ပိုလန်နိုင်ငံဟာ ဥရောပတိုက်အလယ်ပိုင်းမှာတည်ရှိပြီး တရားဝင်နာမည်ကတော့ ပိုလန် ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါတယ်။ ပိုလန်ဆိုတဲ့စကားလုံးကတော့ Polans အနွယ်ဝင်တွေဖြစ်တဲ့ West Slavic မျိုးနွယ်စုတွေရဲ့ဘာသာစကား ကနေဆင်းသက်လာခဲ့ပြီး သူတို့ဟာ (၆)ရာစုကာလအတွင်း Greater Poland လို့သိကြတဲ့ ယခုပိုလန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသက Warta မြစ်ဝှမ်းမှာ အခြေချနေထိုင်ခဲ့ကြသူ တွေဖြစ်ပါတယ်။ ပိုလန်ဆိုတဲ့အဓိပ္ပါယ်ကတော့ သူတို့ဘာသာ စကားအရဆိုရင် ကွင်းပြင်ထဲမှာနေထိုင်တဲ့လူတွေ လို့သိရပါတယ်။
ပိုလန်နိုင်ငံရဲ့အနောက်ဘက်မှာဂျာမနီနိုင်ငံ၊အရှေ့ဘက်မှယူကရိန်းနိုင်ငံ၊ဘီလာရုဒ်နဲ့ လစ်သူယေးနီးယားနိုင်ငံ၊တောင်ဘက်မှာချက်နဲ့ဆလိုဗက်ကီးယားနိုင်ငံ၊ မြောက် ဘက် မှာတော့ ဘော်လကန်ပင်လယ်၊ရုရှားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ် လျက်ရှိပါတယ်။ ပိုလန်နိုင်ငံဟာဧရိယာစတုရန်းမိုင် (၁၂၀၇၃၃)ကျယ်ဝန်းပြီး ဗဟို အစိုးရရဲ့ အုပ်ချုပ်ရေးဌာနခွဲ(၁၆)ခုထားရှိပြီးအုပ်ချုပ်ပါတယ်။ ရာသီဥတုအခြေအနေ အပူ-အအေး အလွန်မျှတတဲ့ပိုလန်နိုင်ငံဟာ ဥရောပမှာတော့ (၆)ခုမြောက်လူဦးရေ အထူထပ်ဆုံးနိုင်ငံအဖြစ်ရှိနေတာကိုတွေ့ရပြီး (၂၀၁၇)၊ဒီဇင်ဘာ(၇)ရက်နေ့က ကောက်ခံတဲ့ သန်းခေါင် စာရင်းအရတင် (၃၈၄၃၃၆၀၀) ဦးရှိတယ်လို့သိရပါတယ်။ လူဦးရေရဲ့ (၉၈) ရာခိုင်နှုန်း လောက်ဟာ Polish တိုင်းရင်းသားမျိုးနွယ်တွေဖြစ်ပြီး အခြားလူမျိုးစု (၂)ရာခိုင်နှုန်း လောက်သာ နေထိုင်ကြပါတယ်။
ပိုလန်နိုင်ငံအရှေအလယ်ပိုင်းက Vistula မြစ်ကမ်းပါးမှာတည်ရှိတဲ့ ဝါဆောမြို့ဟာနိုင် ငံရဲ့မြို့တော်ဖြစ်သလို အကြီးဆုံးမြို့ပြဒေသလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ကတော့ ဝါဆောမြို့ဟာ လုံးဝပျက်စီးသွားခဲ့ပြီး အသစ်ပြန်လည်တည်ဆောက်ခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။ ဥရောပရဲ့သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်ဖြစ်တဲ့ Piwnica Swidnicka ဟာလည်း ဝါဆောမှာတည်ရှိပြီး (၁၂၇၅) ခုနှစ်လောက်ကတည်းက ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ပိုလန်ရဲ့အခြားထင်ရှားတဲ့ မြို့တော်တွေကတော့ Krakow၊ Lodz၊ Wroclaw၊ Poznan၊ Gdansk နဲ့ Szczecin မြို့တွေဖြစ်ကြပါတယ်။
