ဗာဆိုင်းစာချုပ် (The Treaty of Versailles) သည် ပထမကမ္ဘာစစ်ကို ပြီးဆုံးစေခဲ့သော စာချုပ်များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုစာချုပ်မှ ဂျာမနီနိုင်ငံ နှင့် မဟာမိတ်နိုင်ငံများ ကြားရှိ စစ်မက်ဖြစ်ပွားမှုများကို အပြီးသတ်စေခဲ့သည်။ ဗာဆိုင်းစာချုပ်ကို ဖရန်စစ် ဖာဒီနန် မင်းသား လုပ်ကြံခံရသည်မှ ၅ နှစ် တိတိ ကြာမြင့်သော အချိန် ၁၉၁၉ ခုနှစ် ဇွန်လ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်၌ လက်မှတ်ရေးထိုးခဲ့သည်။
စစ်ရပ်စဲရေး စည်းကမ်းချက်များ အရ ဂျာမနီတပ်များသည် ဘဲလ်ဂျီယမ်၊ ပြင်သစ်၊ လူဇင်ဘတ်တ် အစရှိသည့် ဒေသများမှ ရိုင်းမြစ်တိုင်အောင် ဆုတ်ခွာပေးရ၏။ လက်နက်ခဲယမ်း မီးကျောက်၊ လေယာဉ်ပျံ၊ စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောအားလုံးကို မဟာမိတ်တို့အား ပေးအပ်လေသည်။ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံ၊ တူရကီနိုင်ငံနှင့် အရှေ့ အာဖရိကရှိ ဂျာမန်တို့သိမ်းပိုက်ထားသော ဒေသများမှ ဂျာမန်တပ်များကို ပြန်ခေါ်ရ၏။
မဟာမိတ်စစ်သုံ့ပန်းများအားလုံးကိုလည်း ချက်ချင်းလွှတ်ပေးရ၏။ ထို့အပြင် ဂျာမန်တို့ ကျူးကျော်တိုက်ခိုက်ခဲ့သော နယ်များမှ ပျက်စီးဆုံးရှုံးခဲ့သမျှကို ဂျာမန်တို့က လျှော်ပေးရ၍ ဗဲလဂျီယမ် ဘဏ်တိုက်မှ ငွေများ၊ ရုရှားနှင့် ရိုမေးနီယားနိုင်ငံတို့ မှ ရွှေများကို ပြန်ပေးရန် သဘောတူရလေသည်။ ယင်းသို့ ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက်တွင် မဟာမိတ်တို့သည် ဂျာမနီနိုင်ငံအတွင်း အချက်အခြာကျသော ဒေသများတွင် တပ်များချကာ ဂျာမနီ လှုပ်ရှားထကြွခြင်း မပြုနိုင်အောင် စောင့်ကြပ်နေခဲ့ကြလေသည်။
ထိုအတောအတွင်း မဟာမိတ်ခေါင်းဆောင်ကြီးများသည် ဗာဆေးမြို့တော်တွင် လပေါင်းများစွာ ညှိနှိုင်းဆွေးနွေး၍ ဗာဆိုင်းစစ်ပြေငြိမ်းရေး စာချုပ်ကို ရေးဆွဲခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ဂျာမနီနိုင်ငံသည် ဝင်ရောက်ဆွေးနွေးခွင့်မရပေ။ အချက်ပေါင်း ၄၀၀ မျှ ပါဝင်သည့် ထိုစာချုပ်ကို ရေးဆွဲပြီးသောအခါ၊ ၁၉၁၉ ခု ဇန်နဝါရီလတွင် ဂျာမနီနိုင်ငံအား လက်မှတ်ထိုးစေခဲ့သည်။ သို့သော် စာချုပ်ပါအချက်အလက်များကို စဉ်းစားချင့်ချိန်ရန်နှင့် မကျေနပ်သော အချက်များကို ကန့်ကွက်ရန် အချိန် လုံလောက်အောင် မပေးခဲ့ချေ။
