အိုမာခယမ်သည် ၁၁ရာစု၌ပေါ်ထွန်းခဲ့သော ပါရှန်းကဗျာဆရာကြီးဖြစ်သည်။ သူသည်ကဗျာဆရာဖြစ်သည်သာမက နက္ခတ္တဗေဒ နှင့် သင်္ချာပညာရှင် လည်းဖြစ်သည်။ ထို့ပြင်စစ်ရေး၌ ကျွမ်းကျင်သူလည်းဖြစ်ပါသည်။
ပညာထူးချွန်၍ အရည်အချင်းပြည့်စုံသူဖြစ်သဖြင့် သူ့အား သူ့မိတ်ဆွေ နန်းရင်းဝန်ကလည်ကောင်း ၊ ဘုရင်ကလည်ကောင်း ရာထူးကြီးများ ပေးအပ်ခဲ့ပါသည်။ သို့ရာတွင် သူသည် လက်မခံခဲ့ပါ။ အထောက်အပံ့ ပင်စင်ရိက္ခာအနည်းငယ်သာ ယူလျှက် ကဗျာဖွဲ့ဆိုခြင်း ၊ သင်္ချာကျမ်းပြုစုခြင်း ၊ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှု စာရင်းဇယားများ ပြုစုခြင်း ၊ ပြက္ခဒိန်အသစ် တီထွင်ခြင်းစသော အမှုတို့ကိုသာ လုပ်ဆောင်ခဲ့ပါသည်။
အိုမာခယမ်သည် ခရစ်နှစ် ၁၀၄၀ ခု တွင် Nishapur မြို့မှာ မွေးဖွား၍ (အချို့က ၁၀၅၀ ဟု ဆို) ၁၁၂၃ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ ပါရှားနိုင်ငံ၌ အိုမာခယမ်ပေါ်ထွန်းသည့်အချိန်မှာ မြန်မာနိုင်ငံ၌ ပုဂံခေတ်အချိန်ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။
အနော်ရထာမင်းသည် အေဒီ ၁၀၄၄တွင် နန်းတက်ရာ နန်းမတက်မီ ၄နှစ်အလိုခန့်က အိုမာခယမ်ကို မွေးဖွားခဲ့သည် ဟု ဆိုနိုင်ပါသည်။ အေဒီ ၁၁၁၃ ခုနှစ်တွင် ရာဇာကုမာရ်သည် မြစေတီကျောက်စာကို ရေးထိုးရာ ထိုအချိန်ပတ်ဝန်းကျင်မှာပင် အိုမာခယမ်သည် ကဗျာများဖွဲ့ဆိုနေပြီဟု မှန်းဆနိုင်ပါတယ်။
ကလေးဘဝကို အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh တွင် နေထိုင်ရင်း ရှိတ်မူဟာမက်မန်ဆူရီ၊ အီမန်မိုဝါပတ် နစ်ရှပူရီတို့ထံတွင် ပညာဆည်းပူးသည်။ Treatise on Demonstration of Problems of Algebra ကျမ်းကို ပြုစုသည်။ အိုမာခယမ်သည် Jalali ပြက္ခဒိန်ကို တီထွင်ခဲ့သည် ဟုလည်း ဆိုကြသည်။
အိုမာခယမ်၏ ကဗျာများသည် ထူးခြားလှပါသည်။ သူ၏ အတွေးအမြင်များသည် သမရိုးကျ အတွေးအမြင်များမဟုတ် ။ ရဲရင့်သော ၊ လွတ်လပ်သော ၊ ထက်မြက်သော အတွေးအမြင်တို့ ဖြစ်ရာ ယင်းတို့သည် သူ့ကဗျာများ၌ ထင်ဟပ်လျှက်ရှိပါသည်။ ထို့ကြောင့်လည်း သူ့ကဗျာများနှင့် ပတ်သတ်၍ ပညာရှင်များက
“အိုမာခယမ်၏ ကဗျာများသည် ရိုးသားရှင်းလင်းသောဟန်ရှိသည်။ မြင့်မားသော အနုပညာအရည်အသွေးရှိသည်။ ရဲဝံ့သော အတွေးအခေါ် နှင့် လွတ်လပ်သော အမြင်တို့ ရှိသည်။ အိုမာခယမ်၏ အတွေးအမြင်များသည် ယခုခေတ်ကာလနှင့် ကိုက်ညီသည်အထိ ရှေ့တန်းရောက်ခဲ့ပေသည်” ဟု ဆိုထားပါသည်။
အိုမာခယမ်၏ ကဗျာများသည် ယနေ့ကမ္ဘာအနှံ့ ထင်ရှားကျော်ကြားလျှက်ရှိပါသည်။ သူ၏ကဗျာများကို နိုင်ငံပေါင်းများစွာက ဘာသာပေါင်းများစွာဖြင့် ပြန်ဆိုထုတ်ဝေလျှက်ရှိပါသည်။ ဆိုဗီယက်နိုင်ငံ၌ တိုင်းရင်းသားဘာသာစာပေ ၁၁မျိုးဖြင့်ပင် ပြန်ဆိုထုတ်ဝေခဲ့သည်။ သမ္မာကျမ်းစာ နှင့် ကိုရန်ကျမ်းစာပြီးနောက် ဒုတိယစောင်ရေအများဆုံး ထုတ်ဝေရသော စာအုပ်မှာ အိုမာခယမ်၏ ကဗျာစာအုပ်ပင် ဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။
“သစ်ရိပ်သာဝယ်
ကဗျာလင်္ကာ ၊ ဖတ်စရာနှင့်
အစာအတွက် ၊ ပေါင်မုန့်တစ်ယှက် နှင့်
တစ်ခွက်သောက်လို ၊ ဝိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ ၊ မောင့်ချစ်သူနှင့်
အတူယှဉ်ကာ ၊ နေရပါသော်
ကန္တာရပင် ၊ ဖြစ်ပါလျှင်လည်း
မြူးရွှင်ခိုလှုံ ၊ နိဗ္ဗာန်ဘုံဟု
ကြည်ယုံမှတ်ထင် ၊ နိုင်သည်တကား”
(အိုမာခယမ် ၏ ရူဘိယတ် ကဗျာစာအုပ်မှ)
ဆရာမင်းယုဝေ၏ အိုမာခယမ် စာအုပ်မှ
Discussion about this post