ကမ္ဘာပေါ်က ခရီးသွားလာမှုကဏ္ဍမှာ လူသိအများဆုံး အကျော်ကြားဆုံးနေရာတွေထဲမှာ ထိပ်ဆုံးပိုင်းမှာ အမြဲလိုလို ပါလေ့ရှိတာကတော့ ဗင်းနစ်မြို့ပဲ ဖြစ်ပါတယ်။ ဗင်းနစ်မြို့ရဲ့ တည်နေရာကတော့ အီတလီ အရှေ့မြောက်ပိုင်းက ဗင်နတိုဒေသထဲမှာဖြစ်ပါတယ်။ ဗင်းနီးရှန်း ဆားငံအိုင်ကြီးရဲ့ ရေတိမ်ပိုင်းမှာ တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၁၆၀ စတုရန်းမိုင်ခန့်ရှိပါတယ်။
ပင်လယ်ရေမျက်နှာပြင်ထက် ၃ပေ အမြင့်မှာ တည်ရှိနေတာဖြစ်ပြီး ဒေသတခုလုံးမှာ နေထိုင်သူ ဦးရေ ၂၆၀,၈၉၇ ရှိကာ မြို့ပေါ်မှာနေထိုင်သူကတော့ ၅၅၀၀၀ ခန့်ရှိပါတယ်။ ဗင်းနစ်ဟာ သူ့ရဲ့တည်နေပုံအနေအထားနဲ့ ခမ်းနားလှပတဲ့ ဗိသုကာလက်ရာတွေကြောင့် ကမ္ဘာကျော်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒီတခါတော့ ဗင်းနစ်ရဲ့ စိတ်ဝင်စားစရာ အချက်အလက်တချို့ကို ဝေမျှသွားပါမယ်။
ဗင်းနစ် ဆိုတဲ့ အမည်ဟာ လွန်ခဲ့တဲ့နှစ်ထောင်ချီကာလက ဒီဒေသမှာ နေထိုင်သွားကြတဲ့ ဗင်နတီလူမျိုး Veneti တွေထံကနေ ဆင်းသက်လာခဲ့ခြင်းဖြစ်ပါတယ်။ အေဒီ ၉ ရာစု အစောပိုင်းကနေ အေဒီ ၁၈ရာစု အကုန်အထိ ဗင်းနစ်သမ္မတနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။
ဗင်းနစ်သမ္မတနိုင်ငံဟာ ဗင်းနစ်ဒေသကို အခြေခံပြီး အေဒီ ၇ ရာစုကနေ အေဒီ ၁၈ရာစုအကုန်အထိ တည်ရှိခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ နိုင်ငံတခုဖြစ်ခဲ့ပြီး ယနေ့ခေတ် အီတလီ ၊ ဆလိုဗေးနီးယား ၊ ခရိုအေးရှား ၊ မွန်တီနီဂရိုး ၊ အယ်လ်ဘေးနီးယား ၊ ဂရိ ၊ ဆိုက်ပရပ် စတဲ့ နိုင်ငံတွေရဲ့နယ်မြေအချို့ဟာ ဗင်းနစ်သမ္မတနိုင်ငံရဲ့ နယ်မြေထဲမှာ ပါဝင်ခဲ့ပါတယ်။
ဗင်းနစ်မြို့ကို ကျွန်းငယ်ပေါင်း ၁၁၈ ခု နဲ့ ဖွဲ့စည်းထားပြီး တံတားပေါင်း ၄၀၀ကျော် နဲ့ ဆက်သွယ်ထားပါတယ်။
အဆောက်အအုံတွေကို တည်ဆောက်ရာမှာ ရွံ့မြေဖြစ်ပြီး မြေပျော့လွန်းတာကြောင့် အောက်ခံမြေပေါ်မှာ တိုက်ရိုက်တည်ဆောက်လို့ မရခဲ့ပါ။ ပထမဦးစွာ သစ်သားတိုင်ပေါင်း များစွာကို မာကျောတဲ့ ရွှံစေးအလွှာထိ ရောက်အောင် ထိုးစိုက်လိုက်ပြီး အဲဒီနောက်မှအပေါ်ဘက်ကနေ ကျောက်တုံးလွှာကို ထပ်ခင်းပြီးမှ အဆောက်အအုံများကို တည်ဆောက်ထားခြင်းဖြစ်ပါတယ်။
ဗင်းနစ်မှာ တူးမြောင်းပေါင်း ၁၅၀ခန့်ရှိပြီး တူးမြောင်းတွေအတွင်းမှာတော့ gondola ပေါင်း ၃၅၀စင်းခန့်ရှိပါတယ်။ gondola ဆိုတာကတော့ အရှည် ၃၅ပေ အနံ ၄.၅ပေ ရှိတဲ့ ဗင်းနစ်ရဲ့ ဦးပိုင်း ၊ ပဲ့ပိုင်း နှစ်ခုလုံးကော့နေတဲ့ လှေလေးတွေကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
ရေမျက်နှာပြင်အထက် ၃ပေ အမြင့်ပဲရှိတာကြောင့် လာမယ့် နှစ်ပေါင်း ၁သန်း နဲ့ ၂သန်းကြားမှာ ရေအောက်ရောက်သွားမယ့် မြို့ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ကမ္ဘာ့အကျဉ်းဆုံးလမ်းတစ်ခုဖြစ်တဲ့ Calletta ဆိုတဲ့လမ်းဟာ ဗင်းနစ်မှာတည်ရှိနေပြီး အကျယ် ၅၃ စင်တီမီတာသာ ရှိပါတယ်။
ဗင်းနစ်ရဲ့အမှတ်အသားကတော့ အတောင်ပံပါတဲ့ ခြင်္သေ့ဖြစ်ပါတယ်။ ဗင်းနစ်ရဲ့ ခြင်္သေ့ပျံရုပ်တုဟာ ဘီစီ ၃ရာစုလက်ရာဖြစ်ပြီးPiazza San Marco ရင်ပြင်မှာ တည်ရှိနေပါတယ်။