သမိုင်းပညာရှင်တွေရဲ့အဆိုအရတော့ သံခေတ်ကာလတစ်လျှောက်လုံး ယဉ်ကျေးမှု အထွေထွေ၊လူမျိုးစုများစွာဟာ ပိုလန်နိုင်ငံတွင်းက အရှေ့ဘက်ဂျာမေနီးယားနယ်အတွင်းမှာ အခြေချနေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။AD ၉၆၆ မှာတော့ ပိုလစ်လူမျိုးတွေရဲ့ ဘုရင် Mieszko (1) ဟာ ယခုပိုလန်နိုင်ငံနေရာမှာပဲ အင်ပါယာတစ်ခုကိုတည်ထောင်ခဲ့ပြီး ခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ထားရှိအုပ်ချုပ်ခဲ့ပါတယ်။ (၁၀၂၅)ခုနှစ်လောက်မှာတော့ Kingdom of Poland မင်းဆက်တွေပေါ်ပေါက်လာခဲ့ပြီး (၁၅၆၉)ခုနှစ်မှာတော့ အိမ်နီးချင်းGrand Duchy of Lithuania ပြည်နယ်နဲ့ Union of Lublin အမည်ရတဲ့စာချုပ်ချုပ်ဆိုပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ပူးတွဲ ကြေငြာခဲ့ပါတယ်။
ပိုလန်နဲ့လစ်သူယေးနီးယားသားတွေရဲ့နိုင်ငံတော်ဟာ (၁၆)ရာစုကနေ (၁၇)ရာစုအတွင်း မှာတော့ ဥရောပရဲ့ အကြီးဆုံးနဲ့ လူဦးရေအထူထပ်ဆုံးနိုင်ငံတွေအနက်က တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီပြည်ထောင်စုနိုင်ငံဟာ စတုရန်းမိုင်(၃၉၀၀၀၀)လောက် ကျယ်ပြန့်ပြီး liberal အမျိုးသားရေးဝါဒကိုကျင့်သုံးခဲ့ပါတယ်။ သို့ပေမယ့် တူရကီ ၊ ဆွီဒင် ၊ ရုရှားလူမျိုးတွေနဲ့ မကြာခဏ စစ်ခင်းရလေ့ရှိတာကြောင့် ပိုလန်ရဲ့ပိုင်နက်နယ်မြေတွေဟာ တဖြည်းဖြည်းလျှော့သွားခဲ့ပါတယ်။ ၁၇၇၂ခုနှစ်မှာတော့ ရုရှား ၊ ပရပ်ရှား နဲ့ သြစတြီးယားတို့က ပိုလန်ရဲ့ပိုင်နက်နယ်မြေတွေကို ခွဲဝေယူခဲ့ကြပါတယ်။
ဒီလိုခွဲဝေယူခံရတဲ့အတွက် ပိုလန်ရဲ့နယ်မြေ ၃ပုံ၁ပုံနဲ့ ပိုးလူမျိုးစုစုပေါင်းရဲ့ တစ်ဝက်ဟာ တိုင်းတပါးတို့လက်အောက်သို့ ရောက်ခဲ့ရပါတယ်။ (၁၇၉၁)ခုနှစ်၊မေလ(၃)ရက်နေ့က ပိုလန်နိုင်ငံမှာ အတည်ပြုရေးသားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ဟာ ဥရောပရဲ့ အစောဆုံးသော အခြေခံဥပဒေစာအုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။ (၁၈)ရာစုရောက်ချိန်မှာတော့ သီးခြားနယ်နိမိတ်တွေအဖြစ် ပြန်ပြောင်းအုပ် ချုပ်ခဲ့ပြီး နယ်မြေအငြင်းပွားမှုဖြစ်စဉ်တွေလည်း (၂)နိုင်ငံအကြားဖြစ်ပွားခဲ့ပါတယ်။
