ဖရန်စစ် ဘေကွန်သည် ထင်ရှားကျော်ကြားသည့် အင်္ဂလိပ်နိုင်ငံရေးသမား ၊ တရားသူကြီး ၊ သိပ္ပံခေတ်သစ်ကို ဦးဆောင်ဖွင့်လှစ်တဲ့ ဒဿနိကပညာရှင်၊ စာရေးဆရာ ဖြစ်သည်။ ဖရန်စစ်ဘေကွန်အား ၁၅၆၁ခုနှစ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ဖွားမြင်သည်။ မွေးချင်းများအနက် အငယ်ဆုံးဖြစ်ကာ ဖခင်ဖြစ်သူသည် အဲလီဇဘတ်ဘုရင်မကြီး၏ မင်းမှုထမ်းဖြစ်သည်။ ဘေကွန်အသက် ၁၂နှစ်အရွယ်တွင် ကိန်းဘရစ်ခ်ျရှိ ထရီစိုတီကောလိပ်သို့ တက်ရောက်ခွင့်ရခဲ့ပြီး သုံးနှစ်အကြာတွင် မည်သည့်ဘွဲ့မျှမရဘဲ ကျောင်းမှ ထွက်ခဲ့သည်။ အသက်၁၆နှစ်မှစကာ အင်္ဂလန်သံတမန်လောကသို့ ဝင်ရောက်အမှုထမ်းသည်။ အသက်၁၈နှစ်တွင် ဖခင်ကွယ်လွန်သွားသဖြင့် ရရှိသည့်အမွေအနည်းငယ်မျှဖြင့် ဥပဒေကျောင်းတက်ခဲ့သည်။ အသက် ၂၀တွင် ရှေ့နေလိုက်ခွင့်ရသည်။
နိုင်ငံရေးသမားဘဝ
ထိုသို့ငယ်ရွယ်ထက်မြက်သည့် ဘေကွန်သည် အသက် ၂၃နှစ်အရွယ်တွင် ပါလီမန်အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ အဆွေအမျိုးဩဇာဖြင့် လစာကောင်းရာထူးကြီးများ ရနိုင်သော်လည်း ကိုယ်တိုင်က ငြင်းပယ်၍သော်လည်းကောင်း၊ ဘုရင်မကထောက်ခံချက် မပေးသောကြောင့်လည်းကောင်း အသုံးအဖြုန်းကြီးသည့် ဘေကွန် ကြွေးပတ်လည်ဝိုင်းသည်။(ကြွေးမှုနဲ့ ထောင်တစ်ခါကျဖူးသည်)
သူကောင်းမျိုးများထဲမှ သူကဲ့သို့ပင် ငယ်ရွယ်ပြီး ထက်ထက်မြက်မြက်ရှိသည့် အက်ဆက်မြို့စားနှင့် ပနံသင့်ခဲ့သော်လည်း အက်ဆက်မြို့စားက ဘုရင်မအား နန်းလုရန်ကြံစည်မှုကို တားမြစ်သည်။ တားမြစ်၍မအောင်မြင်ဘဲ အက်ဆက်တော်လှန်သော် ရှုံးနှိမ့်ပြီး ခေါင်းဖြတ်စက်ဖြင့် စီရင်ခြင်းခံရသည်။ ထိုသို့အက်ဆက်အား ခေါင်းဖြတ်စက် အရောက်ပို့ရန် တက်တက်ကြွကြွလှုံဆော်သူမှာ ဘေကွန်ဖြစ်သဖြင့် လူအများမှ ကဲ့ရဲ့ခြင်းခံရသည်။ ၁၆၀၃ခုနှစ်တွင် ဘုရင်မ အဲလိဇဘတ်နတ်ရွာစံလျှင် ဘေကွန်သည် နန်းတက်လာသည့် ဘုရင်သစ် မထမဂျိမ်းစ်၏ အကြံပေးဖြစ်လာသည်။
