ဘူမိဗေဒပညာရှင်တွေရဲ့အဆိုအရ ပုပ္ပါးတောင်ဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၅သန်း ကတည်းပေါ်ထွန်းလာကြောင်း သိရသည်။
ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက် ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေခဲ့သည် ဟုယုံကြည်ကြသည်။ ပုပ္ပါးတောင်သည် ဘီစီ ၄၄၂ ခုနှစ်တွင်ပေါက်ကွဲခဲ့သော မီးတောင်သေဖြစ်သည်။
ပုပ္ပါးတောင်ဟုဆိုလျှင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားပုထိုးများ၊အဆောက်အဦးများရှိသည့် ပုပ္ပါးတောင်ကလပ်ကိုသာ အလွယ်မှတ်ယူလေ့ရှိသည်။ ပုပ္ပါး ဟူသောစကားလုံးသည် ပါဠိဘာသာစကား ပုပ္ဖမှ ဆင်းသက်လာခဲ့ပြီး ပန်း ဟု အဓိပ္ပါယ်ရသည်။
ပုပ္ပားတောင်ကလပ်ကို ၁။တောင်ကလပ် ၂။နဂါးရစ်တောင် ၃။ပန်းပေးတောင် ၄။ဘဇဂါမ်တောင် ၅။ဝဏ္ဏ ယက္ခတောင် ၆။ဝိဇ္ဇာဓရတောင်ဟူ၍ အမည်ခြောက်မျိုးဖြင့် ခေါ်ဝေါ်ကြသည်။ နံပါတ်လေးအမည်သည် ရှေး အကျဆုံးအမည်ဖြစ်သည်။
အနော်ရထာ၏ သူရဲကောင်းလေးဦးအနက် ထွန်အရှဉ်းသုံးဆယ်ဖြင့် ထွန်ရေးမှန်အောင်ငင်နိုင်သူ လူစွမ်းကောင်း ငလုံးလက်ဖယ် မှာ ပုပ္ပါးသားဖြစ်သည်။
အချို့မှတ်တမ်းများတွင် ပုပ္ပါးတောင်သည် ချင်းလူမျိုးများနှင့် ဆက်စပ်နေသည် ဟု ဆိုသည်။ ချင်း ဘာသာစကားနဲ့ ပုပ္ပါး သည် ပူပါး မှ ပြောင်းလဲလာပြီး ပူ=အဘိုး ၊ ပါး= အဖေ ဆိုသောကြောင့် ဘိုးဘေးတောင်ဟု အဓိပ္ပါယ်ရသည်။ ပုပ္ပါးတောင် တဝိုက်တွင် ချင်းလူမျိုးများနေထိုင်သည့် ရွာကြီး ၉ရွာ ရှိခဲ့သည်ဟု ဆိုသည်။
ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပားနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှား သော အချက်သုံးရပ် ရှိပေသည်။ ယင်းတို့မှာ
(၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ် ပုပ္ပားတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊
(၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနှင့်
(၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံ နယ်အဖြစ် အရေးပါလာခြင်းတို့ ဖြစ်ပါသည်။
ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း (အေဒီ ၉ဝ၄) လက်ထက် ရောက်သော အခါ ပုပ္ပား၏ သမိုင်း ကြောင်း ပြောင်းလဲစပြုပြီဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင်နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပားတွင် တင်ထား လျက် ပြည်သူတို့အား ကိုးကွယ်စေခဲ့ သောကြောင့် ဖြစ်သည်။ ယင်းတို့အားလည်း မဟာဂီရိ နတ်မောင်နှမဟု တွင်စေ ခဲ့သည်။ မဟာဂီရိ ဟူသည်မှာ ကြီးမြတ်သော တောင်တော် ဟု အဓိပ္ပာယ် ရသည်။ သို့ဖြင့် ပုပ္ပားသည် ပြည်သူတရပ်လုံး ကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင် တော်ဖြစ်လာခဲ့ လေတော့သည်။