(၁၉၃၉)ခုနှစ်၊စက်တင်ဘာလမှာတော့ ပိုလန်ဟာ နာဇီဂျာမနီရဲ့ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီးလည်းဖြစ်ပွားခဲ့ပါတယ်။ စစ်ကြီးပြီးချိန်မှာတော့ ဆိုဗီယက်ရုရှားရဲ့လွှမ်းမိုးမှုကိုဆက်လက်ခံခဲ့ရပြီး ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ပိုလန်နိုင်ငံမှာရှိတဲ့ ဂျူးလူမျိုး (၉၀)ရာခိုင်နှုန်း နဲ့ ဂျူးမဟုတ်တဲ့ပိုလန်နိုင်ငံသား စုစုပေါင်း ၆ သန်းနီးပါးဟာ နာဇီတို့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
(၁၉၄၇)ခုနှစ်မှာတော့ ဆိုဗီယက်တွေကြီးစိုးထားတဲ့ Satellite state အနေအထားကနေပဲ ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး (၁၈၉၈)ခုနစ်မှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေး နဲ့အတူ စစ်အေးတိုက်ပွဲကာလပြီးဆုံးချိန်မှာတော့ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူး ပြောင်းခဲ့ပါတယ်။
ပိုလန်ဟာ ဥရောပအရှေအလယ်ပိုင်းစီးပွားရေးဇုံရဲ့ အကြီးဆုံးသော Stock Exchange ကိုပိုင်ဆိုင်ထားပြီး ဥရောပရဲ့အအောင်မြင်ဆုံး GDP ထိပ်တန်းနိုင်ငံစာရင်းမှာ နံပါတ် (၆) နေရာကနေ ရပ်တည်နေပါတယ်။ Polish złoty (PLN) ငွေကြေးစနစ်ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၃.၈၅ PLN နဲ့ညီမျှပါတယ်။
ကမ္ဘာပေါ်မှာဆိုရင် အကောင်းဆုံးသော ပြည်ပရင်းနှီး မြုပ်နှံမှုပြုလုပ်နိုင်တဲ့ နိုင်ငံစာရင်းမှာပါဝင်နေတဲ့ ပိုလန်ဟာလူနေမှုစနစ်အမြင့်မားဆုံး နိုင် ငံစာရင်းမှာလည်း ထိပ်တန်းနေရာကကို ပါဝင်နေပါတယ်။ မြင့်မားတဲ့ပညာရေးစနစ်၊ လုံခြုံစိတ်ချရတဲ့လူ့ပတ်ဝန်းကျင်၊ကြွယ်ဝတဲ့သယံဇာတပစ္စည်းတွေ၊ ပိုင်နိုင်တဲ့အုပ်ချုပ် မှုစနစ်တွေကြောင့် ပိုလန်နိုင်ငံရဲ့ ဝင်ငွေဟာအလွန်မြင့်မားသလို တစ်ဆက်တည်း နိုင်ငံသားတွေရဲ့ ကျန်းမာရေး၊လူနေမှုပုံစံတွေဟာလည်း ကမ္ဘာနဲ့အညီရင်မောင်တန်းနေ တယ်လို့ဆိုရပါမယ်။
ပညာရေးစနစ်မှာဆိုရင် တက္ကသိုလ်အဆင့်အထိဟာ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး နာမည် ကျော်တက္ကသိုလ်၊စာကြည့်တိုက်များစွာလည်း တည်ရှိရာအရပ်ဖြစ်ပါတယ်။ ပိုလန်လူမျိုး အနည်းဆုံး ၉၀% ဟာ အထက်တန်းပြီးဆုံးသူတွေဖြစ်ပါတယ်။ UNESCO ရဲ့ထိန်းသိမ်းရမဲ့ကမ္ဘာအမွေအနှစ်ဆိုင်ရာ စာရင်းမှာဆိုရင် ပိုလန်နိုင်ငံက (၁၆)နေရာအထိပါဝင်နေပြီး ယင်းက (၁၅)နေရာကတော့ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ တွေဖြစ်ပါတယ်။ UN၊ EU၊ NATO စတဲ့အဖွဲ့တွေ ထိပ်တန်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပိုလန်ဟာ OECD၊ Visegard Group စတဲ့စီးပွားရေး၊ယဉ်ကျေးမှုဆိုင်ရာဖွဲ့အစည်းဝင်နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့တရားဝင်ရုံးသုံးဘာသာစကားကတော့ Polish ဘာသာစကားဖြစ်ပြီး Senate လို့ သိကြတဲ့ အထက်လွှတ်တော်နဲ့ Sejm လို့ခေါ်တဲ့ အောက်လွှတ်တော်(၂)ရပ်ထားရှိအုပ် ချုပ်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့သမ္မတနိုင်ငံဖြစ်ပါတယ်။
ပိုလန်နိုင်ငံ မြေဧရိယာရဲ့ (၃.၀၇)ရာခိုင်နှုန်းလောက်သာ ရေပြင်အဖြစ်ရှိနေတာဖြစ်ပြီး လူဦးရေ သိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၃၁၈)ဦးနေထိုင်ပါတယ်။ ပိုလန်နိုင်ငံရဲ့(၂၀၁၉)ခုနှစ်အတွက် ခန့်မှန်း GDP တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၂၈၁)ထရီလီယန်အထိရှိနေပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၃၃၇၄၇) ဖြစ်တယ်လို့သိရပါတယ်။ ဥရောပရဲ့ဖွံဖြိုးမှုအရှိဆုံး၊ စီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံများစွာရှိနေတဲ့ နိုင်ငံတွေထဲမှာပါဝင်နေ တဲ့ပိုလန်ဟာ ကွန်မြူနစ်စနစ်ပြီးဆုံးချိန်မှာတော့ Liberaliztion Policy ကိုကျင့်သုံးပြီး နိုင်ငံစီးပွားရေးကို အကောင်းဆုံးမြှင့်တင်နိုင်ခဲ့ပါတယ်။
ပိုလန်နိုင်ငံနယ်မြေရဲ့ (၃၀.၅)ရာခိုင်နှုန်းလောက်ကိုတော့ သစ်တောတွေနဲ့ဖုံးအုပ်ထားပြီး သစ်တောဧရိယာနှုန်းထားဟာလည်း အစိုးရရဲ့ စီမံချက်နဲ့ နှစ်စဉ် တိုးမြှင့်နေကာ (၂၀၅၀) မှာတော့ နိုင်ငံရဲ့(၃၃)ရာခိုင်နှုန်းအထိ သစ်တောဧရိယာတိုးမြှင့်လာနိုင်တယ်လို့ မျှော်မှန်းထားကြပါတယ်။ ပိုလန်နိုင်ငံရဲ့အကြီးဆုံးသစ်တောကတော့ Lower Silesianသစ်တော ဖြစ်ပြီး (၁၆၅၀)စတုရန်းကီလိုမီတာကျယ်ပြန့်ပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်းမှာတော့ Baltic ပင်လယ်ကမ်းခြေရှိပြီး Pomerania Bay ကနေ Gdansk အငူအထိဟာ ပိုလန်ရဲ့ ပိုင်နက်နယ်မြေအတွင်းပါဝင်နေပါတယ်။ပိုလန်ရဲ့ကမ်းခြေဟာ တစ်ဖြောင့်တည်းတည်ရှိ နေပြီး Szczecin ၊ Vistula စတဲ့ပင်လယ်ထုံးရေအိမ်တွေနဲ့ လှပတဲ့ Pack ပင်လယ်အော် လည်း ပါဝင်နေပါတယ်။