ဗင်းနစ်မှာရှိတဲ့ တံတားပေါင်း ၄၁၇ စင်းမှာ ၇၂ခုကတော့ ကိုယ်ပိုင်တံတား(private) တွေဖြစ်ပါတယ်။ တံတားအများစုမှာ လှေကားတွေမရှိတဲ့အကြောင်းကတော့ အရင်က မြင်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် သုံးခဲ့ပြီး ဒီတံတားတွေပေါ်ကနေ ဖြတ်သန်းစေခဲ့ကြလို့ ဖြစ်ပါတယ်။
ဗင်းနစ်ရဲ့ အထင်ကရ တံတား ၄ခုကတော့ Grand တူးမြောင်းထဲမှာတည်ရှိနေပါတယ်။ ဒီတံတားတွေကတော့ Ponte della Costituzione ၊ Ponte dell’Accademia ၊ Ponte degli Scalzi နဲ့ Ponte di Rialto တံတားတွေပဲဖြစ်ပါတယ်။
Grand တူးမြောင်းဟာ ဗင်းနစ်ရဲ့အကြီးဆုံးတူးမြောင်းဖြစ်ပြီး ဗင်းနစ်မြို့ကိုနှစ်ပိုင်းပိုင်းခြားထားတဲ့ နေရာလည်းဖြစ်ပါတယ်။ Grand တူးမြောင်းတလျှောက် တဖက်တချက်မှာတော့ အဆောက်အအုံပေါင်း ၁၇၀ခန့် ရှိနေပါတယ်။
ဗင်းနစ်မှာ နန်းတော်ပေါင်း ၂၀၀ကျော်ရှိပါတယ်။ နန်းတော်တွေထဲမှာ အလှဆုံးနန်းတော်အဆောက်အအုံကတော့ Doge နန်းတော်ဖြစ်ပါတယ်။ ၁၄ ရာစု ဗန်နီးရှန်းဂေါ့သ် ဗိသုကာလက်ရာ အဆောက်အအုံဖြစ်ပြီး ဗင်းနစ်ရဲ့ အထင်ကရ အမှတ်အသားတခုလည်းဖြစ်ပါတယ်။
ဗင်းနစ်ရဲ့ အကျော်ကြားဆုံး နေရာကတော့ San Marco ခေါင်းလောင်းတာဝါရှိရာ ရင်ပြင်ဖြစ်ပါတယ်။ တာဝါအဆောက်အအုံကို အေဒီ ၁၁၀၀ ခုနှစ်လောက်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၉၀၀ခုနှစ်မှာ တဖန်ပြန်လည်ဆောက်လုပ်ခဲ့ပါတယ်။ ဗင်းနစ်ကို လာသူတိုင်း မဖြစ်မနေလာလေ့ရှိတဲ့ ရင်ပြင်လည်းဖြစ်ပါတယ်။
တောင်အမေရိက တိုက်မှာ ရှိတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ဗင်းနစ်မြို့ရဲ့အမည်ကနေ ဖြစ်လာတာပါ။ အီတလီ နယ်မြေသစ်ရှာဖွေရေးသမား , Amerigo Vespucci က Veneziola ဆိုတဲ့အမည်ကို စပေးခဲ့တာဖြစ်ပြီး အဓိပ္ပါယ်က Little Venice ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အစောဆုံး ကာစီနိုကိုတော့ ဗင်းနစ်မြို့မှာ ၁၆၃၈ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး Casino di Venezia လို့ အမည်ရပါတယ်။ မူလက Saint Moses လို့ နာမည်ကျော်ခဲ့တဲ့ ကဇာတ်ရုံ အဆောက်အအုံမှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
ဗင်းနစ်မှာနေထိုင်တဲ့ လူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် လျှော့နည်းလာနေပါတယ်။ အကြောင်းကတော့ အိမ်တွေရဲ့ထိန်းသိမ်းစရိတ်ဟာ အလွန်ဈေးကြီးမြင့်လို့ဖြစ်ပြီး ၂၀၃၀ခုနှစ်ခန့်မှာတော့ သီးသန့်လည်ပတ်တဲ့နေရာဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ထွက်ခွာသွားတဲ့ ဒေသခံတွေရဲ့ အိမ်တွေကိုတော့ စီးပွားရေးသမားတွေက ပြန်လည်ဝယ်ယူပြီး ဟိုတယ် (သို့) စားသောက်ဆိုင်တွေအဖြစ် ပြောင်းပစ်လိုက်လေ့ရှိပါတယ်။
ဗင်းနစ်ဟာ ဈေးကြီးတဲ့နေရာတခုဖြစ်ပေမယ့် ခရီးသွားရာသီတွေမှာ ဗင်းနစ်ကို ကမ္ဘာတဝှမ်းက နေ့စဉ်လာရောက်လည်ပတ်သူပေါင်း ၆၀၀၀၀ ခန့် ရှိနေပြီး တနှစ်ပတ်လုံးဆိုရင် လာရောက်လည်ပတ်သူဦးရေဟာ သန်း ၂၀ နဲ့ အထက်မှာ ရှိနေပါတယ်။
Discussion about this post