ်ချေ။
အဝီစိငရဲကြီး၌ အရပ် လေးမျက်နှာတို့တွင် သံ တံခါးကြီးလေးခုရှိပြီး အကုသိုလ်ကံကုန်၍ကျွတ် လွတ်ခွင့်ရသည့်သတ္တဝါရှိခဲ့လျှင် ထိုတံခါးကြီးမှာ အလိုလိုပွင့်သွားပြီး ထိုသတ္တဝါထွက်ခွင့်ရသည်။ ထိုသို့ပွင့်သွားသော်လည်း အကုသိုလ်ကံမကုန်သေးသည့် သတ္တဝါတို့ကား ထွက်၍မရချေ။
မီးတောက်မီးလျှံများ အကြားမရှိပဲ ငရဲတစ်ခုလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲ ဖြစ်သည်။ ငရဲကျရာတွင် အဝီစိကိုတန်းကျသူ နည်း၏။ ကံကြီးထိုက်သူတွေလောက်သာ တန်းကျသည်။
မဟာတာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။
ငရဲငယ်များ
ငရဲကြီးရှစ်ထပ်၌ တစ်ထပ်လျှင် တစ်မျက်နှာစီ ၌ ဥဿဒ ငရဲငယ် လေးထပ်စီ ခြံရံထားသည့် အတွက် ငရဲကြီး တစ်ထပ်တွင် ငရဲငယ် ၁၆ ထပ်ရှိ၍ ငရဲကြီးရှစ်ထပ်တွင် ငရဲငယ် ၁၂ထပ် ရှိလေသည်။ ထိုငရဲငယ်လေးထပ်သည်ကား
၁။ ဘင်ပုပ်ငရဲ။
၂။ ပြာပူငရဲ။
၃။ လက်ပံတောငရဲ။
၄။ သန်လျက်တောငရဲ တို့ဖြစ်ကြသည်။
ထိုငရဲငယ်လေးမျိုးတို့အပြင် ဝေတ္တရဏီ = ကြိမ်ပိုက်ချောင်းငရဲ။ ဘောဟကုမ္ဘီ = ကြေးအိုးငရဲစသည့် ငရဲငယ်တို့လည်း ရှိကြသေးသည်။ ဤမျှလောက် ဆင်းရဲဒုက္ခကြီးမားလွန်းလှသည့် ငရဲဒုက္ခတို့ကို အဖန်ဖန်အထပ်ထပ် သုံးဆောင်ဆင်ခြင်၍ အကုသိုလ်မကောင်းမှုများ မပြုမိအောင် သုံးသပ်ဆင်ခြင်၍ အကုသိုလ်မကောင်းမှုများ မပြုမိအောင် သတိနှင့် ရှောင်ကြဉ်သင့်လှသည်။
ငရဲသက်တမ်း
ငရဲသားတို့၏ သက်တမ်းကို လူတို့၏ နှစ်လ ရက်တို့ဖြင့် ရေတွက်ပုံရေတွက်နည်းကို ဇိနလင်္ကာရဋီကာ၌ အောက်ဖော်ပြပါအတိုင်းပြဆိုထားသည်။
၁။ လူတို့၏အနှစ်ကိုးသန်းသည် သိဉ္ဇိုင်းငရဲ၌ တစ်ရက်ဖြစ်သည်။ သိဉ္ဇိုင်းငရဲ၏သက်တမ်းသည် ငရဲသက်တမ်းဖြင့် အနှစ် ၅၀၀ ရှိသည်။
၂။ လူတို့၏ အနှစ် ၃ ကုဋေ ၆သန်းသည် ကာလသုတ်ငရဲ၌ တစ်ရက်ဖြစ်သည်။ ကာလသုတ်ငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ်
၁၀၀၀ ရှိသည်။
၃။ လူတို့၏အနှစ် ၁၄ကုဋေသုံးသန်းသည် သင်္ဃာတငရဲ၌ တစ်ရက်ဖြစ်သည်။ သင်္ဃာတငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ်၂၀၀၀ ရှိသည်။
၄။ လူတို့၏ ၅၇ ကုဋေ ၆သန်းသည် ရောရု၀ ငရဲ၌ တစ်ရက်ဖြစ်သည်။ ရောရုဝငရဲ သည်ငရဲ သက်တမ်းဖြင့် အနှစ် ၄၀၀၀ ရှိသည်။
၅။ လူတို့၏နှစ်ပေါင်း ၂၃၀ ကုဋေ ၄ သန်း သည် မဟာရောရုဝငရဲ၌တစ်ရက်ဖြစ်သည်။ မဟာရောရုဝငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၈၀၀၀ ရှိသည်။
၆။ လူတို့၏နှစ်ပေါင်း ၉၂၁ကုဋေ ၆သန်းသည် တာပနငရဲ၌ တစ်ရက်ဖြစ်သည်။ တာပနငရဲ သည် ငရဲသက်တမ်းအားဖြင့် အနှစ် ၁၆၀၀၀
ရှိသည်။
၇။ လူတို့၏နှစ်ပေါင်း ၃၆၈၆ကုဋေ ၄သန်းသည် မဟာတာပနငရဲ၌ တစ်ရက်ဖြစ်သည်။ မဟာတာ ပနငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၃၂၀၀၀ရှိသည်။
၈။ လူတို့၏နှစ်ပေါင်း ၁၃၇၄၅ကုဋေ ၆သန်းသည် အဝီစိငရဲ၌ တစ်ရက်ဖြစ်သည်။ အဝီစိငရဲသည် ငရဲသက်တမ်းဖြင့် အနှစ် ၆၄၀၀၀ရှိသည်။ ထိုနှစ်ပေါင်းခြောက်သောင်းလေးထောင်သည် အန္တရကပ်တစ်ကပ် ရှိလေသည်။ ဤသည်မှာ အပါယ်လေးဘုံမှ ငရဲဘုံအကြောင်းကို သိသာရုံမျှတင်ပြလိုက်ခြင်းဖြစ်သည်။
သကျဝံသ
ဗုဒ္ဓဝါဒအုတ်မြစ် ၁၀၀
မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”