အလယ်ခေတ်ကာလက ဗြိတိန်ကျွန်းစွယ်တစ်ခုလုံးက ကျေးလက်ဒေသခံတွေမှာ ပျားတွေနဲ့ပတ်သက်ပြီးထူးဆန်းတဲ့ ယုံကြည်သက်ဝင်မှုများစွာရှိနေခဲ့ပါတယ်။ ဒါကတော့ ရွာရဲ့အထင်ကရနေရာတွေမှာ ပျားတွေကိုထားရှိမွေးမြူတတ်ကြပြီး မိမိတို့မိသားစုဝင် တွေရဲ့အနာဂက်ကို သိနိုင်ဖို့အတွက်တိုင်တည်ရာအဖြစ် လက်ခံထားရှိတဲ့ အလေ့ဖြစ်ပါတယ်။ မိသားစု ဝင်ထဲက တစ်ဦးတစ်ယောက်သေဆုံးချိန်တိုင်းမှ ကျန်ရစ်တဲ့မိသားစုဝင်တစ်ဦးက ယင်းပျားအုံရှေကိုသွားရောက်ပြီး မိမိတို့မိသားစုအပေါ် ကျရောက်တဲ့ မရဏစက်ကွင်းဆက်လက်ကျန်ရှိနေသေးသလား (တစ်နည်းပြောရရင်) သေဆုံးမယ့်သူ ထပ်ရှိနေသလားလို့ သွားရောက်တိုင်တည်ကြပါတယ်။
အကယ်၍ ပျားအုံ အတွင်းကပျားတွေဟာ ယင်းပျားအုံကိုစွန့်ခွာသွားတာပဲဖြစ်ဖြစ် ပျားတွေဟာပျားရည်ကို ထပ်မံစုဆောင်းခြင်းမရှိတော့ကြောင်းကိုတွေ့ရရင်တော့ လာရောက်တိုင်တည်သူရဲ့ မိသားစုဝင်တွေအနက် တစ်ဦးဦးဟာမကြာခင်မှာပဲ ထပ်မံသေဆုံးမယ်ဆိုတဲ့ နိမိတ်ဖြစ် တယ်လို့ယုံကြည်ကြပါတယ်။ ဒီနည်းကို အခြားမိသားစုအရေးတွေဖြစ်တဲ့ လက်ထပ်ခြင်း အမှုတွေ၊ လူပျောက်မှုတွေနဲ့အခြား လူမှုရေးကိစ္စရပ်တွေမှာ ယုံကြည်စွာကျင့်သုံးခဲ့ကြ ကြောင်းတွေ့ရှိရပါတယ်။ ပျားတွေဟာ လူသားတွေရဲ့ မကောင်းတဲ့ကြမ္မာတွေကို သိနိုင် တယ်ဆိုတဲ့ အချက်အပေါ် ဆင့်ကဲတွေးခေါ်မှုတွေဟာ အပြုသဘောဘက်ကရော အခြားသောဘက်ကပါ အမြင်အမျိုးမျိုးရှိခဲ့ပေမဲ့ ယနေ့အချိန်မှာတော့ ဒီဓလေ့ဟာ ပျောက်ကွယ်လုနီးနီးဖြစ်ခဲ့ပါပြီ။ အဲဒီနည်းလမ်းကိုတော့ telling the bees လို့ကမ္ဘာမှာ လူသိများပါတယ်။
လူသားတွေနဲ့ပျားတွေဟာ အတော်များများကို ဆက်စပ်နေတာကိုတွေ့ရပါတယ်။ ပျားတွေဟာ လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ ပျားရည်နဲ့ပျားဖယောင်းကို ထုတ် လုပ်ပေးတာကြောင့် အေဒီ(၁၁၀၀ ကနေ ၁၄၀၀) အလယ်ခေတ်ကာလအတွင်းမှာ မြင့်မြတ်တဲ့ တိရိစ္ဆာန်အဖြစ် လူသားတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါအပြင် ယင်းကာလက အကောင်းဆုံးသောစားကောင်းသောက်ဖွယ်တွေဟာ ပျားရည်ကိုအသုံး ပြုပြီးပြုလုပ်ထားတာဖြစ်သလို ကမ္ဘာသက်တမ်းအရင့်ဆုံးအချဉ်ဖောက်ထားတဲ့ ယမကာ ဆိုတာကလည်း