ဖိလစ်ပိုင် ရဲ့ လွတ်လပ်ရေးဗိသုကာကြီး (သို့) ဒေါက်တာ ဟိုဇေးရီဇား - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဖိလစ်ပိုင် ရဲ့ လွတ်လပ်ရေးဗိသုကာကြီး (သို့) ဒေါက်တာ ဟိုဇေးရီဇား

by Thutamm
August 12, 2019
1 min read
0
ဖိလစ်ပိုင် ရဲ့ လွတ်လပ်ရေးဗိသုကာကြီး (သို့) ဒေါက်တာ ဟိုဇေးရီဇား
Share on FacebookShare on Twitter

ဖိလစ်ပိုင်လွတ်လပ်ရေး အာဇာနည် ဒေါက်တာဟိုဇေးမာ ကားဒိုးရီဇားသည် ဆေးပညာရှင်၊ စာဆို၊ ဝတ္ထုရေးဆရာနှင့် ရုပ်လုံးထု ဆရာလည်း ဖြစ်သည်။ ဟိုဇေးရီဇားအား ၁၈၆၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်ကျွန်းစု လားဂူနာနယ် ကာလမ်ဗာမြို့၌ ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ ပစ္စည်းဥစ္စာကုံလုံသော ဖရန်စစ္စကိုရီဇား မာကားဒိုးဖြစ်၍ မိခင်မှာ မနီလာ ကောလိပ်ကျောင်းထွက် ပညာတတ်အမျိုးသမီးတစ်ဦး ဖြစ်သည်။ မွေးချင်း ၁၁ ဦး ရှိသည့်အနက် ဟိုဇေးရီးဇားသည် ခုနစ်ယောက်မြောက်သား ဖြစ်သည်။

ငယ်စဉ်က ဦးလေး အယ်လဗာတိုကျောင်းတွင် ပညာ သင်ပြီးနောက်၊ မနီလာမြို့ နာမည်ကျော် အတီနီယိုဂျက်ဇူးအစ် သာသနာပြုကျောင်းသို့ ရွေ့ပြောင်းသင်ယူသည်။ ထိုကျောင်း၌ ပညာရပ်များကို စပိန်ဘာသာနှင့် ချည်း သင်ယူရသော်လည်း ရီဇားသည် စပိန်အရာရှိ သားသမီးများထက် အောက်ကျသည် ဟူ၍ မရှိရုံမက ဆုများပင် မကြာခဏ ဆွတ်ခူးခဲ့သည်။ အထက်တန်းပညာရပ်များကို ဆုံးခန်းတိုင် ထူးထူးချွန်ချွန် တတ်မြောက် ပြီးနောက် ရီဇားသည် ဆန်တိုတောမတ်ယူနီဗာ စီတီတွင် တက္ကသိုလ်ပညာများကို ဆက်လက်သင်ယူသည်။ ထို စဉ်အတွင်း အသက် ၁၈နှစ်အရွယ်တွင် လူကြီးများအတွက် ကျင်းပသော စာပေပြိုင်ပွဲ၌ ‘ဖိလစ်ပိုင်လူငယ်များ သို့’ အမည် ရှိ ကဗျာဖြင့် ပထမဆုကို ဆွတ်ခူးခဲ့သည်။ နောက်ထပ် စာပေ ပြိုင်ပွဲတစ်ခုတွင် ရီဇားသည် အမည်ဝှက်ဖြင့် ကဗျာရေးသား ယှဉ်ပြိုင်ရာ အကောင်းဆုံးကဗျာတစ်ပုဒ် ဖြစ်သော်လည်း ရေးသားသူသည် ဥရောပတိုက်သားမဟုတ်သည့်အတွက် ပထမ ဆုနှင့် လွဲခဲ့ရသည်။

