• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သော စာပေပါရဂူ ဦးရွှေဇံအောင်

by Thutamm
August 17, 2019
Reading Time: 1min read
0
ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သော စာပေပါရဂူ ဦးရွှေဇံအောင်
Share on FacebookShare on Twitter

ဗုဒ္ဓစာပေများကို  မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ဘာသာပြန်ခဲ့သူမှာ ဆရာကြီးဦးရွှေဇံအောင်ဖြစ်သည်။ ရခိုင်အမျိုးသား ဦးရွှေဇံအောင်ကို ၁၂၃၂ ခုနှစ်၊ ပြာသိုလကွယ်နေ့ (၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့) တွင် စစ်တွေမြို့၌ ဖွားမြင်သည်။ ခရိုင် ရာဇဝတ် ဦးရွှေသာ နှင့် ဒေါ်အဖြူဇံတို့၏ သားသမီး ၄ ယောက် အနက် သားအကြီးဆုံး ဖြစ်သည်။

ဦးရွှေဇံအောင်သည် ၁၈၈၁ ခုနှစ်မှ စ၍ စစ်တွေမြို့ အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ရာ ၁၈၈၅ ခုတွင် အလယ်တန်း စကော်လားရှစ်ဆု ရသည်။ ထို့နောက် ရန်ကုန်မြို့ ပြောင်းရွှေ့ပညာသင်ရာ ၁၈၈၇ ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်။ ၁၈၉၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ ရသည်။

ဆရာကြီးသည် ၁၈၉၂ ခုနှစ်တွင် ပညာရေး ဌာန၌ ပညာအုပ် အဖြစ် စတင် အမှုထမ်းသည်။ ၁၈၉၄ ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာ သုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ထို့နောက် မြေစာရင်း ဌာနတွင် ဆက်လက် အမှုထမ်းရာ ၁၉ဝ၂ ခုတွင် မြို့အုပ်တန်း၊ ၁၉ဝရ ခုတွင် ဝန်ထောက်တန်း အဆင့်သို့ ရောက်သည်။ ၁၉ဝ၉ ခုနှစ်တွင် ရန်ကုန် ကောလိပ်တော်ရုံး၌ အခွန်ဝန် အဖြစ် ထမ်းရွက်စဉ် ကျူးကျော် နေထိုင်သူများကို မြေခွန်တော် စည်းကြပ်ရေး အတွက် အထူး တာဝန် ယူရသည်။ ၁၉၁၂ ခုနှစ်တွင် တွံတေး တူးမြောင်း ဖောက်လုပ်ရန် အတွက် မြေသိမ်း အရာရှိ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။

၁၉၁၃ ခုနှစ်တွင် သံလျင်မြို့၌ မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အထူးစုံစမ်းရေး အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်း ခံရသည်။ ၁၉၁၄ ခုတွင် မြေဘက်ဌာန၌ ထူးချွန်စွာ ဆောင်ရွက်မှု အတွက် ဗြိတိသျှအစိုးရက ဦးရွှေဇံအောင်ကို အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့်သည်။ ၁၉၁၈ ခုနှစ်တွင် ကျောက်တန်းမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဟံသာဝတီ ခရိုင်ဝန် အဖြစ် နှစ်ကြိမ် ထမ်းရွက်ပြီးနောက် ၁၉၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာတော် မင်းကြီး၏ အတွင်းဝန် အဖြစ် ယာယီ ထမ်းရွက်ရသည်။ ထို့နောက် သထုံ ခရိုင်ဝန် အဖြစ် ပြောင်းရွှေ့ ထမ်းဆောင်သည်။ ၁၉၂၃ ခုနှစ်တွင် ကေ-အက်စ်-အမ် (ကျက်သရေဆောင် ရွှေစလွယ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့် ခံရသည်။ အိန္ဒိယနိုင်ငံ မြူနီစီပယ် အခွန်တော်များ ကောက်ခံရေး ဆိုင်ရာ စုံစမ်းမှု ကော်မတီဝင် အဖြစ်လည်း ဆောင်ရွက်ရသည်။ ထို့နောက် မြန်မာ အမျိုးသားထဲမှ ပထမဆုံး ယစ်မျိုး မင်းကြီး အဖြစ် ခန့်ထားခြင်း ခံရသည်။ ဤသို့ တာဝန် အမျိုးမျိုးကို ထမ်းဆောင်ပြီးနောက် ၁၉၂၆ ခုနှစ်တွင် ကျန်းမာရေး အရ အငြိမ်းစားယူသည်။

ဦးရွှေဇံအောင်သည် အလုပ်တာဝန် ထမ်းဆောင်ရင်း စာပေ ကျမ်းဂန်များကို လေ့လာ ဆည်းပူးသည်။ ၁၈၉၅ ခုနှစ်မှ စ၍ ဆရာတော် ဦးဂန္ဓမာ ထံ၌ အဘိဓမ္မာ တရားတော်ကို လေ့လာ သင်ယူသည်။ လယ်တီ ဆရာတော် ထံတွင်လည်း မပြတ် ဆည်းကပ်ကာ ဆည်းပူးသည်။ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ လက်တင်၊ စာပေ ကျမ်းဂန်များကို လေ့လာ တတ်ကျွမ်းသည်။ ဗုဒ္ဓသာသနာတော် ထွန်းကားရေး အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော “ဗုဒ္ဓဝါဒ” မဂ္ဂဇင်းတွင် အဘိဓမ္မာ တရားတော် အကြောင်း ပါဝင် ရေးသားခဲ့သည်။