ထိုမှ တရားရေးဖက်တွင်လည်း ရာထူးအဆင့်ဆင့်တက်လာကာ ၁၆၀၇ခုနှစ်တွင် ရှေ့နေချုပ်၊ ၁၆၀၁၃ခုနှစ်တွင် လွှတ်တော်ရှေ့နေချုပ်၊ ၁၆၁၈တွင် ဗြိတိန်တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။ တစ်ဆက်တည်းတွင် ဘယ်ရွန်မြို့စားအဖြစ်လည်းကောင်း၊ ၁၆၂၁တွင် ဘိုင်းကောင့်မြို့စားအဖြစ်လည်းကောင်း ချီးမြှောက်ခံရသည်။ ထိုသို့ အတက်များဆက်ပြီးလျှင် အကျသို့ရောက်လေသည်။ မလိုသူတို့က ဘေကွန်အား လာဘ်စားကြောင်း တိုင်တန်းကြသည်။ ထိုခေတ်အချိန်က တရားလာရောက်ပြိုင်ဆိုင်သူတိုင်းက တရားသူကြီးအား တံစိုးလက်ဆောင်များ ပေးအပ်ကြမြဲဖြစ်သည်။
တရားမဝင်သည်မှာ မှန်သော်လည်း ထုံးတမ်းတစ်ရပ်ကဲ့သို့ဖြစ်နေသည်။ သို့သော် ဘေကွန်အား အာဏာလက်လွတ်ဖြစ်ရန် အကွက်ကောင်းစောင့်သူတို့အတွက်မူ မဟာအခွင့်အရေးကြီးဖြစ်သဖြင့် ဘေကွန်တစ်ယောက် ရာထူးမှ ဆင်းရသည်။ လန်ဒန်မျှော်စင်တွင် အချုပ်ခံရပြီး ဒဏ်ငွေကြီးပေးဆောင်ရသည်။ နောက်နောင်တွင် ပြည်သူ့ဝန်ထမ်းမဖြစ်စေရဟု တားမြစ်ခံရသည်။ ဘုရင်ဂျိမ်းစ်က ထောင်မှလွှတ်စေပြီး ဒဏ်ငွေများအား ပြန်ပေးသော်လည်း နိုင်ငံရေးသမားဘဝမှာမူ ရပ်စဲသွားခဲ့ပြီဖြစ်သည်။ အိမ်ထောင်ရှိသော်လည်း သားသမီး မထွန်းကားပေ။
စာပေနှင့် ဒဿနပညာရှင်ဘဝ
ဘေကွန်သည် သိပ္ပံပညာရှင် မဟုတ်သော်လည်း သိပ္ပံပညာနှင့် ဒဿနပညာရပ်များအတွက် ခေတ်သစ်သို့ ဦးတည်လာစေရန် လှုံဆော်ရေးသားပေးခဲ့သူ၊ ဦးဆောင်လမ်းပြခဲ့သူဖြစ်သည်။ ခေတ်ဟောင်းအစဉ်အလာအတိုင်း ဘာသာရေးယုံကြည်မှု ပြင်းထန်မှုများ ကြွင်းကျန်နေချိန်တွင် ဘေကွန်၏ စာစုများသည် အသစ်ထွင်လိုသူတို့အတွက် အားပေးစကားများ ဖြစ်ခဲ့သည်။ စူးစမ်းလေ့လာမှုများအား စိတ်ကူးယဉ်အနေအထားမှ လက်တွေ့အကျိုးဖြစ်ထွန်းသည်အထိ လုပ်ဆောင်စေရန် တိုက်တွန်းသည်။ ထိုသို့တိုက်တွန်းသည့်အနေဖြင့် ပြန်လည်ဆန်းသစ်ရေး အမည်ဖြင့် ကျမ်းပေါင်း ၆ စောင်တိတိ အတွဲလိုက်ထုတ်ဝေသည်။
ပထမတွဲမှာ ကနေ့ထိ လူသားတို့သိသမျှ အသိကို ဖော်ထုတ်ပြီး စစ်ဆေးဖို့ရာထားတယ်။ ဒုတိယတွဲမှာ သိပ္ပံနည်းကျကျ စုံစမ်းစစ်ဆေးနည်းကို ဖော်ပြမယ်။ တတိယတွဲ အတွေးမဟုတ် လက်တွေ့ဖြစ်တဲ့ စာရင်းဇယား မှီငြမ်းပြုစရာ အချက်အလက်တွေကို ရေးထည့်ပေးမယ်။ စတုတ္ထတွဲမှာ သိပ္ပံနည်းစံနစ်သစ်တွေကို ရုပ်ပုံစာရင်းဇယားတွေနဲ့ ဖော်ပြမယ်။ ပဉ္စမတွဲမှာ အချင်းအရာတစ်ခုချင်းအတွက် ယာယီဆုံးဖြတ်ချက်ကို ပေးမယ်။ ဆဋ္ဌမ(နောက်ဆုံး)တွဲမှာ နည်းသစ်အရ စူးစမ်းတွေ့ရှိချက်တွေကို စုစည်းပြီး အနှစ်ရသကို ဖော်ထုတ်မယ်။
