ပါပူအာနယူးဂီနီ နိုင်ငံ ဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့ တရားဝင်နာမည်ကတော့ လွတ်လပ်သော ပါပူအာနယူးဂီနီနိုင်ငံ (Independent State of Papua New Guinea ) ဖြစ်ပါတယ်။ နယူးဂီနီကျွန်းရဲ့ အရှေ့ပိုင်းတစ်ဝက်ဟာ ပါပူအာနယူးဂီနီနိုင်ငံဖြစ်ပြီး ကျန်တစ်ဝက်ကတော့ အင်ဒိုနီးရှားနိုင်ငံထဲမှာ ပါဝင်ပါတယ်။
နယူးဂီနီကျွန်းဟာ ဂရင်းလန်ကျွန်းပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးကျွန်းဖြစ်ကာ စတုရန်းမိုင်ပေါင်း ၃၀၃၃၈၁ ကျယ်ဝန်းပါတယ်။ စတုရန်းမိုင်ပေါင်း ၁၇၈၇၀၀ ကျယ်ဝန်းတဲ့ နယူးဂီနီနိုင်ငံဟာ နယူးဂီနီကျွန်းမကြီးအပြင် ကျွန်းငယ်ပေါင်း ၆၀၀ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနိုင်ငံဟာ ကမ္ဘာမှာ ၅၄ခုမြောက် အကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ တော့ နယ်နိမိတ်ချင်း ထိစပ်နေပြီး သြစတြေးလျနိုင်ငံနဲ့တော့ ရေပိုင်နက်ခြင်း ထိစပ်နေပါတယ်။
ဒီနိုင်ငံရဲ့ အဓိက ဘာသာစကားက ၃ခုရှိပြီး အဲဒါတွေက အင်္ဂလိပ် ၊ Tok Pisin နဲ့ Hiri Motu တို့ဖြစ်ပါတယ်။ ကျောင်း နဲ့ အစိုးရဆိုင်ရာလုပ်ငန်းတွေမှာတော့ အင်္ဂလိပ်ဘာသာစကားကို သုံးပါတယ်။ တစ်နိုင်ငံလုံးနီးပါးကတော့ Tok Pisin ဘာသာစကားကို သုံးစွဲပေမယ့် တောင်ပိုင်းဒေသကတော့ Hiri Motu ဘာသာစကားကိုသာ ပြောဆိုသုံးစွဲလေ့ရှိပါတယ်။
၂၀၁၆ခုနှစ်စာရင်းအရ ပါပူအာနယူးဂီနီနိုင်ငံရဲ့ လူဦးရေဟာ ၈၀၈၄၉၉၉ ဖြစ်ပါတယ်။ လူဦးရေစုစုပေါင်းရဲ့ ၉၅% ကျော်ကတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး အဲဒီထဲကမှ ၇၀%ခန့်ဟာ ပရိုတက်စတင့်ခရစ်ယာန်ဖြစ်ပါတယ်။ အခြားဘာသာဝင်အနည်းငယ်ရှိပြီး တိုင်းရင်းသားအများစုကတော့ ရိုးရာဘာသာဖြစ်တဲ့ Animism (သစ်ပင်၊တောတောင်၊နေ၊လ စသည့် သက်မဲ့အရာများကို သက်ရှိပုဂ္ဂိုလ်များသဖွယ် သဘောထား၍ ကိုးကွယ်ခြင်း) တွေဖြစ်ကြပါတယ်။
ပါပူအာနယူးဂီနီ နိုင်ငံရဲ့ အကြီးဆုံးမြို့ နဲ့ မြို့တော်ကတော့ Port Moresby ပေါ့မောစ်ဘီ ဖြစ်ပြီး လူဦးရေ ၃၆၀၀၀၀ ခန့် နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ပါပူအာပင်လယ်ကွေ့မှာတည်ရှိတဲ့ ဒီမြို့ကို Pom City လို့လည်းခေါ်လေ့ရှိကြပြီး ဒီမြို့ဟာ ၁၉ရာစု အလယ်ပိုင်းလောက်ကတည်းက စီးပွားရေးဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။
ပါပူအာနယူးဂီနီရဲ့နေရာအများစုကို တောင်ကုန်းများ ၊ တောင်ပူစာများ ၊ ကမ်းရိုးတန်းမြေနိမ့်ဒေသများ ၊ သစ်တောများနဲ့ ဖုံးလွှမ်းထားပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ Wilhelm တောင်ဖြစ်ပြီး အမြင့်ပေ ၁၄၇၉၃ပေ မြင့်ပါတယ်။ နိုင်ငံ့စုစုပေါင်းဧရိယာရဲ့ ၇၇%က အပူပိုင်းမိုးသစ်တောတွေဖြစ်ပြီး သဘာဝအပင် နဲ့ တိရစ္ဆာန်များ ပေါကြွယ်ဝပါတယ်။ အပင်မျိုးစိတ်ပေါင်း ၁၁၀၀၀ခန့် ၊ ရေနေသတ္တဝါမျိုးစိတ်ပေါင်း ၂၅၀ခန့် နဲ့ ငှက်အမျိုးအစားပေါင်း ၇၀၀ကျော်ဟာ ဒီနိုင်ငံမှာ ရှိနေပါတယ်။