ညောင်ရမ်းခေတ်တောင် ကသည်းစော်ဘွားတစ်ဦးသည် ၁၅-နှစ်မျှသာရှိသေးသော ကသည်းမင်းသမီး နှင်းလုံခံကို စနေမင်း(၁၆၉၈-၁၇၁၄)ထံ ဆက်သခဲ့သည်။ ဘုရင်မှ မင်းသမီးကို ပုပ္ပားမြို့စားအရာ အပ်နှင်း၍ ကိုယ်လုပ်တော်အရာထားခဲ့သည်။ ညောင်ရမ်းခေတ်နှောင်း အင်းဝနောက်ဆုံးမင်းဆက် မဟာဓမ္မရာဇာဓိပတိမင်းကို မဏိ ပူရစော်ဘွားဟုံသည် အသက် ၁၂-နှစ်သာရှိသေးသော သမီးတော်ကသည်းမင်းသမီးကို ဆက်သခဲ့သည်။ ဘုရင်မှ ပုပ္ပားမြို့စားအရာအပ်နှင်းခဲ့သည်။
သီပေါမင်း ပါတော်မူပြီးနောက် ပုပ္ပားဒေသမှ ဗိုလ်နက်ကျော်သည်လည်း အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်သူအဖြစ် ပါဝင်ခဲ့သည်။ ၁၉၂၀-တွင် ဂေါပကလူကြီး ဦးသာတင်ဆိုသူက ပုပ္ပားတောင်ကလပ်ပေါ်သို့ တက်ရောက်နိုင် ရန် လူသွားလမ်းကို ခုတ်ထွင်ရှင်းလင်းခဲ့သည်။ ပုပ္ပါးတောင်မကြီးသည် အမြင့်ပေ(၄၉၈၁) ရှိပြီး ပုပ္ပါးတောင်ကလပ်သည် ၂၄၁၇ပေ မြင့်သည်။ အများစုက ပုပ္ပါးတောင်ဟု ဆိုလျှင် ပုပ္ပါးတောင်ကလပ်ကိုသာ သိကြသည်။
ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက် ၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။
ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင် ၊ ရေတွင်းတောင် ၊ မောင်းတောင်ငုတ်တိုတောင် ၊ လပို့တောင် ၊ မှန်တောင် ၊ ဆေးပွင့်တောင် ၊ စိန်တောင် ၊ မာလာတောင် ၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။
မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀ ၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။ မီးရှင်တောင်ကြီး အဝပေါက်ကွဲသွားချိန်တွင်ယင်းချောက်ကြီးထဲမှ မိးခိုးမီးလျံှ ပြာပူ ချော်မြှုပ်တို့ ပုပ္ပါးတောင်ကြီး၏ ခပ်လှမ်း လှမ်းအထိပင် အရှိန်ပြင်းပြင်းစီးထွက်ကျရောက်ခဲ့သည် ဟု ဆိုကြသည်။ ချောက်ကြီးထဲတွင်ရေထွက်ရှိပြီး တောဝက်များပင် ခိုအောင်း နေထိုင်ကြသည်။
သဘာဝရေထွက် ၂၀၀ ကျော် ရှိသဖြင့် အညာဒေသ၏ အိုအေစစ် ဟုလည်းခေါ်ကြသည်။ ဆေးဖက်ဝင်အပင်မျိုးပေါင်း ၃၅၀- ခန့် ရှိပြီး သစ်ခွစသည့် ဆေးဖက်ဝင်အပင်များ မျိုးလေးဆယ်ခန့်ကို လေ့လာနိုင်သည်။ ပုပ္ပားတွင် ငှက်မျိုးပေါင်း ၁၃၀-ကျော်ကို တွေ့မြင်နိုင်သည်။ ထို ၁၃၀-တို့သည် မြန်မာ ငှက်တို့အပြင် နိုင်ငံခြားငှက်များလည်း အဝင်အပါဖြစ်သည်။ ဒေသခံငှက်မျိုး ၇၀ခန့်ရှိပြီး နိုင်ငံခြားငှက်မျိုး ၃၀ကျော်ခန့် ရှိသည်။
ကမ္ဘာပေါ်တွင် လိပ်ပြာမျိုးရင်း (Family) ၁၀-မျိုးရှိပြီး အမျိုးအစားမှာ ၁၇၅၀၀-ရှိသည်။ မြန်မာနိုင်ငံတွင် မျိုးရင်း ၉-ခု၊ အမျိုးအစား ၁၀၀၄-ခုရှိသည်။ မြန်မာတွင် ကမ္ဘာ့ရှားပါးလိပ်ပြာ ၆-မျိုးရှိသည်။ ယင်းတို့မှာ
1.Apollo 2.Kaiser. 3.4.The Common Birdwing နှစ်မျိုး 5.6.The Golden Birdwing နှစ်မျိုး တို့ဖြစ်သည်။
VIDEO
ဆရာတင်နိုင်တိုး ရဲ့ ပုပ္ပါး နှင့် မြန်မာ့စွယ်စုံကျမ်းမှ
Discussion about this post