ပျားရည်အရက်သာဖြစ်နေတာကိုတွေ့ရမှာပါ။ ဒါအပြင်ဆေးဘက်ဆိုင် ရာနယ်ပယ်မှာလည်း ပျားရည်ကိုအသုံးပြုပြီး အပူလောင်ဒဏ်ရာ၊ဖျားနာမှုအမျိုးမျိုး၊ ချောင်းဆိုးရောဂါ၊အစာမကြေခြင်းတွေကို သက်သာပျောက်ကင်းအောင်ကုသနိုင်တာ ကြောင့် လူသားတို့အတွက် ပျားတွေဟာမိတ်ဆွေကောင်းလို့တောင်ဆိုရပါမယ်။
ဒါတင်မကသေးပါဘူး။ အခြားသောဖယောင်းတိုင်တွေထက် ပျားဖယောင်းတွေဟာ ပိုမိုအရည်အသွေး ကောင်းမွန်တာကြောင့်လည်း လျှပ်စစ်ဓာတ်အားတွင်ကျယ်စွာအသုံးမပြုနိုင်သေးတဲ့ ကာလတွေမှာတော့ တန်ဖိုးကြီးအဆောင်အယောင် အမှတ်အသားအဖြစ် နန်းတော်တွင်း နေရာအများစုမှာ ပျားဖယောင်းတွေ နေရာယူခဲ့ပါတယ်။ အလယ်ခေတ် ကာလတစ်လျှောက် ဥရောပက ဘုန်းတော်ကြီးကျောင်းတွေ၊ ခြံကြီးဝန်းကြီးနဲ့ အိမ်ကြီး ရခိုင်တွေမှာ မွေးမြူရေးပျားအုံများစွာနေရာယူထားခဲ့ပါတယ်။ လူသားတွေအနေနဲ့ အဲဒီ ပျားအုံတွေရဲ့ အရှေ့မှာ အငြင်းအခုန်ဖြစ်ခဲ့ရင်တောင် ရိုင်းစိုင်းတဲ့အပြုအမှုအဖြစ် ယင်း ကာလက လူအဖွဲ့အစည်းတွေက သတ်မှတ်ထားကြပါတယ်။
ဗြိတိန်ကျွန်းစွယ်မှ ာပျားတွေနဲ့ ပတ်သက်ပြီးယုံကြည်လက်ခံ မှုစတင်ခဲ့တာကတော့ ရှေး အနောက်ဥရောပ တိုက်သားတွေ လို့သိကြတဲ့ Celtic မျိုးနွယ်စု ရဲ့ဒဏ္ဍာရီမှတ်တမ်းတစ်ခုကနေ အစပြုခဲ့တယ်လို့ဆိုပါတယ်။ Celtic တွေရဲ့ယူဆချက် အရတော့ ပျားတွေဟာလူသားတွေရဲ့ ကြမ္မာဆိုးတွေကို သိရှိနိုင်ကြသလို ဝိညဉ်လောကနဲ့လည်းချိတ်ဆက် ဆက်နွယ်မှုတွေရှိနေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် လူလောက ကနေ သေလွန်ပြီးသွားတဲ့ ဝိညဉ်တွေကို အမှာစကားပြေကြားလိုရင်တော့ ပျားတွေကနေတစ်ဆင့်ပြောကြားနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
လက်တွေ့လုပ် ဆောင်ခဲ့သူတွေအနေနဲ့ကလည်း ထောက်ခံမှုများစွာရှိခဲ့တာကြောင့် ပျားတွေဟာ တမလွန်လောကနဲ့ဆက်သွယ်နိုင်တယ်ဆိုတဲ့ ဗြိတိန်ကျေးလက်ဒေသက ထုံးထမ်းဓလေ့ဟာ ဥရောပတိုက်အနှံ့အပြားကို ကူးစက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီယုံကြည်မှုအစွဲဟာ အတ္တလနိတ်သမုဒ္ဒရာကိုဖြတ်ပြီး မြောက်အမေရိကတိုက်အထိ ကူးစက်ခဲ့ပါတော့တယ်။