ထိုမဂ္ဂဇင်းကို ကြီးမှူး ထုတ်ဝေသော ရှင်အာနန္ဒာ မေတ္တေယျကို အကြောင်းပြု၍ လန်ဒန် ပါဠိ အသင်းကြီး ဥက္ကဋ္ဌ မစ္စစ်ရစ်ဒေးဗစ်နှင့် ရင်းနှီးသွားပြီး ညှိနှိုင်း တိုင်ပင်ကာ ‘အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်ကျမ်း)’ ကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။ မစ္စစ် ရစ်ဒေးဗစ်နှင့် လယ်တီ ဆရာတော်တို့၏ ဗုဒ္ဓ အဘိဓမ္မာနှင့် စပ်လျဉ်းသော အမေး၊ အဖြေများကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးသည်။

ဆရာကြီးသည် ဗုဒ္ဓဒသာန ရှင်းလင်းချက်ကို ဥရောပ ပညာရှင်များက နားလည်အောင် ရှင်းပြ ရေးသားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်ငးတင်ခဲ့သည်။ ဦးရွှေဇံအောင်၏ ကထာဝတ္တုကို အင်္ဂလိပ်ဘာသာဖြင့် Point of Contronersy အမည်ဖြင့် လန်ဒါ ပါဋိစာပေအသင်းကြီးက ၁၉၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့သည်။ ထိုအခါ ဦးရွှေဇံအောင်ကို ကမ္ဘာသိ ဗုဒ္ဓအဘိ ဓမ္မာဆရာကြီးအဖြစ် ထင်ရှားလာသည်။

ဦးရွှေဇံအောင်သည် ပါမောက္ခ ဂျီဗန်း၏ လောဂျစ်ကျမ်းကို မှီငြမ်းပြု၍ ‘တက္ကိယ နယဒီပနီ’ အမည်ရှိ ယုတ္တိဗေဒ ကျမ်းကို ရေးသား ပြုစုသည်။ ဂျီဗန်း၏ ကျမ်းကို သဘောနှင့် အစီအစဉ် လောက်သာ မှီး၍ ဝေါဟာရ သုံးနှုန်းပုံ၊ ဥဒါဟရုဏ် ဆောင်ပုံတို့မှာမူ မြန်မာဆန်သည်။ ထို့ပြင် အထက်တန်းကျသော ဆေးပညာ အတွေးအခေါ်များ ပါဝင်သော ဇရာလက္ခဏာဒိ ဒီပနီကျမ်း၊ ‘ဂန်းနော့’ ၏ ရူပဗေဒကျမ်းကို မြန်မာပြန်သော ရူပဒီပနီကျမ်း၊ သိုးဆောင်း ဘာသာ ‘အနတ္တမီ’ ကျမ်း၊ ‘ဖီဇီ အော်လိုဂျီ’’ ကျမ်းများကို မဟာ သတိပဋ္ဌာနသုတ် ပါဠိတော် အဋ္ဌကထာတို့မှ ဒွတ္တိ သကာယ အကြောင်းများနှင့် ညှိနှိုင်း ရေးသားသော ‘ကာယင်္ဂကိစ္စ သင်္ဂဟဒီပနီကျမ်း’၊ အနောက်တိုင်း မှော်ပညာ ကျမ်းတကျမ်းကို မြန်မာပြန်သော ‘ဝိဇ္ဇာမယိဒ္ဓိ ဒီပနီကျမ်း’ တို့ကို ပြုစုခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့်လည်း ‘ယမက ခေါ် ယမိုက်ကျမ်း’၊ ‘ကထာဝတ္ထု ကျမ်း’၊ ‘အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်)’ တို့ကို ရေးသားခဲ့သည်။ ‘လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတု’ ကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင်လည်း ဆောင်းပါးများစွာ ရေးသားခဲ့သည်။ နောက်ဆုံး ပြုစုသော ‘လူမျိုး တစ်ရာ့တစ်ပါး’ ကျမ်းမှာ ပြီးမြောက်သော်လည်း ပုံနှိပ် ထုတ်ဝေခြင်း မပြုဖြစ်ကြောင်း သိရသည်။ ထိုမျှမက မြန်မာအဆွေ ကုမ္ပဏီက ရိုက်ကူးသော မြတဘက် ဇာတ်ကားကိုလည်း ဦးရွှေဇံအောင်က ဇာတ်ညွှန်း ရေးသားခဲ့ကြောင်း သိရသည်။

မြန်မာ – အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် ကျွမ်းကျင် နှံ့စပ်သော ပညာရှင် ဖြစ်သည့် အလျောက် ဆရာကြီး ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်က ဒီလစ် (စာပေ ပါရဂူ) ဘွဲ့ ချီးမြှင့်သည်။ သို့သော် ဘွဲ့နှင်းသဘင် ကျင်းပရန် ၁ဝ ရက်ခန့် အလို ၁၂၉၄ ခု၊ ကဆုန်လဆန်း ၇ ရက် (၁၉၃၂ ခု၊ မေလ ၁၁ ရက်) တွင် ဆရာကြီး ဦးရွှေဇံအောင် ကွယ်လွန် အနိစ္စရောက်သည်။

စာဆိုတော်များ အထ္ထုပ္ပတ္တိ
ရခိုင်မဂ္ဂဇင်း၊ အမှတ်(၂၆)
Myanmar Wikipedia

Tags: myanmar people
Next Post
ကမ္ဘာတလွှား အပူဆုံးနေရာ ၁၀ ခု

ကမ္ဘာတလွှား အပူဆုံးနေရာ ၁၀ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!