ဘေကွန်သည် စမ်းသစ်တွေးခေါ်ခြင်းကို ဝါသနာထုံသူဖြစ်သည်။ သူ့အရင်ပညာရှိကြီး အရစ္စတိုတယ်၏ အချို့အတွေးအခေါ်များကို လက်မခံပဲ ကိုယ်တိုင်သုတေသနလုပ်ပြီး အတွေးအမြင်သစ်များကိုဖော်ထုတ်ခဲ့သူဖြစ်သည်။ သူ့စာအုပ်များတွင် နာမည်အကြီးဆုံးမှာ အတ္တလန်တစ်သစ် (The New Atlantis) စာအုပ်ဖြစ်သည်။ စိတ်ကူးယဉ်ကျွန်းတစ်ကျွန်းကို သူရောက်သွားခဲ့ပြီ အဲဒီကသူတွေ့ရတဲ့ နိုင်ငံရေး ၊ လူမှုရေး စနစ်များကို ရေးသားထားခြင်းဖြစ်သည်။
၁၆၀၅ခုနှစ်တွင် အသိပညာတိုးတက်ပုံ နှင့် ၁၆၂၀ခုနှစ်တွင် လက်နက်ကိရိယာသစ်များ အမည်ဖြင့် ကျမ်းနှစ်ကျမ်းကို နောက်ဆက်တွဲအနေဖြင့် ထုတ်ဝေသည်။ ဘေကွန်၏ စာများသည် လောကီထွန်းကားရေးကို အားပေးလွန်းသည်ဟု ဆိုကြသည်။ ဘေကွန်ကိုယ်တိုင်ကလည်း ဘာသာရေးတွင် အယူသည်းသူတစ်ယောက် မဟုတ်ပေ။ အစဉ်အလာအတိုင်း လုပ်ဆောင်မနေမှုများအား ဖောက်ထွက်စူးစမ်းရန်နှင့် လက်တွေ့အကျိုးခံစားရရေးတို့ကို တိုက်တွန်းအားပေးသူဖြစ်သည်။
အကျိုးဆက်အနေဖြင့် ဘေကွန်ခေတ်နောက်ပိုင်းတွင် သိပ္ပံစမ်းသပ်မှုများနှင့် အခြားအနုပညာရပ်များတွင် အသစ်ဖန်တီးမှုများအား ဆက်ကာပြုလုပ်ကြသလို၊ ဒဿနသမားများကလည်း အတွေးသစ်အမြင်သစ်များဖြင့် ကြိုးပမ်းရှုမြင် တွေးခေါ်လာကြသည်။ သူ၏ဩဇာကို အသိအမှတ်ပြုသည့် အနေဖြင့် ၁၆၆၂ခုနှစ်တွင် လန်ဒန်တော်ဝင်သိပ္ပံအသင်းကြီးက ဘေကွန်အား ၎င်းတို့၏ရှေ့ဆောင်လမ်းပြအဖြစ် အသိအမှတ်ပြုသည်။ ဉာဏ်အလင်းခေတ်တွင် ပြင်သစ်နိုင်ငံမှ စွယ်စုံကျမ်းပြုစုသူများ ဖြစ်ကြသည့် ဒစ်ဒီရော့ (Dide rot) နှင့် ဒလမ်းဘတ်(d’Alenbert) တို့က ၎င်းတို့၏ ကျမ်းပြုစုရေးအား လှုံ့ဆော်သူမှာ ဘေကွန်ဖြစ်သည်ဟု ဂုဏ်ပြုခဲ့သည်။ သိပ္ပံနည်းကျ စာရေးဆရာကြီးတစ်ဦးအနေနဲ့ လူသားတို့အပေါ်တာဝန်ကျေခဲ့သည့် ဂန္တဝင်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် သမိုင်းစာမျက်နှာတွင် နာမည်ရေးထိုးခြင်းခံခဲ့ရသည်။
မှတ်မှတ်သားသား ဖရန်စစ်ဘေကွန်စကားများ
စာဖတ်ခြင်းကပြည့်ဝစေတယ်…
ရေးသားခြင်းကတိကျစေတယ်…
တိုင်ပင်ဆွေးနွေးခြင်းကအဆင်သင့်ဖြစ်စေတယ်။
