ရေးသားသူ – ကိုဗလ ( Democracy Today )
”ဖြစ်ပုံကဒီလိုဗျာ့။ ကျွန်တော်တို့ဖဆပလအဖွဲ့ကြီး မြေပေါ်ရောက်စအချိန်၊ အင်္ဂလိပ်အစိုးရ ပြန်အုပ်ချုပ်ချိန် ပေါ့ဗျာ။ ဖဆပလနဲ့ ကက်ဘိနက်အစိုးရနောင်ဂျိန်ချနေ တုန်းဆိုပါတော့။ အဲဒီအချိန်မှာ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်လူဝီမောင့်ဘက်တန် မြန်မာပြည်ကို လာတယ်ဗျာ။ ဒီတော့ရန်ကုန်မှာရှိတဲ့ မဟာမိတ်တပ်သားတွေစုပြီးဖွဲ့စည်း ထားတဲ့ ‘အိစ်အင်ဝက်စ်ကလပ်’က ကန်တော်မိတ် သဘင် (ယခုအိုရီယင့်ကလပ်) မှာဂုဏ်ပြုညစာစားပွဲတစ်ခုတည် ခင်းတယ်ခင်ဗျာ့။
”အဲဒီညစာစားပွဲမှာ ကျွန်တော်တို့ ဖဆပလခေါင်း ဆောင်ပိုင်း လေးငါးဆယ်ယောက်ကို ဖိတ်တယ်ခင်ဗျ။ မလွှဲသာလို့ ဖိတ်ရသလားမသိ ပါဘူးဗျာ။ ပေးထားတဲ့ နေရာတွေက ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် မှချောင် ထဲ နောက်ဆုံးတန်းမှာ နေရာပေးထားတယ်။ တိုတိုပြော ရမယ်ဆိုရင်တော့ဗျာ၊ အဲဒီထမင်းစားပွဲအပြီးမှာအင်္ဂလိပ် ထုံးစံအတိုင်း ဂုဏ်ပြုစကားထပြောကြတာပေါ့ဗျာ။
”အဲဒီအခါတုန်းကရေပန်းစားနေတဲ့ဆာပေါ်ထွန်း တို့၊ ဘယ်သူဘယ်ဝါတို့ပေါ့ဗျာ။ ကျုပ်တို့ဗိုလ်ချုပ်ကိုတော့ စကားပြောရမယ့် ပုဂ္ဂိုလ်ကြီးတွေ စာရင်းမှာထည့်မထား ဘူးဗျာ။ အဲဒီလိုစကား ပြောဆိုကြပြီးနောက်ဆုံး အစီအစဉ်အနေနဲ့မောင့်ဘက်တန် က ပြန် လည်မြွက်ကြား တဲ့ မိန့်ခွန်းတော်ခြွေတဲ့ အလှည့် ရောက်လာရောခင်ဗျာ့။မောင့်ဘက်တန်ပြောတဲ့စကားထဲမှာ ” နိုင်ငံရေးလောက ဆိုတာဟာ လူယုတ်မာတို့၏ ခိုကိုးရာဒေသဖြစ်တယ်”ဆိုတဲ့ စကားတစ်လုံးပါလာတယ်။ သူလည်းပြောချင်ရာပြောပြီး ထိုင်လိုက်ရော ပရိသတ်ကြီးက လက်ခုပ်တဖြောင်းဖြောင်း နဲ့ဩဘာပေး ကြတာပေါ့ဗျာ။
အဲဒီလက်ခုပ်သံလည်းဆုံးရော….လားလား၊ ကျုပ်တို့ဗိုလ်ချုပ်က ချောင်ထဲကဗြုန်းဆိုမတ်တတ်ရပ်လိုက် တယ်။ မောင့်ဘက်တန်ထိုင်နေ တဲ့စားပွဲဆီလျှောက်လာ ခဲ့ပြီး အစီအစဉ်ထဲ မှာမပါဘဲနဲ့ မိန့်ခွန်းပြောပါလေရောဗျာ။ ပရိသတ်တွေကရော၊ စီစဉ်တဲ့လူတွေရော အားလုံး မျက်စိမျက်နှာပျက်ကုန်ကြတယ်။ လာတဲ့ပရိသတ်တွေ ကလည်း အလိုတော်ရိ ပရိသတ်တွေကိုးခင်ဗျာ့။ အဲဒီထဲမှာ ဗိုလ်ချုပ်က ညစ်ထပ်ထပ် ကာကီဝတ်စုံဘောင်းဘီ အိတ်ကိုလက်နှိုက်ပြီး အင်္ဂလိပ်လိုမိန့်ခွန်းပြောပါလေရော။