ဖိလစ်ပိုင်ရှိ စပိန်အစိုးရ၏ လူမျိုးခွဲခြားသော စံနစ်ကို ရွံမုန်းသော ရီဇားသည် ၁၈၈၂ ခုနှစ်တွင် မနီလာမြို့မှ နာမည် လိမ်ဖြင့် ထွက်ခဲ့၍ စပိန်နိုင်ငံသို့ ရောက်ခဲ့သည်။ စပိန်နိုင်ငံ မဒရစ်ယူနီဗာစီတီတွင် ဆေးပညာ၊ သဘာဝတ္ထဗေဒနှင့် စာပေ ပညာရပ်များကို ဆည်းပူးသည်။ ၁၈၈၃ ခုနှစ်တွင် ဆေးပညာ အမ်ဒီဘွဲ့ထူးကို ဆွတ်ခူး၍၊ ၁၈၈၅ ခုနှစ်တွင် သဘာဝတ္ထဗေဒ နှင့် စာပေပညာဆိုင်ရာ ပါရဂူဘွဲ့ထူးများကို ရရှိသည်။ ထို နောက် ရီဇားသည် ဥရောပတိုက်အနှံ့အပြား လှည့်လည် သွား လာယင်း ပါရစ်၊ ဘာလင်၊ ဟိုက် ဒယ်ဗတ်၊ လိုက်ပဆစ် စသောမြို့များတွင် ဘာသာ စာပေအမျိုးမျိုးကို လေ့လာသင်ယူ သည်။ ဖိလစ်ပိုင်ကျွန်း၌ နေစဉ်ကပင် တားဂါးလော့စာ၊ စပိန် စာ၊ ဂရိစာနှင့် လက်တင်စာတို့ကို တတ်မြောက်ခဲ့သော ရီဇား သည် ဥရောပတိုက်၌နေထိုင်စဉ် ပြင်သစ်၊ အင်္ဂလိပ်၊ အီတာလျံ၊ ကက်တလန်၊ အာရဗီ၊ ဂျာမန်၊ ဟီဗြူနှင့် သက္ကတစာတို့ကို သင်ကြားတတ်မြောက်ပြန်သည်။ မည်သည့်ကျောင်း၌ဖြစ်စေ ရီဇားအား ကျောင်းအာဏာပိုင်များက လူချွန်တစ်ယောက်အဖြစ် အသိအမှတ်ပြုရသည်ချည်း ဖြစ်သည်။

၁၈၈၆ ခုနှစ်တွင် ရီဇားသည် သူ၏စာမျက်နှာ ၅ဝဝ ခန့် ရှိ ‘နိုလီမေတန်ဂါ’ကမ္ဘာကျော်ဝတ္ထုကြီးကို ဂျာမနီနိုင်ငံ ဘာလင် မြို့၌ ပုံနှိပ်ထုတ်ဝေသည်။ ယင်းဝတ္ထုတွင် ရှေးစပိန်နိုင်ငံ အလေ့ အထများ၊ မြေပိုင်ရှင် ရဟန်းများ၏ ဆိုးရွားပုံ၊ အကျဉ်းထောင် များတွင် နှိပ်စက်ပုံ၊ ဆင်းရဲသားများအပေါ်တွင် အစိုးရ ညှဉ်း ဆဲပုံ၊ မိန်းမသားများ ခိုကိုးရာမဲ့ဖြစ်ပုံ၊ ဖိလစ်ပိုင်အမျိုးသမီးတို့ မိဘသဘောတူသူကို ယူလေ့ရှိပုံ စသည်တို့ ပါဝင်သည်။ ထို့ပြင် ဖိလစ်ပိုင်တိုင်းရင်းသားတို့၏ စိတ်နေစိတ်ထား အကျိုး အပြစ် မှန်သမျှကို ကွင်းကွင်းကွက်ကွက် အချက်ကျကျ ထို ဝတ္ထုတွင် ဖွင့်ချထားလေသည်။ ယင်းစာအုပ်ကို ကုန်သေတ္တာ ကြီးကဲ့သို့ အယောင်ဆောင်ထုပ်ပိုးကာ ဖိလစ်ပိုင်ကျွန်းစုသို့ တင်ပို့ရာ စာအုပ်များ ရောက်ရှိသည်နှင့် လူအများ အလု အယက် ဝယ်ဖတ်ကြသည်။

