ဖဲချပ်တွေ ပေါ်ပေါက်ခဲ့တဲ့အစောဆုံးအချိန်က အေဒီ ၉ရာစုဝန်းကျင်မှာဖြစ်ပြီး တရုတ်နိုင်ငံ ထန်မင်းဆက်လက်ထက်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အေဒီ ၈၆၈မှာ ဘုရင့်သမီးတော်တစ်ပါးဖြစ်တဲ့ မင်းသမီး Tongchang က သူ့ခင်ပွန်းဘက်ကမိသားစုတွေနဲ့ ကစားခဲ့ဖူးတယ်လို့ မှတ်တမ်းရှိပါတယ်။ အဲဒီတုန်းက ဖဲကစားနည်းလို့မခေါ်ပဲ သစ်ရွက်ကစားနည်း(Leaf Game) လို့ခေါ်ခဲ့ပြီး ဖဲချပ်တွေကိုတော့ သစ်သားနဲ့ အဝိုင်းပုံသဏ္ဍာန်ဖန်တီးထားတာဖြစ်ပါတယ်။
အစပထမတော့ ဒီကစားနည်းကို အပျော်သက်သက်အနေနဲ့ ဆော့ကစားခဲ့ပေမယ့် ၁၃ရာစုနောက်ပိုင်းမှာတော့ ငွေကြေးတွေနဲ့ လောင်းကစားတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ဒီကစားနည်းဟာ အာရပ် ၊ ပါးရှား နဲ့ အီဂျစ်ပြည်တွေကို ရောက်ရှိခဲ့ပါတယ်။ ဥရောပတောင်ပိုင်းကိုတော့ ၁၃၆၅မှာ ဒီကစားနည်း ရောက်ရှိလာခဲ့ပါတယ်။ ဖဲချပ်အမျိုးအစားက ယနေ့လိုပဲ လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ခွက် ၊ အကြွေစေ့ ၊ ဓါး နဲ့ တင်းပုတ်ပုံတွေပါ။ ခွက်က သစ္စာရှိမှု ၊ အကြွေစေ့က ရက်ရောမှု ၊ ဓါးက တရားမျှတမှု နဲ့ တင်းပုတ်ကတော့ အင်အားကြီးမားခြင်းတွေကို ရည်ညွှန်းပါတယ်။
အီတလီကနေ ဂျာမန်တိုင်းပြည်တွေကိုရောက်လာတဲ့အခါမှာတော့ ပုံစံတစ်မျိုးထပ်ပြောင်းပါတယ်။ သစ်ရွက်ပုံ ၊ အသည်းပုံ ၊ ခေါင်းလောင်းပုံ နဲ့ ဝက်သစ်ချသီးပုံတွေပါ။ အဲဒီအချိန်က ဖဲချပ်တွေပေါ်မှာ ပုံတွေရေးဆွဲခြင်းဟာ အထူးခေတ်စားတဲ့ လက်မှုပညာ တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ယနေ့အသုံးပြုနေတဲ့ Spades ၊Hearts ၊ Diamonds ၊ Clubs ဆိုတဲ့ ၅၂ချပ် ဖဲချပ်ဒီဇိုင်းကတော့ ပြင်သစ်နိုင်ငံရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ပြင်သစ်တွေဟာ ဖဲချပ်ထုတ်လုပ်ရောင်းချခြင်း နဲ့ အလွန်စီးပွားဖြစ်ခဲ့ပါတယ်။
ဖဲချပ်တွေရဲ့စိတ်ဝင်စားဖွယ် အချက်တချို့ကတော့ အောက်ပါအတိုင်းပါ။
၁။ ဖဲချပ်တွေရဲ့အရောင်နှစ်ရောင်ဟာ နေ့ နဲ့ ည ကို ကိုယ်စားပြုပါတယ်။
၂။ ဖဲထုပ်တစ်ထုပ်မှာ ၅၂ချပ် ရှိတာကတော့ တစ်နှစ်မှာရှိတဲ့ ရက်သတ္တပတ်ပေါင်း ၅၂ပတ် ကို ကိုယ်စားပြုပါတယ်။