ဒီနည်းလမ်းကတော့ အိမ်ထောင်ဦးစီး(သို့)အိမ်ရှင်မဟာ တစ်ဦးတည်းရှိတဲ့ အနေအထားမှာ သတ်မှက်ထားတဲ့ ပျားအုံအနီး ကိုသွားရောက်ပြီး ပျားအိမ်နံရံကို အတွင်းကပျားတွေသတိထားမိလောက်တဲ့အထိ ညင်သာစွာခေါက်ပေးရမှာဖြစ်ပါတယ်။ ယင်းနောက်မှာ ငိုသံကဲ့သို့ဝမ်းနည်းတဲ့အသံ အနေ အထားနဲ့ မိမိပြောချင်တဲ့စကားကို မိသားစုအတွင်းက ကွယ်လွန်သူဝိညဉ်ထံကို တစ်ဆင့် မှာကြားရတာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုလက်တွေ့ပြုလုပ်သူအချို့က တစ်ခါတစ်ရံမှာတော့ သေဆုံးသူရဲ့အသံကို ပါပျားအိမ်အတွင်းကနေ ကြားနိုင်တယ်လို့ ထုတ်ဖော်ပြောကြားမှုတွေရှိနေခဲ့ပါတယ်။
သိပ္ပံနည်းပညာပိုင်းအရကြည့်ရင်တော့ ဒီဖြစ်ရပ်တွေဟာ အမှန်တစ်ကယ်မဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ယင်းကာလက ကမ္ဘာနည်းပညာလောကကို ဦးဆောင်နေတဲ့ ဂျာမနီ၊အင်္ဂလန်နိုင်ငံတွေမှာ အလယ်ခေတ်ကာလတစ်လျှောက်မှာတော့ ပျားတွေနဲ့ ပတ်သက်ပြီးထူးခြားတဲ့ အယူအဆတွေကတော့ စွဲစွဲမြဲမြဲရှိခဲ့တာကို မှတ်တမ်းတွေအရ သိရှိနိုင်ပါတယ်။ ဒါအပြင် (၁၉)ရာစုတွင်းက အမေရိကန်ကဗျာဆရာ Grennleaf Whittier ရဲ့မှတ်တမ်းတွေမှာလည်း ပျားတွေရဲ့ထူးဆန်းတဲ့စွမ်းအင်တွေအကြောင်း အတိအလင်းဖော်ပြထားခဲ့ပါတယ်။
ယင်းကာလရဲ့နောက်ထပ်ယူဆချက်တစ်ခုကတော့ ပျားအိမ်ပိုင်ဆိုင်ထားတဲ့ မိသားစုဝင် တစ်ယောက်သေဆုံးပါက ယင်းပျားအိမ်ကို အဝတ်နက်နဲ့လွှမ်းခြုံထားလေ့ရှိတာ ဖြစ်ပါ တယ်။ လက်ထပ်ထိမ်းမြားခြင်းအမှုကိုပြုမယ်ဆိုရင်တော့ ယင်းအိမ်မှာရှိတဲ့ပျားအိမ်တိုင်း ကို ကိတ်မုန့်အပိုင်းအစတွေအပါအဝင် လှပတဲ့ပန်းစက္ကူတွေနဲ့ တန်ဆာဆင်လေ့ရှိတာပါ။ ဒါအပြင်လက်ထပ်မဲ့ စုံတွဲတွေဟာ မိမိတို့ရဲ့နာမည်တွေကို ပျားအိမ်ရှေမှာသွားရောက် မိတ်ဆက်လေ့ရှိပြီး ဘဝတစ်လျှောက်ကြုံတွေ့ရမဲ့ စိတ်မချမ်းသာစရာတွေ ပြေလျော့ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလေ့ရှိပါတယ်။