ဖိလစ်ပိုင်လူထု ဇာတိမာန်တက် ကြွမှုကို ဖြစ်စေရုံမက အုပ်ချုပ်သူ စပိန်အစိုးရ၏ မတရား ပုံကို အကွင်းလိုက်ပေါ်စေသော ရီဇား၏ထိုစာအုပ်များကို အစိုးရက တွေ့ရာတွင် သိမ်းစေ အမိန့်ထုတ်ရလေသည်။ ၁၈၈၇ ခုနှစ် သြဂုတ်လတွင် ရီဇားသည် နေရင်းဌာနီ ဖိလစ်ပိုင်ကျွန်းစုသို့ ခေတ္တပြန်ကာ၊ မျက်စိအလင်း မရရှာသော မိခင်ကြီး၏ မျက်စိကို ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သည်။ ဖိလစ်ပိုင်ကျွန်းသို့ ရီဇားရောက်သည်နှင့် တစ်ပြိုင်နက် စပိန် အစိုးရအာဏာပိုင်များသည် ရီဇား၏ လှုပ်ရှားမှုတို့ကို မျက်ခြေ ပြတ် မခံတော့ချေ။ ဖိလစ်ပိုင်ကျွန်းတွင် နေသမျှ ရီဇား၏ အသက်ကို စောင့်ရှောက်ရန် သက်တော်စောင့်တစ်ယောက် ရှိသင့်သည်ဟူသော စကားလုံးဖြင့် အချိုသွေးကာ ရီဇား၏ အသွားအလာအကြံအစည်ကို သိစေရန် အမြဲစုံထောက် ထည့် ပေးလေသည်။ ထိုအတွင်း၌ပင် ရီဇားသည် ဆင်းရဲသားနှင့် လူချမ်းသာတို့ ထမ်းဆောင်ရမည့် အခွန်များကို နှိုင်းရှည့် ဖော်ပြလျက် အခွန်ထမ်းများအား လက်မှတ်ရေးထိုး၍ အစိုးရထံ တင်ပို့ဆောင်ရွက်ပေးသည်။

ဆင်းရဲသားလူထုကို ရှေ့ဆောင်ရှေ့ရွက်ပြုကာ မျက်စိဖွင့် ပေးမှုကြောင့် စပိန်အစိုးရ အာဏာပိုင်များသည် ရီဇားအား ဖိလစ်ပိုင်မှ ထွက်သွားရန် အကြံပေးလေသည်။ ယင်းသို့ ယဉ်ကျေးစွာ အပြစ်ပေးလိုက်သောအခါ အနုနည်းဖြင့်သာ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်လိုသော ရီဇားသည် အကြံ ပေးချက်ကို မဖီဆန်ဘဲ လက်ခံကာ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖိလစ်ပိုင်မှ ထွက်ခွာခဲ့သည်။ ဂျပန်၊ အမေရိ ကန် စသော နိုင်ငံများဘက်မှလှည့်၍ အင်္ဂလန်ပြည် လန်ဒန်မြို့ သို့ ရောက်ရှိခဲ့သည်။ လန်ဒန်မြို့တွင်နေစဉ် ရီဇားသည် ‘သေခြင်း တရားကို အသိတရားဖြင့် အောင်ခြင်း’အမည်တပ်ထားသော ရုပ်လုံးအပါအဝင် ထင်ရှားသော ရုပ်လုံးများ ထုလုပ်သည်။