ပိုလန်နိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေဟာ North European မြေပြန့်လွင်ပြင်ဒေသအတွင်းကျရောက်နေပြီး၊ယင်းအပိုင်းအတွင်းမှာပဲ Lusatia၊ Silesia နဲ့ Masovia စတဲ့ ရေခဲခေတ်ကာလ River Valleys တွေအဖြစ်ရှိခဲ့တဲ့ ဒေသတွေရှိနေပါတယ်။ တောင်ကုန်း၊တောင်တန်းတွေကိုတော့ ပိုလန်နိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာတွေ့ရှိရပြီး Polish Jura Chain မှာဆိုရင်ဥရောပရဲ့ သက်တမ်းအရင့်ဆုံးကျောက်သားဖွဲ့စည်းမှုတွေ ရှိနေပါတယ်။
ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း(၆၆၀၀)လောက်မြင့်မားတဲ့ တောင်အရေအတွက် (၇၀)လောက်ဟာ ဆလိုဗက်ကီးယားနဲ့ပိုလန်နယ်စပ်မှာရှိတဲ့ Tatra တောင်တန်းဒေသမှာရှိနေတာဖြစ်ပြီး ယင်းတောင်တန်းရဲ့ အရှေဘက်အကျဆုံး Rysyတောင်တန်းကတော့ နိုင်ငံရဲ့အမြင့်ဆုံးအပိုင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း(၈၁၉၉)ပေမြင့်မားပါတယ်။ Vistula မြစ်ဟာပိုလန်ရဲ့အရှည်ဆုံးမြစ်အဖြစ်ရှိနေပြီး (၆၅၁)မိုင်လောက် ရှည်လျားတာ ကိုတွေ့ရမှာဖြစ်ပြီး အခြားမြစ်တစ်စင်းဖြစ်တဲ့ Oder နဲ့အတူ ဘော့တစ်ပင်လယ်အတွင်း ကိုစီးဝင်ပါတယ်။
ပိုလန်နိုင်ငံရဲ့ မြောက်ပိုင်း၊အနောက်ပိုင်းတွေဟာ သမုဒ္ဒရာပိုင်းဒေသရဲ့ ရာသီဥတုပုံစံ မျိုးကိုကျရောက်ပြီး အပူအအေးသင့်တင်ပါတယ်။ အရှေပိုင်းနဲ့တောင်ပိုင်းဒေသတွေက တော့ နွေကာလရောက်ချိန်မှာတော့ အပူချိန်အနည်းငယ်များကြပါတယ်။ ပိုလန်နိုင်ငံ ရဲ့အပူဆုံးကာလတွေဖြစ်တဲ့ နွေရာသီမှာဆိုရင် ပျှမ်းမျှအပူချိန်ဟာ (၁၈)ဒီဂရီကနေ (၃၀) ဒီဂရီစင်တီဂရိတ်အကြားရှိနိုင်ပြီး ဆောင်းတွင်းရောက်ချိန်မှာတော့ (၃)ဒီဂရီဆဲစီးရတ် အထိကို ကျဆင်းသွားတတ်ပါတယ်။ ဒါပေမဲ့နိုင်ငံရဲ့ အနောက်မြောက်ဘက်ပိုင်း ဒေသ အချို့မှာဆိုရင်တော့ (-၆) ဒီဂရီဆဲစီးရတ်လောက်အထိ အပူချိန်ကျဆင်းလေ့ရှိပါတယ်။ ပိုလန်ရဲ့အရှေဘက်ပိုင်းဒေသတွေကတော့ ဆောင်းတွင်းကာလဟာ နွေရာသီထက်ပို ခြောက်သွေ့လေ့ရှိပါတယ်။