သူပြောပုံက-
ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးများခင်ဗျား-
ဒီအစီအစဉ်မှာမပါတဲ့လူတစ်ယောက်က အခု လိုထပြီးပြောလိုက်တော့ ခင်ဗျားတို့ထုံးစံအရတော်တော် ရိုင်းတယ်လို့ထင်ကြမှာပဲ။ ရိုင်းတယ်ထင်လို့မက လဲ..သေသေ၊ ကျုပ်ကတော့ ပြောစရာရှိတာကိုပြောရမှာပဲ။ကျုပ်ပြောမှာကလည်း တခြားတော့မဟုတ်ပါဘူး။ ခင် ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ဧည့်သည်တော်ကြီးရဲ့ သနားစရာ ကောင်းတဲ့ အဘိဓမ္မာကို ဝေဖန်ပြမယ့်အချက်ဖြစ်ပါတယ်။ (အဲဒီအချိန်မှာ ခန်းမကြီးတစ်ခုလုံး အပ်ကျသံတောင် ကြားရမတတ် ငြိမ်သွားပါတော့တယ်။)
နောက်မှဗိုလ်ချုပ် ကဆက်ပြီး တော့-
”နိုင်ငံရေးလောက ဆိုတာ လူယုတ်မာတွေ ခိုကိုး ရာဒေသဖြစ်တယ်..လို့ ဘုရင်ခံချုပ်ကြီးကပြောသွားပါတယ်။ ဒါဟာအနောက် နိုင်ငံမှာတော့မှန်ကောင်းမှန်မယ်။ ကျုပ်တို့အရှေ့နိုင်ငံ အယူအဆကတော့ဘုရင်ခံချုပ် ကြီးခံယူချက်နဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကျုပ်တို့ဆီမှာ ပရဟိတလုပ်ငန်း၊ လောကတ္ထစရိယ ကျင့်တဲ့ လုပ်ငန်း၊ ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်များ၊ ဘုရားအလောင်းပုဂ္ဂိုလ်များသာ လုပ်နိုင်တဲ့လုပ်ငန်း လို့ယူဆထား တယ်..။”(အဲဒီအချိန် မှာ ပါဠိ တွေဘာတွေရွတ်သေးတယ်)
”ဒီလိုမွန်မြတ်တဲ့အထဲမှာ တစ်ခါတစ်ရံလူယုတ်မာတွေ ပါကောင်းပါလာမယ်။ အဲဒါကြောင့်နိုင်ငံရေး အလုပ်ဟာမကောင်းဘူး လို့ဆိုရတော့မှာလား။ ဥပမာတစ်ခုပြော ပါရစေ။ ဒီအဆောက်အအုံကြီးဟာ..(အိုရီရင့် ကလပ်ကို ဆိုလိုသည်။) ” လူအများစုဝေး ဖို့ဆောက်ထားတယ်။အစောင့်အကြပ်ကင်းမဲ့ အချိန်မှာ တစ်ခါတစ်ခါ ခွေး တွေတက် အိပ်နေကြ တယ်။ အဲဒီလိုခွေးတွေတက် အိပ်နေ ကြတာကိုကြည့်ပြီး ဒီအဆောက်အအုံကြီးဟာ ခွေး အိပ်ဖို့ဆောက်ထားတာပါလို့ဆိုရင် မှန်ပါ့မလား၊ မမှန်ပါဘူး။ ဒါကြောင့် နိုင်ငံရေး ဟာလည်း ဒီလိုပဲ။ အင်မတန် မွန်မြတ်ပါတယ်။