မြစ်ကြီးမြစ်ငယ် အသွယ်သွယ်ရှိပြီး အထင်ရှားဆုံး မြစ်နှစ်မြစ်ကတော့ Sepik မြစ် နဲ့ Fly မြစ်တို့ပဲဖြစ်ပါတယ်။ အရှည်လျားဆုံးဖြစ်တဲ့ Sepik မြစ်ကတော့ မိုင် ၇၀၀ခန့် ရှည်လျားပြီး Fly မြစ်ကတော့ မိုင် ၆၅၀ခန့် ရှည်လျားပါတယ်။ မကြာခဏပေါက်ကွဲလေ့ရှိတဲ့ မီးတောင်ပေါင်းများစွာရှိတဲ့အပြင် ပစိဖိတ်ရဲ့ Ring of Fire နယ်နိမိတ်ထဲမှာပါဝင်နေတဲ့အတွက် ငလျှင်လှုပ်ခြင်း နဲ့ Tsunami လှိုင်းဒဏ်တွေကို ခံရလေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ပါပူအာနယူးဂီနီနိုင်ငံဟာ ကမ္ဘာပေါ်မှာ မတူကွဲပြားမှု အများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အကြောင်းကတော့ မတူညီတဲ့ လူမျိုးစုပေါင်း ၁၀၀၀ကျော်နေထိုင်ကာ တိုင်းရင်းသား ဘာသာစကားပေါင်း ၈၅၁မျိုးကို သုံးစွဲနေကြလို့ပါ။ ဒီအထဲမှာ ၁၁ ဘာသာကတော့ ပြောမယ့်သူမရှိတော့ပါဘူး။ အများစုဟာ ကြမ်းတမ်းတဲ့ဒေသတွေမှာသာ နေထိုင်ကြတာကြောင့် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးကဏ္ဍတွေမှာ အလွန်နိမ့်ကျပြီး လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာနဲ့ သိပ်ကွာခြားခြင်း မရှိခဲ့ပါဘူး။
နယူးဂီနီ အနောက်ပိုင်းကုန်းမြင့်ဒေသမှာရှိတဲ့ Kuk Early စိုက်ပျိုးရေးဒေသဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၀၀ ခန့်မှာရှိနေပြီး ၂၈၇ဧက ကျယ်ဝန်းတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀ နဲ့ ၁၀၀၀၀ ကြားကနေ ယနေ့အထိ စိုက်ပျိုးရေးကို ဆက်တိုက်လုပ်ခဲ့တဲ့နေရာတစ်ခုဖြစ်ခဲ့တဲ့အတွက် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထိမ်းသိမ်းသတ်မှတ်ခြင်း ခံထားရပါတယ်။
လက်ရှိ ပါပူအာနယူးဂီနီနိုင်ငံနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၂၀၀၀ နဲ့ ၄၅၀၀၀ ကြားမှာ လူတွေစတင်အခြေချခဲ့တယ်လို့ သိရပါတယ်။ ထိုသူတွေဟာ အာဖရိကကနေ ရောက်ရှိလာခဲ့သူတွေဖြစ်ပြီး ဒီနေရာမှာ ပြောင်းရွေ့အခြေချနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဘီစီ ၅၀၀ ခန့်မှာတော့ အဓိကလူမျိုးစုဖြစ်တဲ့ austronesian စကားပြောလူမျိုးတွေဟာ ဒီနေရာမှာ ငါးဖမ်းခြင်းနည်းပညာ ၊ ဝက်မွေးခြင်း နဲ့ အိုးလုပ်ခြင်း စတာတွေကို စတင်နေခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေရာကို အရင်ဆုံးရောက်လာတဲ့ ဥရောပသားတွေကတော့ ပေါ်တူဂီ နဲ့ စပိန်ရေကြောင်း နယ်မြေရှာဖွေသူများဖြစ်ကာ ၁၆ ရာစုခန့်မှာ စတင်ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ဒီကျွန်းပေါ်ကို