၃။ Spades ၊Hearts ၊ Diamonds ၊ Clubs ဆိုပြီးပုံစံလေးမျိုးကတော့ နွေဦး ၊ နွေ ၊ ဆောင်းဦး ၊ ဆောင်း ဆိုတဲ့ ဥတုလေးမျိုးကို ကိုယ်စားပြုပါတယ်။ ပုံစံတစ်ခုမှာ ၁၃ချပ်စီ ရှိတာကတော့ ဥတုတစ်ခုစီမှာ ရက်သတ္တပတ် ၁၃ပတ် ရှိတာကို ရည်ညွှန်းပါတယ်။
၄။ Spades ၊Hearts ၊ Diamonds ၊ Clubs ဆိုတဲ့ ပုံစံလေးမျိုးကတော့ Spades – လေ ၊ Hearts – ရေ ၊ Diamonds- မြေ နဲ့ Clubs – မီး တို့ကို ကိုယ်စားပြုပါတယ်။ နောက်တစ်မျိုးအနေနဲ့ Spades – တော်ဝင်မျိုးနွယ် ၊ Hearts – ခရစ်ယာန်ဘုန်းတော်ကြီး ၊ Diamonds – ကုန်သည် နဲ့ Clubs – လယ်သမား ၊ အလုပ်သမား လူတန်းစားတွေကို ကိုယ်စားပြုတယ်လို့ လည်း သိရပါတယ်။
၅။ King , Queen , Jack တွေမှာလည်း နာမည်အသီးသီးရှိပါတယ်။ ဘုရင်လေးပါးကတော့ ဒေးဗစ် ၊ ရှာလမိန်း ၊ ဆီဇာ နဲ့ အလက်ဇန္ဒား တို့ဖြစ်ပါတယ်။ ဘုရင်မလေးယောက်ကတော့ အေသီနာ ၊ ဂျုဒစ်သ် ၊ ရေချယ် နဲ့ အာဂျင်းသ် တို့ဖြစ်ပါတယ်။ Jack တွေကတော့ Hogier ၊ La Hire ၊ Hector နဲ့ Lancelot တို့ ဖြစ်ပါတယ်။
၆။ King တွေထဲမှာ Hearts King ဖဲချပ်ကို ကိုယ့်ကိုယ်ကိုသတ်သေတဲ့ ဘုရင်(Suicide King) လို့ခေါ်ကြပါတယ်။ ပုံမှာ ဘုရင်ဟာ သူ့ရဲ့ဦးခေါင်းကို ဓါးနဲ့ ပြန်ထိုးနေတဲ့ပုံစံဖြစ်နေလို့ပါ။ ဒါဟာ ဖဲချပ်တွေကို ကော်ပီရေးဆွဲခဲ့သူတွေရဲ့ အမှားဖြစ်ပါတယ်။ သူ့ရဲ့နောက်ထူးခြားချက်တစ်ခုကတော့ အခြားဘုရင်တွေလို နှုတ်ခမ်းမွှေး မပါတာပါ။
၇။ ဂျိုကာဖဲချပ်တွေကိုတော့ ၁၈၇၀ခန့်မှာ အမေရိကန်တွေက ထည့်သွင်းခဲ့တာပါ။
၈။ ၁၈ ရာစု နဲ့ ၁၉ ရာစုကာလတွေမှာ ဖဲချပ်တွေဟာ ကြော်ငြာမီဒီယာတွေအတွက် အဓိကကြော်ငြာစရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
၉။ ဒုတိယ ကမ္ဘာစစ်တုန်းကတော့ ဖဲချပ်တွေကို မြေပုံအဖြစ် အသုံးပြုခဲ့ပါတယ်။ ဖဲချပ်ကို တစ်ဝက်ခြမ်းလိုက်တဲ့အခါ မြေပုံကို ရရှိမှာဖြစ်ပြီး စစ်အတွင်း က အဖမ်းခံနေရတဲ့ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်တဲ့အခါ အိမ်ပြန်လမ်းကို လွယ်လွယ်ကူကူရှာစေနိုင်ပါတယ်။
၁၀။ ကမ္ဘာပေါ်မှာ ဖဲချပ်အများဆုံးရောင်းချတဲ့ ကုမ္ပဏီကတော့ အမေရိကန် ဖဲချပ်ကုမ္ပဏီ USPC ဖြစ်ပြီး အိုဟိုင်းယိုးပြည်နယ်မှာ တည်ရှိပါတယ်။ ၁၈၆၇ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ နှစ်စဉ် ဖဲထုပ်ပေါင်း သန်း ၁၀၀ ခန့်ကို ကမ္ဘာအရပ်ရပ်ကို တင်ပို့ရောင်းချလျှက်ရှိပါတယ်။
သုတဇုန်
Discussion about this post