အကယ်၍ ပျားအိမ်အတွင်းက ပျားတွေအားလုံးဟာ ပျားအိမ်အတွင်းအပြင်ကနေ အချိန်ကြာမြင့်စွာ ဆူညံနေတယ်ဆိုပါက ပျားအိမ်ပိုင်ရှင်မိသားစုဟာ ကံကြမ္မာဆိုး ကျရောက်မဲ့နိမိတ်အဖြစ် မှတ်ယူလေ့လည်းရှိပါတယ်။ ဝိတိုရိယခေတ်က ဇီဝဗေဒပညာ ရှင်တစ်ယောက်ဖြစ်တဲ့ Margaret Warner Morley ရေးသာတဲ့ (၁၈၉၉)ခုနှစ်ထုတ် The Honey-Makers အမည်ရတဲ့စာအုပ်မှာတော့ ပျားတွေနဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရ တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကိုဖော်ပြထားတာကိုတွေ့ရပါတယ်။
လူသားနဲ့ပျားတွေအကြားမှာရှိတဲ့ ရင်းနှီးတဲ့ဆက်နွယ်မှုတွေကပဲ ဒီထူးဆန်းတဲ့ သဘာဝ လွန်ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ ပျားနဲ့သက်ဆိုင်တဲ့ ရှေးအယူအဆတွေ အတွင်းမှာ လူတစ်ယောက်ဟာ ကံကောင်းနေချိန်မှာ ပျားအိမ်ကိုအခြားသူတစ်ယောက် ကိုမရောင်းချသင့်ပါဘူး၊အကြောင်းကတော့ သူရဲ့ကောင်းတဲ့ကံတွေဟာ ပျားအိမ်အတွင်း ကပျားကောင်လေးတွေနဲ့အတူ အခြားတစ်ယောက်ထံပါသွားနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ပျားအိမ်ကို တစ်ယောက်နဲ့တစ်ယောက် အလဲအလှယ်လုပ်တဲ့နည်းသာ အကောင်းဆုံးဖြစ်ပြီး လဲလှယ်လိုက်တဲ့ ပျားအိမ်တွင်းကပျားတွေဟာ ပိုင်ရှင်ရဲ့ အိမ်ခေါင် မိုးမှာ သဘာဝအရအိမ်ဖွဲ့မယ်ဆိုရင်တော့ ကာယကံရှင်အတွက် ဇာတာအထွန်းပေါ်ဆုံး ကာလလို့မှတ်ယူကြပါတယ်။
ရာသီထွက်သီးနှံ(၁၀၀)ရာခိုင်နှုန်းမှာ(၇၀)ရာခိုင်နှုန်းသော သီးနှံတွေအောင်မြင်စွာ ဝတ်မှုန်ကူးနိုင်ဖို့ ပျားတွေရဲ့အကူအညီလိုအပ်ပါတယ်။ အဲဒီ(ရဝ)ရာခိုင်နှုန်းသော သီးနှံ ရဲ့(၉၀)ရာခိုင်နှုန်းဟာ လူသားတွေရဲ့အစာဖြစ်တာကြောင့် လူသားတွေရဲ့ရှင်သန်ကြီးထွား မှုဖြစ်စဉ်တွေမှာ ပျားတွေနဲ့ဆက်နွယ်မှုရှိနေပါတယ်။ ပျားတွေမရှိဘူးဆိုရင် ဖော်ပြပါ သီးနှံတွေဟာ တိရိစ္ဆာန်အစာအဖြစ်သာရှိမှာပါ။ ပျားတွေမရှိဘူး ဆိုရင် ပျားရည်ဆို တာကလည်းဖြစ်လာစရာ အကြောင်းမရှိတာကြောင့် လူသားတွေရဲ့အစားအစာ အဖြစ်သာမက ဆေးပညာရှုထောင့်ကပါအရေးပါတဲ့ သဘာဝဆေးစွမ်းကောင်း တစ်လက်ကို အလိုအလျောက်ဆုံးရှုံးရပြီးလည်း ဖြစ်နေမှာပါ။
ဒါကြောင့် ပျားတွေဟာ လူတွေရဲ့ အနာဂတ်ဒါမှမဟုတ် တမလွန်ဘဝနဲ့ပါ ဆက်နွယ်နေတာဟာ မှန်သည်ပဲ ဖြစ်စေ၊မှားသည်ပဲဖြစ်ပါစေ လက်ရှိအနေအထားအရတော့ ပျားတွေဟာ လူသားတွေရဲ့ ရှင်သန်၊နေထိုင်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတာကတော့ အမှန်ပဲဖြစ်ပါတယ်။
သုတဇုန်