စတင်အခြေချတာကတေ့ ၁၉ရာစု အစောပိုင်းမှ ဖြစ်ပါတယ်။ ၁၈၈၄ခုနှစ်မှာတော့ ဂျာမန်တွေဟာ မြောက်ပိုင်းဒေသတွေကို သိမ်းယူလိုက်ပြီး ဗြိတိန်တွေကတော့ တောင်ပိုင်းဒေသတွေကို သိမ်းယူခဲ့ကြပါတယ်။ သြစတြေးလျဟာ ၁၉၀၆ခုနှစ်မှာ ဗြိတိန်ဆီက နယ်မြေတွေကို ပြန်လည်ရယူခဲ့ပြီး ပထမကမ္ဘာစစ်အတွင်းမှာတော့ ဂျာမနီဆီက နယ်မြေတွေကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မှာတော့ ဒီနယ်မြေဟာ ဂျပန် နဲ့ မဟာမိတ်တို့ စစ်ပွဲများတိုက်ခိုက်ကြရာ စစ်တလင်းဖြစ်ခဲ့ပါတယ်။ ဂျပန် ၊ သြစတြေးလျ နဲ့ အမေရိကန်စစ်သား စုစုပေါင်း ၂၁၆၀၀၀ ခန့်ဟာ ဒီနယ်မြေမှာ ကျဆုံးခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ဒီနယ်မြေကို သြစတြေးလျက အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာတော့ သြစတြေးလျတို့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ဓနသဟာယ နိုင်ငံစည်းမျဉ်းအရ ဒုတိယအဲလီဇဘက်ဘုရင်မကြီးကို နိုင်ငံအကြီးအကဲဖြစ် တင်မြောက်ခဲ့ပါတယ်။
အုပ်ချုပ်ရေးကတော့ တစ်ပြည်ထောင်ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် နဲ့ အုပ်ချုပ်ပါတယ်။ ဗြိတိန်ဘုရင်မကြီးက အကြီးအကဲဆိုပေမယ့် နိုင်ငံကို အဓိကအုပ်ချုပ်ရတာကတော့ ဘုရင်ခံချုပ်ဖြစ်ပြီး နိုင်ငံ့အရေးတွေကိုတော့ ဝန်ကြီးချုပ်ကဆောင်ရွက်ပါတယ်။ လက်ရှိဘုရင်ခံချုပ်က Bob Dadae ဖြစ်ပြီး ဝန်ကြီးချုပ်ကတော့ James Marape ဖြစ်ပါတယ်။ သြစတြေးလျ နဲ့လည်း အရင်းနှီးဆုံးဆက်ဆံရေးရှိပြီး လိုအပ်တဲ့အကူအညီမှန်သမျှကို သြစတြေးလျ အစိုးရက ကူညီလေ့ရှိပါတယ်။
ပါပူအာနယူးဂီနီ နိုင်ငံအတွင်းမှာ သုတေသနပညာရှင်တွေ လေ့လာရခြင်း မရှိတဲ့နေရာတွေ အများအပြားရှိနေပါသေးတယ်။ အပြင်ကမ္ဘာနဲ့ ဆက်စပ်ခြင်းမရှိတဲ့ လူမျိုးစုပေါင်းများစွာအပြင် ၊ အပင် နဲ့ တိရစ္ဆာန်မျိုးစိတ်သစ်ပေါင်းများစွာဟာ ဒီနိုင်ငံအတွင်းမှာ ရှိနေလိမ့်ဦးမယ် လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
၂၀ရာစု မတိုင်ခင်က လူမျိုးစုတွေကြားမှာ ခေါင်းဖြတ်လူသတ်တာတွေ ၊ လူသားစားတဲ့ဓလေ့တွေရှိခဲ့ပေမယ့် ၂၀ရာစုနောက်ပိုင်းမှာတော့ အမြစ်ပြတ်သုတ်သင်လိုက်တဲ့အတွက် ဒီဓလေ့တွေမရှိတော့ပါဘူး။ ၁၉၀၁ခုနှစ်တုန်းကတော့ နယူးဂီနီကို ရောက်ရှိလာတဲ့ သာသနာပြုအဖွဲ့ဝင် Harry Dauncey ဟာ ပါပူအာပင်လယ်ကွေ့က Goaribari ကျွန်းပေါ်မှာ လူအရိုးခေါင်းပေါင်း ၁သောင်းခန့်ကို တွေ့ရှိခဲ့ရပါတယ်။ ၁၉၃၃ခုနှစ်တုန်းက ရွှေရှာဖွေရေးသမားတွေဟာ တောင်ကုန်းတွေကြားမှာ နေထိုင်ကြတဲ့ လူမျိုးစုပေါင်းများစွာကို တွေ့ရှိခဲ့ကြပြီး သူတို့ရဲ့နေထိုင်မှုပုံသဏ္ဍာန်ဟာ ကျောက်ခေတ်ကလိုပဲ ရှိနေဆဲဖြစ်ကြောင်း တွေ့ခဲ့ကြပါတယ်။
အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေး နဲ့ မွေးမြူရေးအပြင် အုန်းလုပ်ငန်း ၊ အထပ်သားလုပ်ငန်း ၊ ရွှေငွေကြေးနီ တူးဖော်ရေးလုပ်ငန်းများ ၊ ရေနံစီး ၊ ဆောက်လုပ်ရေး ၊ ခရီးသွားလာရေး စတဲ့လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါသေးတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ၃၆၆၂ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄၈ ဖြစ်ပါတယ်။ ငွေကြေးစနစ်ကတော့ ကီနာ(Papua New Guinean kina) ဖြစ်ပြီး အမေရိကန် ၁ဒေါ်လာဟာ ၃.၃၈ PGK နဲ့ ညီမျှပါတယ်။
ပညာရေး အနေနဲ့ကတော့ အလွန်နိမ့်ကျနေပြီး အရွယ်ရောက်ပြီးသူစုစုပေါင်းရဲ့ ၆၃% ခန့်သာ စာတတ်မြောက်ကြပါတယ်။ စုစုပေါင်း တက္ကသိုလ် ၆ ခုသာ ရှိပြီး ပါပူအာနယူးဂီနီတက္ကသိုလ် နဲ့ ပါပူအာနယူးဂီနီ နည်းပညာတက္ကသိုလ်တွေက အဓိက တက္ကသိုလ်ကြီး ၂ခုဖြစ်ပါတယ်။ လမ်းပမ်းဆက်သွယ်ရေးလည်းခက်ခဲပြီး ရေလမ်းကိုသာ အဓိကအားကိုးရပါတယ်။
မြို့တော်ဖြစ်တဲ့ Port Moresby တောင်မှ အခြားမြို့တွေနဲ့ ချိတ်ဆက်ထားတဲ့ လမ်းမကြီးမရှိပါဘူး။ ဆက်သွယ်ခြင်းမရှိတဲ့ အခြားမြို့ရွာ နေရာတွေကို သွားတဲ့အခါမှာ လေယာဉ်အငယ်စားကို သုံးချင်သုံး မသုံးရင်တော့လမ်းလျှောက်သွားမှ ရောက်နိုင်မှာပါ။ အခြားနိုင်ငံက လူတွေလာရောက်ဖို့အတွက်တော့ Jacksons လေဆိပ်ဟာ မြို့တော် Port Moresby ရဲ့ ၅မိုင်အကွာမှာ တည်ရှိနေပါတယ်။
Sepik မြစ်အထက်ပိုင်းက မိကျောင်းလူသားဓလေ့
Sepik မြစ်အထက်ပိုင်းမှာနေတဲ့ လူတချို့ကို မိကျောင်းလူသားတွေလို့ခေါ်ကြပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ် အရေပြားကို ဖောက်ပြီး မိကျောင်းကွက်ပုံစံ တက်တူးတွေကို ထိုးထားတာကြောင့်ဖြစ်ပါတယ်။ သူတို့လူမျိုးစုကိုတော့ Chambri လူမျိုးစုလို့ခေါ်ကြပါတယ်။
သူတို့ရဲ့ရိုးရာအရ ယောင်္ကျားလေးတွေဟာ အရွယ်ရောက်တာနဲ့ မိကျောင်းအရေခွံပုံစံနဲ့ တူတဲ့ တက်တူးတွေကို ထိုးရပါတယ်။ ပုံမှန်တက်တူးထိုးသလို ၊ စုတ်ထိုးတာထက်ပြင်းထန်တဲ့နည်းလမ်းကို အသုံးပြုပါတယ်။ ဘရိတ်ဒါးကို အသုံးပြုကာအရေပြားကို နက်ရှိုင်းစွာ လှီးခြစ်ရခြင်းဖြစ်ပါတယ်။ ဒီလိုလှီးခြစ်ပြီးတဲ့အခါ ရိုးရာဆေးရွက်တစ်မျိုးနဲ့ သုတ်လိမ်းလိုက်တဲ့အခါ မိကျောင်းအရေခွံလို အစက် အကွက်တွေဖြစ်သွားပါတယ်။ ဒီရိုးရာအလေ့အထပြုလုပ်ခြင်းဟာ အလွန်နာကျင်ရုံသာမက တခါတရံ ပိုးဝင်ပြီးအသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
ဒီလိုမျိုးစုပ်ထိုးထားသူတွေဟာ မိကျောင်းတွေလို အစွမ်းထက်တဲ့ ပါဝါအားအင်တွေကို ရရှိစေတယ်လို့ သူတို့ကယုံကြည်ပါသတဲ့။ ဒီနေရာတစ်ဝိုက်ဟာ အရွယ်အစားကြီးမားပြီး အန္တရာယ်အလွန်ရှိတဲ့ ဆားငန်မိကျောင်းများ ကျက်စားရာနေရာလည်းဖြစ်ပါတယ်။
Discussion about this post