အတိုက်အခံပြုရန်နှင့် ငြင်းခုံရန် စာမဖတ်ပါနှင့်၊
ယုံကြည်ရန်နှင့် သူများပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်းမပြုပါနှင့်၊
စကားကြီးစကားကျယ်ပြောတတ်ရန် စာမဖတ်ပါနှင့်၊
အကျိုးအကြောင်းစဉ်းစားဆင်ခြင်ရန် အတွက်သာ စာဖတ်ပါလေ။
မျှော်လင့်ချက်ဆိုတာ
ကောင်းမွန်တဲ့နံနက်စာဖြစ်နိုင်သလို
ဆိုးဝါးတဲ့ညစာလည်း ဖြစ်နိုင်တယ်။
ကုသတာက ရောဂါ သေတာက လူနာ
ရောဂါကုထုံးက ရောဂါထက်ဆိုးသည်
ဗဟုသုတ အကြားအမြင်သည်ပင်လျှင်
တန်ခိုးစွမ်းအား ဖြစ်ပေ၏။
ယောက်ျားတစ်ယောက်ကား လက်ထပ်ပြီး နောက်တစ်နေ့တွင်
ခုနှစ်နှစ်ခန့်အိုမင်းသွားပေသည်။
သူသည် ကောင်းသောအကြံဉာဏ်ကိုပေး၏။ လက်တစ်ဖက်ဖြင့်ကူညီခြင်းမည်၏။
သူသည်ကောင်းသောအကြံဉာဏ်သာမက ကောင်းသောနမူနာကိုပါပြ၏။ ထိုသူသည်လက်နှစ်ဖက်စလုံးဖြင့် ကူညီခြင်းမည်၏။
သို့သော် သူသည် ကောင်းမွန်သော ဆုံးမစကားကိုပြောပြီးမကောင်းသောနမူနာကိုပြလျှင်
ထိုသူသည် လက်တစ်ဖက်က ဆွဲတင်ပြီး တစ်ဖက်က ဆွဲနှစ်ခြင်းဖြစ်ပေ၏။
ချစိမိပြီဆိုတဲ့နောက်တော့ မျက်စိသာမက စဉ်းစားဉာဏ်ပါ မရှိနိုင်တော့ပါဘူး။
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာသည် စိတ်၏ ဧည့်ခန်းဖြစ်၍
မကျန်းမာသောခန္ဓာကိုယ်မှာ အကျဉ်းထောင်ဖြစ်သည်။
အချိန်ဟာ အကြိမ်ကြိမ်မွေးဖွားနေသော်လည်း
ကျွန်နု်ပ်တို့ကတော့ သေဆုံးနေကြတုန်းပဲ။
အမြော်အမြင်ရှိသောပုဂ္ဂိုလ်သည် မိမိတွေ့ရှိထားသော အခွင့်အလမ်းများထက် ပို၍ အခွင့်အလမ်းများပေါ်ထွန်းအောင် လုပ်ဆောင်ပေလိမ့်မည်။
လူတွေရဲ့သဘာဝတိုးတက်ဖို့ သိပ္ပံပညာဟာ မရှိလို့မရ ၊ တနည်းနည်းနဲ့ ပါဝင်ပတ်သတ်နေရမယ်
ဉာဏ်ရွှင်ခြင်း၊ ပညာထူးခြင်း ဆိုတာတွေကြောင့် ပေါ်လာတဲ့ အသိတရားတွေဟာ လက်နဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေထက် ပိုပြီး ကြာရှည်ခံတယ်။
ဘာအရောင်ပဲဖြစ်နေပါစေ အမှောင်ထဲရောက်သွားရင် အတူတူပါပဲ။
သင့်ကိုယ်သင် ရဲရဲကြီး ချီးမွမ်းလိုက်စမ်းပါ။
သင့်ကိုယ်မှာ တစုံတခုသောကောင်းကွက် အမြဲရှိနေပါတယ်။
ကျော်စွာ ၁၀၀ – ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း
Quotes of Francis Bacon
Discussion about this post