ပုဂံသမိုင်းဆိုင်ရာ မေးခွန်းလေးချက်ဖြေထားတဲ့ လက်ရေးစာမူကို ဆရာ့စာဖတ်ခန်းက ရှာဖွေတွေ့ရှိလို့ ဖော်ပြလိုက်ပါတယ်။ မေးခွန်းနဲ့ မေးသူ မသိပါ။
WavesMagazine အယ်ဒီတာ
မေးခွန်း(၁)
ပုဂံလူဦးရေကို အမေးရှိရာ ၊ တစ်သန်းကျော် နှစ်သန်းထက် မပိုနိုင်ဟု ယူဆပါသည်။ ပုဂံခေတ်ကျောက်စာတို့၌ပါသော စပါးစိုက် မြေပယ်(ဧရိယာ) နှင့် စပါး အထွက်ကို ယူ၍ ခန့်မှန်းခြင်း ဖြစ်ပါသည်။
မေးခွန်း(၂)
ပုဂံဝန်းကျင်၌ တွေ့ရသော ဘုရား ၊ စေတီ ၊ ပုထိုးအရေအတွက်များသဖြင့် လည်ကောင်း ၊ ထိုထိုသော စေတီစသည်တို့ကို နှစ်အနည်းငယ်အတွင်း အင်တိုက်အားတိုက် တည်ထားခဲ့သည်ဟု ယူဆကြသဖြင့်လည်ကောင်း ဤမေးခွန်းကို မေးဟန်ရှိပါသည်။
ပုဂံခေတ်မှာ ခရစ် ၉ရာစုမှ ၁၃ရာစုနှစ်အထိ အနှစ်လေးရာကျော် ရှိပါသည်။ အနှစ်လေးရာကျော်အတွင်း တည်ထားခြင်း ဖြစ်၍ များပါသည်။ သို့သော် ပါးစပ်ရာဇဝင်မှာပါသည့်အတိုင်း စေတီအားလုံးအစုစု ‘လှည်းဝန်ရိုးသံတညံညံ’ ၄၄၄၆၇၃၃ မရှိ ၊ ကမ်းပြို၍ ရေဆင်းသွားသည့်စေတီ ‘ဝါဝါ၀င်းဝင်း’ ၄၄၄၄ မရှိသည့်အပြင် ကမ်းပါးမှာ ကျောက်ဖြစ်၍ လုံးဝမရှိဟုပင် ဆိုနိုင်ပါသည်။
အစုစုစေတီပုထိုး အရေအတွက်မှာ ရှေးဟောင်းသုတေသနဌာနက ရေတွက်ထားသဖြင့် ၂၂၁၇(နှစ်ထောင့်နှစ်ရာတစ်ဆယ့်ခုနှစ်) ဆူသာ ရှိပါသည်။ အနှစ်လေးရာကျော်တည်ဆောက်ချိန်ရ၍ လူအင်အား တပြိုင်နက် အများကြီးသုံးရခြင်းမရှိသဖြင့် လုပ်သားတွေ အများကြီးရှိမည်ဟု အံသြစရာမရှိပါ။ ငွေကြေးအင်အား များများကြီးလည်း တစ်ကြိမ်တစ်ခါတည်း သွန်ချလိုက်သလို သုံးရန်မလိုပါ။
မေးခွန်း(၃)
ပုဂံဝန်းကျင်တွင်ရှိသောမြေမှာ သဲမြေဖြစ်၍ အုတ်မလုပ်နိုင် ၊ ဘုရားများပြိုသောအခါ ထွက်လာသောအုတ်တို့၌ ယခုခေတ်အုတ်များတွင် စာပါသလို ရှေးကလည်း စာပါရှိရာ အုတ်လုပ်သောဒေသတို့မှာ စလေနယ် ၊ စလင်းနယ်တို့ဖြစ်၍ လှေ ၊ လှည်းများဖြင့် ပုဂံအရောက် သယ်ယူကြရပါသည်။
မေးခွန်း(၄)
ပုဂံဝန်းကျင်သည် ခြောက်ခမ်းမြေ Dry Zone ဖြစ်ရသည်မှာ ရခိုင်ရိုးမတောင်တန်းနှင့် ဆိုင်ပါသည်။ အနောက်တောင် မုတ်သုံလေကပို့သော မိုးကို ရိုးမက ကာဆီး သဖြင့် မိုးအရွာနည်းသည်မှာ ယခင်အနှစ် ခုနှစ်ရာကျော်က ဖြစ်သည်မဟုတ် ။ ပုဂံခေတ်မတိုင်မီ နှစ်ပေါင်း သုံးကုဋေနှင့် ခြောက်ကုဋေကြား ကာလကပင်ဖြစ်သည်။
မိုးရိပ်ကျခြင်း Rain Shadow အကြောင်းကို ကျွန်တော်တို့ငယ်ငယ်ကျောင်းနေစဉ် လေးတန်းမျှရောက်လျှင်ပင် သင်ကြရပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးပါးသည်မှာ ရခိုင်ရိုးမတောင်တန်း၏ မိုးရိပ်ကျသောကြောင့်လည်ကောင်း ထိုစဉ်ကပင် သိခဲ့ကြပါသည်။ ရိုးမတောင်တန်း၏ သက်တမ်းကို ပိုင်းခြားရာ၌ ဘူမိဗေဒပညာရှင်တို့က အနှစ်သန်း ၃၀ နှင့် ၆၀ အတွင်းဖြစ်မည်ဟု ဆိုကြသည်ကို ယူရပါသည်။
ထို့ကြောင့် ပုဂံဝန်းကျင်တွင် မိုးပါးသည်မှာ အုတ်ဖုတ်ရန်သစ်ပင်ကို ခုတ်သဖြင့် သစ်ပင်ကင်းမဲ့သွားသောကြောင့် မဟုတ် ၊ ယခင်အနှစ် သုံးကုဋေနှင့်ခြောက်ကုဋေ မရှိတရှိကပင် ရခိုင်ရိုးမကြောင့် သဲကန္တာရတပိုင်း(Semi Desert) ဖြစ်ခဲ့ရပါသည်ဟု ဖြေလိုပါသည်ခင်ဗျား။
၂၀၀၆ ခုနှစ် ဇန်နဝါရီလထုတ် WavesMagazine မှ
Discussion about this post