ထိုနောက် ၁၈၈၉ ခုနှစ်တွင် ပါရစ်မြို့သို့ ပြောင်း၍၊ ထိုမှ တစ်ဖန် ဗဲလဂျီယမ်နိုင်ငံ ဂင့်မြို့သို့ ၁၈၉၁ ခုနှစ်တွင် ပြောင်း ရွေ့သည်။ ထိုမြို့၌ပင် သူ၏ထင်ရှား၍ လူကြိုက်များသော ‘လောဘနိုင်ငံ’အမည်ရှိ ဒုတိယဝတ္ထုကြီး ရေးသားပြီးမြောက်၍ ပုံနှိပ်ထုတ်ဝေသည်။ယင်းစာအုပ်တွင် စပိန်အစိုးရ၏ကြမ်းကြုတ် ရက်စက်ပုံကို ဝတ္ထုအိမ်ဖွဲ့ကာ ရေးသားထား၍ မျိုးချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်စေမည့် စကားအသုံးအနှုန်းတို့ဖြင့် စီကုံး ထားလေသည်။ ရီဇား၏ အပြုအမူတို့ကြောင့် စပိန်အစိုးရသည် ဖိလစ်ပိုင် နိုင်ငံရှိ ရီဇား၏ မိဘဆွေမျိုးသားချင်းတို့အား နှိပ်စက်ကလူ ပြုရုံမက ယင်းတို့ပိုင်အဆောက်အအုံမှန်သမျှကို မီးတိုက်လေ သည်။

ထိုသတင်းကို ကြားသိသော ရီဇားသည် ဖိလစ်ပိုင် ဘုရင်ခံချုပ်ထံ ဖိလစ်ပိုင်သို့ သူ့အား လွတ်လွတ်လပ်လပ် ပြန်လာခွင့်ပြုရန် စာရေးအကြောင်းကြားလိုက်သည်။ ဘုရင်ခံ ချုပ်ထံမှ တစ်စုံတစ်ရာ ဖမ်းဆီးခြင်း ပြုမည်မဟုတ်၊ ပြန်လာ ပါဆိုသည့် စာနှင့်တကွ နိုင်ငံကူးလက်မှတ်ပါ ရောက်လာသဖြင့် ဖိလစ်ပိုင်သို့ ၁၈၉၂ ခုနှစ် ဇွန်လတွင် ပြန်လာသည်။အနှိပ်စက် ခံရသော မိဘဆွေမျိုးသားချင်းတို့အတွက် ဘုရင်ခံထံ တိုင်တန်း ပြောဆိုသဖြင့် အားလုံး အနှိပ်စက်ခံဘဝမှ လွတ်ကင်းခဲ့ရသည်။ သို့ရာတွင် ရီဇားကိုကား အပြစ်မရရအောင် အပြစ်ရှာလျက် ရှိကြသည်။

ရီဇားသည် ဖိလစ်ပိုင်သားတို့ စည်းလုံးညီညွတ်မှုကို ရှေးရှုကာ ဖိလစ်ပိုင်အသင်းဟူ၍ အသင်းတစ်သင်း ထောင် သည်။ အသင်း၏ရည်ရွယ်ချက်မှာ အလောင်းအစား၊ သေရည် သေရက်နှင့် ရက်စက်မှုတို့ကို ရှောင်ကြဉ်ရန်၊ ဆင်းရဲသား များကို ထောက်ပံ့ရန်ဖြစ်သော်လည်း အစိုးရမူ သူပုန်အသင်းဟု ယူဆသည်။ အသင်း အင်အား ကြီးမားလာသည့်အခါ စပိန် ဘုရင်ခံချုပ်သည် ရီဇားအား တစ်စုံတစ်ရာ စစ်ဆေးမေးမြန်း ခြင်းမရှိဘဲ ဖို့ဆန် တီယာဂိုခံတပ်တွင် အကျဉ်းချထားလိုက် သည်။ ထိုနောက် မင်ဒနာအိုကျွန်း ဒါပီးတန်မြို့သို့ အကျယ် ချုပ်နှင့် ပို့လိုက်သည်။ အကျယ်ချုပ်နှင့် နေစဉ်ပင် ရီဇားသည် အခမဲ့ဆေးပေးခန်းနှင့် စာသင်ကျောင်း ဖွင့်လှစ်ခြင်း၊ ရေပေး လုပ်ငန်း တည်ဆောက်ခြင်း၊ ဥရောပရှိ မိတ်ဆွေသိပ္ပံပညာရှင် များအတွက် ရှားပါးသော အကောင် နမူနာများ ပေးပို့ခြင်း တို့ကို ပြုလေသည်။