(၂၀၀၄)ခုနှစ်ကထွက်ပေါ်လာတဲ့စာရင်းတွေအရဆိုရင်တော့ ပိုလန်နိုင်ငံကို ပြောင်းရွေ အခြေချနေထိုင်သူဦးရေဟာ (၂.၃)သန်းအထိရှိခဲ့တယ်လို့သိရပါတယ်။ အသက်မွေး ဝမ်းကြောင်းပညာရေးစနစ်ကိုအခြေခံတဲ့ ပိုလန်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကြောင့် ကဏ္ဍမျိုးစုံကနည်းပညာထွက်ကုန်တွေကို ကမ္ဘာအဝှမ်းက အဝယ်စာများစွာပေးပို့နေရတဲ့ စက်မှုဇုံကြီးတစ်ခုနဲ့တောင်တူနေတာကိုတွေ့ရမယ်။ PZL Swidinik, PZL Mielec စတဲ့ လေယာဉ်နဲ့ရဟတ်ယာဉ်ထုတ်လုပ်တဲ့စက်ရုံကြီးတွေ၊ Pesa SA ကဲ့သို့သောရထားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေ၊ Gdansk Shipyard ကဲ့သို့သော သင်္ဘောကုမ္ပဏီကြီးတွေ၊အီလက်ထရောနစ်စက်ရုံ ကြီးတွေ၊ကားကုမ္ပဏီတွေနဲ့ အစား အစာ၊ဆေးဝါး၊အထည်အလိပ်ထုတ်လုပ်တဲ့စက်မှုဇုံကြီးများစွာရှိနေပါတယ်။
အလုပ် လက်မဲ့ဖြစ်သူဦးရေ အလွန်နည်းပါးတဲ့ပိုလန်ဟာ နည်းပညာဆိုင်ရာထုတ်ကုန်များစွာ ကိုသာမကပဲ တွင်းထွက်ပစ္စည်းနဲ့ စိုက်ပျိုးသီးနှံထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်း အောင်မြင်မှုတွေရရှိနေတာကို တွေ့ရပါတယ်။ FB Lucznik Radom၊ Burmar Labedy SA စတဲ့စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေလည်း ပိုင်ဆိုင်ထားပြီး ဓာတုဗေဒ ထုတ်ကုန်တွေသာမက ကြေးနီ၊ငွေ၊ကျောက်မီးသွေးထုတ်လုပ်ငန်းတွေမှာလည်း ကမ္ဘာ ထိပ်တန်းနေရာကနေရပ်တည်နေတာကိုတွေ့ရပါတယ်။ စိုက်ပျိုးသီးနှံတွေကတော့ အဓိကအားဖြင့် အားလူး၊ရိုင်းဂျုံ၊မုန့်ညင်းစေ့၊ပန်းသီး၊စတော်ဘယ်ရီ၊ဂေါ်ဖီထုပ်စတဲ့ သီးနှံတွေ အောင်မြင်ဖြစ်ထွန်းကြပါတယ်။
ပိုလန်နိုင်ငံလူဦးရေရဲ့ (၈၇.၅၈)ရာခိုင်နှုန်းလောက်ဟာ ရိုမန်ကတ်သလစ်ဘာသာဝင် တွေဖြစ်ကြပြီး အခြားဘာသာကိုးကွယ်သူ(၁.၂၈)ရာခိုင်နှုန်း၊ဘာသာမဲ့ (၂.၄၁)ရာခိုင် နှုန်းနဲ့ စာရင်းမရှိတာက (၉)ရာခိုင်နှုန်းအထိရှိနေပါတယ်။
ပိုလန်နိုင်ငံရဲ့အခြားစိတ်ဝင်စားစရာ အချက်တွေကတော့
(၁) ပိုလန်နိုင်ငံက နေအိမ်၊ဘုရားကျောင်း အရိပ်အာဝါသာအောက်ကိုရောက်ရှိတာနဲ့ ဆောင်းလာတဲ့ ဦးထုပ်တွေကိုချွတ်ဖို့လိုပါတယ်။ ယင်းနေရာတွေမှာ ဦးထုပ်ဆောင်းထားခြင်းဟာ ရိုင်းစိုင်းတဲ့သင်္ကေတလို့ ပိုလန်သားတွေကမှတ်ယူပါတယ်။
(၂)ပိုလန်နိုင်ငံမှာရှိတဲ့ (၁၆)ရာစုအတွင်းကတည်ဆောက်ခဲ့တဲ့ Prague ရဲတိုက်ဟာ ကမ္ဘာမှာအကြီးဆုံးရဲတိုက်ဖြစ်ပါတယ်။
(၃) ကမ္ဘာပေါ်က အကျော်ကြားဆုံး နက္ခတ်တ္တဗဒ နဲ့ သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့ ကော့ပါးနိကပ်ဟာ ပိုလန်နိုင်ငံက ဖြစ်ပါတယ်။