ဒီအဆောက်အအုံကြီးပေါ်မှာ ခွေးတက်အိပ်သလို၊ လူယုတ်မာတွေလည်းအလစ်မှာ နိုင်ငံရေးလောကထဲကို ဝင်လာတတ်ပါတယ်။ အဲဒီလိုဝင်လာတဲ့အခါမှာ ကျွန် တော်တို့ နိုင်ငံရေး သမားစစ်စစ်တွေက ဒီလူယုတ်မာတွေ ကိုမျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင် သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာ ပါလိမ့်မယ်။ ဒါပဲ….ကျုပ်ပြောချင်တာ ။” ဟုဆိုပြီး သူ့နေရာကိုသူခပ်တည်တည်ပြန်လာခဲ့တယ် ခင်ဗျာ ။
ဗိုလ်ချုပ်လည်းပြောပြီးရော မောင့် ဘက်တန်ကိုယ် တိုင်က နေရာကရပ်ပြီး လက်ခုပ်တီးဩဘာပေးတယ်။ ဒီတော့မှ ပရိသတ်လည်း လက်ခုပ်တီးကြပါတယ်။ ပြီးတော့ မှ မောင့်ဘက်တန်က ” ဒီနေ့ည စကားပြောတဲ့အထဲမှာ အစီအစဉ်ထဲမပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း ဟာ အဖိုးတန်ဆုံးပါပဲ။ ကျွန်တော်ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာ မောစရာအနေနဲ့ ခပ်ပေါ့ပေါ့ နိုင်ငံရေးလောကကို
ပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန် ဝမ်းနည်းမိပါတယ်။ ကျွန်တော်ပြောမိတဲ့အချက် အလက်တွေကို ရုပ်သိမ်းပါတယ် ခင်ဗျာ”
ဆိုပြီးတောင်းပန် ယူရတဲ့ အဖြစ်အပျက်လေးကို ဖောက်သည်ချလိုက်ရ ပါသဗျို့”ဟူ၍ဖော်ပြထားသည်။ (ဒီနေရာမှာ ငါနဲ့မတူငါ့ရန်သူလို့ မသတ်မှတ်တဲ့ မောင့်ဘက်တန်ရဲ့ လူကြီးလူကောင်းဆန်ပုံကိုတွေ့ရမှာပါ)
လော့ဒ်လူဝီမောင့်ဘက်တန် ဆိုတာက နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ်ပါ။ အိန္ဒိယဘုရင်ခံချုပ်၊ အရှေ့တောင် အာရှမဟာမိတ်တပ်ပေါင်း စုစစ်သေနာပတိချုပ်ရေတပ် ဗိုလ်ချုပ်ကြီး၊ မြန်မာ့ မြေပေါ်တွင်သာမက အရှေ့တောင် အာရှတစ်ခွင်မှ ဂျပန်များကိုတိုက်ထုတ်ရာတွင်ဦးဆောင်ခဲ့သူ၊ စစ်အပြီးမြန်မာ့တပ်မတော်ကို ဆက်လက်ထား ရှိဖွဲ့စည်းရေးကို ခွင့်ပြုခဲ့သူ၊ ဝိတိုရိယ ဘုရင်မကြီး၏မြေး၊ ဗြိတိန်ဘုရင်မကြီး၏ဦးရီးတော်.. စသည်ဖြင့်ဂုဏ် ရှိန်ကြီးမားသူဖြစ်သည်။
ဤပုဂ္ဂိုလ်မျိုးကိုပင်မမှု။ ဒူးမထောက်၊ လက်မမြှောက် သတ္တိမျိုးရှိသူ ဗိုလ်ချုပ်ပင်ဖြစ်သည်။ ထိုပွဲတွင် ဗိုလ်ချုပ် ကို အရှုံးပေးလိုက်ရသူ က မောင့်ဘက်တန်ပင် ဖြစ်ပါ ကြောင်း ပြန်လည်တင်ပြလိုက်ရပါသည်။ ။
Discussion about this post