ဂျာမနီနိုင်ငံမှာ မတတ်သာသဖြင့် ယင်းအားနလံမထူနိုင်အောင် ဖိနိပ်ချုပ်ချယ်ထားသော စာချုပ်ကို လက်မှတ်ထိုးခဲ့ရလေသည်။ ပထမကမ္ဘာစစ်ဖြစ်ခြင်းသည် ဂျာမန်တို့ကြောင့်ဖြစ်ကြောင်း လက်ခံရမည့် အချက်ပါ ထိုစာချုပ်အရ ဂျာမနီနိုင်ငံမှ အာဖရိကတိုက်ရှိ နယ်မြေသစ်များ အားလုံး ဆုံးရှုံးခဲ့ရသည်။ ဥရောပတိုက်တွင် စစ်အတွင်း သိမ်းပိုင်ထားခဲ့သည့် နယ်များကို ပြန်ပေးရရုံမက၊ စစ်မဖြစ်မီက ဂျာမန်ပိုင်နယ်များဖြစ်သော အယ်လဆက်လိုရန်းနယ်များကိုလည်း ပြန်၍ ပေးအပ်ခဲ့ရလေသည်။ အဖိုးတန် ကျောက်မီးသွေးတွင်းများတည်ရှိရာ ဆားနယ်ကို ပြင်သစ်နိုင်ငံကို ၁၅ နှစ်မျှ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နှင့် အုပ်ချုပ်ရန်ပေးအပ်လိုက်ရသည်။
ဘဲလ်ဂျီယမ်နိုင်ငံသည် ဂျာမန်နယ်ခြားခရိုင်များဖြစ်သော မာလမေဒီ၊ အပ်ပင်နှင့် မောရက်ဇနဲ ခရိုင်တို့ကို ရရှိလေသည်။ ပိုဆင်ပြည်နယ်မှ နယ်အတော်များများနှင့် အနောက်ပရပ်ရှားပြည်နယ်ကို တည်ထောင်စ ပိုလန် သမ္မတနိုင်ငံသို့ ပေးအပ်ခဲ့ရ၏။ မဟာမိတ်တို့သည် ဂျာမနီနိုင်ငံ၏ အခြေကို စောင့်ကြည့်ရန်အတွက် ရိုင်းမြစ် အနောက်ဘက်ရှိ ဂျာမနီပိုင်နက်ကို ၁၅ နှစ်မျှ သိမ်းပိုက်ထားရန်လည်း ပါရှိလေသည်။ မေမယ်မြစ်ဝအနီးရှိ နယ်မြေကို ပထမတွင် မဟာမိတ်တို့ အားပေးအပ်ပြီးနောက်၊ တဖန် လစ်သွေးနီးယားနိုင်ငံသို့ ပေးအပ်ခဲ့ရ၏။
ဂျာမနီပိုင်နယ်သစ်များအားလုံး မဟာမိတ်တို့ လက်အောက်သို့ လည်းကောင်း၊ ဩဇာခံနည်များအဖြစ်သို့ လည်းကောင်း ရောက်ရှိကုန်လေသည်။ ထို့ပြင် စစ်တပ်နှင့် လက်နက်အင်အားများ လျှော့ပစ်ရလေရာ၊ ဂျာမန်စစ်တပ်မှာ ရဲတပ်ဖွဲ့မျှလောက်သာ အင်အားရှိတော့၏။ဂျာမန်ရေတပ်တွင် စစ်သင်္ဘောကြီး ၆ စင်း၊ ကရူဇာစစ်သင်္ဘောအသေးစား ၆ စင်း၊ ဖျက်သင်္ဘောနှင့် တော်ပီဒိုသင်္ဘောအချို့သာ ထားပိုင်ခွင့်ရတော့ရာ၊ ကျန်သင်္ဘောများနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ပြုလုပ်ရမည် ကို မဟာမိတ်တို့ အခက်တွေ့နေစဉ် ဂျာမန်ရေတပ်အရာရှိချို့က ဖောက်ခွဲဖျက်ဆီး ပစ်ခဲ့လေသည်။
ဂျာမနီသည် ရေငုပ်သင်္ဘောများကိုလည်း ဆောက်လုပ်ခွင့်မရှိတော့သည့်အပြင် လေတပ်ကိုလည်း ဖွဲ့စည်းခွင့် မရှိတော့ချေ။ မဟာမိတ်တို့ဆုံးရှုံးခဲ့သော ကုန်သင်္ဘောများကို အစားထိုင်းရန် ဂျာမန် ကုန်သင်္ဘောများကိုလည်း ပေးအပ်ရလေသည်။ ဂျာမနီနိုင်ငံသည် စစ်ကြီးနှင့် စပ်လျဉ်း၍ တာဝန်ရှိကြောင်း ဝန်ခံခဲ့ရသဖြင့် မဟာမိတ်တို့အား စစ်လျော်ကြေး များ ပေးရန်လည်း ဗာဆိုင်းစာချုပ်တွင် ပါရှိလေသည်။ သို့သော် မည်မျှ ပေးရမည်ကို ဖော်ပြထားခြင်း မရှိသဖြင့် တောင်းသမျှပေးရလို ဖြစ်နေလေသည်။