(၄) (၁၈၅၃)ခုနှစ်မှာပိုလန်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Ignacy Lukasiewicz ဆိုသူဟာ ဥရောပရဲ့ ပထမဆုံးသော လမ်းမီးတိုင်တွေကိုတီထွင်ခဲ့ပါတယ်။ ကမ္ဘာပထမ ဆုံးသော လမ်းမီးတိုင်တွေကို ယူကရိန်းနိုင်ငံ Lviv မှာအသုံးပြုခဲ့တယ်လို့ဆိုပေမဲ့ အမှန် တကယ်တီထွင်ခဲ့တာက ပိုလန်နိုင်ငံမှာဖြစ်ပါတယ်။ ယင်းကာလကအသုံးပြုခဲ့တဲ့ လမ်း မီးတွေကို ယနေ့တိုင်ပိုလန်နိုင်ငံ ဝါဆောမှာဆက်လက်အသုံးပြုနေပါသေးတယ်။
(၅) မြန်မာနိုင်ငံက သြင်္ကန်ပွဲတော်လို ပိုလန်မှာလည်းရေကစားပွဲတွေရှိပါတယ်။ အီစတာပွဲတနင်္ဂနွေပွဲတော်ပြီးတဲ့နောက်ရက် တနင်္လာနေ့မှာဆိုရင် Smigus Dyngus လို့သိတဲ့ ရေကစားပွဲတော်ကိုပြုလုပ်လေ့ရှိပြီး လူငယ်အမျိုးသား၊အမျိုးသမီးအများစုသာဆင်နွှဲကြပါတယ်။
(၆) ပိုလန်နိုင်ငံရဲ့ အလံမှာ အဖြူရောင်တဝက် အနီရောင်တဝက်ပါဝင်ပါတယ်။ အဖြူရောင်ကတော့ နိုင်ငံသားအားလုံးဟာ ငြိမ်းချမ်းရေးကိုသာမျှော်လင့်တယ်လို့ ဆိုတာဖြစ်ပြီး အနီရောင်ကတော့ ပိုလန်လူမျိုးတွေ တိုင်းတပါးလက်က လွတ်မြောက်ဖို့ သမိုင်းတလျှောက် အကြိမ်ကြိမ်တွန်းလှန်ခဲ့ရတဲ့ တိုက်ပွဲတွေကို ရည်ညွှန်းပါတယ်။
(၇) ပိုလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပယင်းထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
ပိုလန် နဲ့ ကိုဗစ်နိုင်တင်း
ပိုလန်နိုင်ငံဟာလည်း ဥရောပနိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဆိုးရွားစွာခံစားနေရပါတယ်။ ပိုလန်နိုင်ငံမှာပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူကို မတ်လ ၄ ရက်နေ့မှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဂျာမနီကအလည်လာတဲ့ အသက် ၆၆နှစ်အရွယ်အဘိုးအို တစ်ဦးဖြစ်ပါတယ်။ စတင်ကူးစက်မှုကနေ တပတ်အတွင်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၂ယောက်အထိ ရှိလာခဲ့ပါတယ်။
မတ်လ ၂၅ ရက်နေ့ကနေ့ စလို့ နေ့စဉ်ဗိုင်းရပ်ကူးစက်သူ ၂၀၀ခန့်ရှိလာခဲ့ပြီး ဧပြီလ ၂ရက်နေ့မှာတော့ အဆိုးဆုံးဖြစ်ကာ ထပ်မံကူးစက်သူ ၄၀၀ အထိတိုးလာခဲ့ပါတယ်။ လက်ရှိအချိန်ထိ ပိုလန်နိုင်ငံမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၂၆၆ယောက်ရှိကာ ၆၅ဦး သေဆုံးခဲ့ပြီး ပြန်လည်ကျန်းမာလာခဲ့သူကတော့ ၅၆ယောက် အထိ ရှိလာပါပြီ။
သုတဇုန်
Discussion about this post