ဒါပီးတန်၌ လေးနှစ်မျှ အကျယ်ချုပ်နှင့် နေရပြီးနောက် ကျူးဗားကျွန်းတွင် ကပ်ရောဂါများ ကျရောက်လာသောအခါ ဝတ္တရားသိသော ရီဇားသည် ဆရာဝန်တစ်ဦးအနေနှင့် သွား ရောက် အမှုထမ်းခွင့် တောင်းလေသည်။ အခွင့်ရ၍ ၁၈၉၆ ခုနှစ်တွင် ယင်းမှတစ်ဆင့် ကျူးဗားသို့သွားရန်အတွက် ဘာစီလိုနာမြို့သို့ ထွက်ခွာခဲ့သည်။ ထိုအတွင်း ဗိုနိုဗာစီယိုဆိုသူ ခေါင်းဆောင်သော ကာတိပူနန် သူပုန်မှုကြီး ပေါ်ပေါက်လာရာ အခွင့်ကောင်း ရှာနေသော စပိန်အစိုးရအာဏာပိုင်တို့သည် ဘာစီလိုနာသို့အသွား သင်္ဘောဖြင့် ဆူးအက်မြို့သို့ ရောက်လာ သော ဒေါက်တာရီဇားအား သူပုန်လှုံ့ဆော်သူဟု စွပ်စွဲကာ ကြေးနန်းဖြင့် ဖမ်းပြီးလျှင် အမိန့်ပို့ လိုက်သည်။ ရီဇားအား ဆူးအက်မြို့တွင် ဖမ်းပြီးလျှင် မနီလာမြို့သို့ခေါ်ခဲ့ကာ ကာတိ ပူနန် သူပုန်အသင်းဝင်ဟူသော စွဲချက်ဖြင့် အထူးစစ်ဘက် ဆိုင်ရာရုံးတွင် တရားစွဲဆို စစ်ဆေးသည်။ ရုံးတော်မှ တစ်ဖက် သတ် စီရင်ချက်ချကာ ထိုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၂၄ နာရီအတွင်း သေနတ်နှင့် ပစ်သတ်ရန် အမိန့်ချမှတ် လိုက်သည်။

ရီဇားသည် အမှုစစ်စဉ်ကပင် သေဒဏ်ထက် လျော့၍ အပြစ်ပေးရန် အကြောင်းမမြင်ကြောင်း သိသည်နှင့် ကျွနု်ပ်၏ နောက်ဆုံးနှုတ်ဆက်ခြင်းအမည်နှင့် ကဗျာတစ်ပုဒ်စပ်ခဲ့သည်။ ယင်းကဗျာမှာ အလွန်ကောင်း၍ အမျိုးသားဂန္ထဝင်စာပေစာရင်း ဝင် ဖြစ်လာသည်။ ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ နံနက် ၇ နာရီ တွင် မျိုးချစ်ခေါင်းဆောင်ကြီး ဒေါက်တာ ဟိုဇေးရီဇားအား သေနတ်ဖြင့် ပစ်၍ သတ်လိုက်ကြသည်။ ရီဇား ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာတွင် ဖိလစ်ပိုင်နိုင်ငံသည် စပိန်တို့၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့လေသည်။


မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

Tags: world people
Next Post
ဆိုက်ဘေးရီးယား အကြောင်း သိကောင်းစရာ

ဆိုက်ဘေးရီးယား အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!