သို့သော် ယင်းကိစ္စအတွက် ကော်မတီတရပ် ဖွဲ့စည်းဆွေးနွေး စဉ်းစားခဲ့ရာ ၁၉၂၁ ခုနှစ် ဂျာမနီက ၁၃၂ဘီလျံ Mark (ထိုအချိန်ကငွေကြေးစနစ်) (၂၀၁၉ခုနှစ် ငွေကြေးတန်ဖိုးနှင့်တွက်လျှင် အမေရိကန်ဒေါ်လာ ၄၄၂ဘီလျံ)ခန့်ပေးရမည်ဟု ဆုံးဖြတ်ပြီးစီးလေသည်။ ဗာဆေးစာချုပ်ကို ဂျာမနီကိုယ်စလှယ်များသည် ၁၉၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း မြောက်များလှသော အငြင်းပွားမှုကြောင့် ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ သာလျှင် အတည်ဖြစ်လာလေသည်။
ဩစတြီးယားဟန်ဂေရီနိုင်ငံနှင့် ၁၉၁၉ ခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ရာ ထိုစာချုပ်အရ ဩစတြီးယားနိုင်ငံမှာ လူဦးရေ ၆ သန်းကျော် ၇ သန်းခန့်သာ ရှိသော နိုင်ငံငယ်ကလေးတစ်ခု အဖြစ်သို့ရောက်ရှိခဲ့လေသည်။ ဗိုဟီးမီးယား၊ ဟန်ဂေရီနှင့် တောင်ပိုင်း ဆလဗ်တို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရ၏။ အီတလီနိုင်ငံသို့ နယ်မြေအတော်များများ ပေးခဲ့ရ၏။
ထို့အပြင် စစ်လျော်ကြေးများလည်း ပေးရသေးသည်။ ဗူလဂေးရီးယားနိုင်ငံသည် နယ်မြေအများပြား မဆုံးရှုံးခဲ့ပေ။ သို့သော် တူရကီနိုင်ငံတော်တွင် ပါဝင်သော အာရေဗျ၊ အာမီးနီးယား၊ ပါလက်စတိုင်း၊ မက်ဆိုပိုတေးမီးယား၊ ဆီးရီးယား (တပိုင်းသာ) စသည့်တိုင်းပြည်များမှာ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ချုပ်ဆိုသော ဆဲဗရာ စာချုပ်အရ မဟာမိတ် ဩဇာခံနယ်မြေများ ဖြစ်သွားလေသည်။
ဂျာမနီနိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်သော အခြားအင်အားကြီးနိုင်ငံများကို အခြားစာချုပ်များဖြင့် ဖြေရှင်းခဲ့သည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်မှ စစ်ပွဲကို ရပ်တန့်ခဲ့သော်လည်း ပြင်သစ် ငြိမ်းချမ်းရေး ကွန်ဖရန့်တွင် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုရန် အတွက် ညှိနှိုင်းရသည်မှာ ၆ လမျှ ကြာမြင့် ခဲ့သည်။ ဗာဆိုင်းစာချုပ်ကို နိုင်ငံပေါင်းချုပ် အသင်းကြီး၏ အတွင်းရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စာချုပ် စာရင်းတွင် ထည့်သွင်းခဲ့သည်။
ဗာဆိုင်းစာချုပ် ဖိနှိပ်မှုသည် ဂျာမန်တို့အား ဒုတိယကမ္ဘာစစ်ကို ထပ်မံဖန်တီးစေရန် အစပျိုးပေးလိုက်သည့် အချက်ဆိုလျှင်လည်း မှားမည်မဟုတ်ချေ။ နောက်ဆယ်စုနှစ် တစ်ခုကျော်ကျော်တွင် ဟစ်တလာသည် ဗာဆိုင်းစာချုပ်ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ကာ ဒုတိယကမ္ဘာစစ်ကို ဖြစ်ပေါ်လာစေခဲ့သည်။
ပထမကမ္ဘာစစ် ၊ မြန်မာ့စွယ်စုံကျမ်း
ဗာဆိုင်းစာချုပ် ၊ Myanmar Wikipedia
Discussion about this post