ဒီဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအစုအဝေးဟာ ပါကစ္စတန်နိုင်ငံ မာဒန်မြို့အနီးက တက်ခ်တိုင်ဘာဟီ (Takht-i-Bahi) လို့အမည်ရတဲ့ အင်ဒို-ပါသီယန် ရှေးဟောင်းသုတေသန ဆိုဒ်မှာ တည်ရှိပါတယ်။ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရာ ဂန္ဓာရတိုင်း ခေတ်က သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်ပြီး အဆောက်အအုံများ ခိုင်ခိုင်မာမာ တည်ရှိနေသေးတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒီ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို အေဒီ ၁ရာစု ကစတင်တည်ထောင်ခဲ့ပြီး အေဒီ ၇ရာစု အထိ နှစ်ပေါင်း ၆၀၀ ခန့် အသုံးပြုခဲ့ပါတယ်။ အဲဒီခေတ်က ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများရဲ့အနုပညာ ဗိသုကာလက်ရာတွေကို အဲဒီဘုန်းကြီးကျောင်းမှာ လေ့လာနိုင်ပါတယ်။ ဗုဒ္ဓဘာသာအတွက် အဖိုးမဖြတ်နိုင်တဲ့ အမှတ်အသား နေရာဖြစ်တာကြောင့် ၁၉၈၀ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းကို ထည့်သွင်းထိမ်းသိမ်းခဲ့ပါတယ်။
တက်ခ်တိုင်ဘာဟီ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုတော့ စမ်းရေများရဲ့ ပလ္လင် (သို့) ညီအစ်ကိုများရဲ့ ပလ္လင် လို့အဓိပ္ပါယ်ဖွင့်ကြပါတယ်။ အဲဒီဘုန်းကြီးကျောင်းရှိရာ တောင်ထိပ်ပေါ်က ရေတွင်းနှစ်တွင်း နဲ့ အနီးအနားမှာ ရှိတဲ့စမ်းချောင်းရှိတာကို ရည်ညွှန်းခေါ်ဝေါ်ခဲ့တာလို့ ဆိုကြပါတယ်။ ပါရှန်းလိုဆိုရင်တော့ Takht က ထိပ်(Top) ဖြစ်ပြီး Bahi က စမ်းချောင်း(သို့) ရေ ဖြစ်တာကြောင့် တောင်ထိပ်ပေါ်က စမ်းချောင်းလို့လည်း ဖွင့်ဆိုကြပါတယ်။
တက်ခ်တိုင်ဘာဟီဟာ အဲဒီခေတ်က ထင်ရှားတဲ့ ခံတပ်မြို့လေးတစ်မြို့ဖြစ်ခဲ့ပြီး မြို့နေလူတွေဟာ ဂျုံ ၊ ပြောင်း နဲ့ ဟင်းသီးဟင်းရွက် သစ်သီးခြံများကို စိုက်ပျိုးရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ ယခုအချိန်မှာတော့ အဲဒီအနီးအနားမှာ တက်ခ်တိုင်ဘာဟီရွာ ဆိုပြီး ရှိနေပါသေးတယ်။
ဘုန်းကြီးကျောင်းဟာ ပေ ၅၀၀ခန့် အမြင့်ရှိတဲ့ တောင်ကုန်းငယ်တစ်ခုပေါ်မှာ တည်ရှိပြီး ရွာရဲ့ဈေးနဲ့ဆိုရင် ၂ကီလိုမီတာ ကွာဝေးတဲ့အရပ်မှာ တည်ရှိပါတယ်။ ဘုန်းကြီးကျောင်းအစုအဝေးထဲမှာ အဓိကနေရာ လေးခုရှိပါတယ်။ အဲဒါတွေကတော့ အရံစေတီတွေဝန်းရံထားတဲ့ ပင်မစေတီကြီး ၊ ဘုန်းတော်ကြီးများရဲ့ဝတ်ပြုခန်းမ နှင့် စားသောက်ဆောင်၊ နားနေခန်း နဲ့ အစည်းအဝေးခန်းများကို ထပ်မံဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းဝန်း နဲ့ မှောင်ပြီးအလင်းရောင်နည်းတဲ့ တရားထိုင်ရာအခန်းငယ်များရှိရာနေရာ တို့ဖြစ်ပါတယ်။ အဆောက်အအုံတွေကိုတော့ ဒေသထွက် ကျောက်တုံးများကို ထုံး ၊ ရွံ့များဖြင့် ရောကြိတ်ကာ တည်ဆောင်ထားပါတယ်။
သမိုင်းအရဆိုရင်တော့ ဒီဘုန်းကြီးကျောင်းဟာ အချိန်ကာလ ၄ခုကို ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ အေဒီ ၁ရာစု အင်ဒို-ပါသီယန်ဘုရင် Gondophares I ရဲ့လက်ထက်မှာ ဒီဘုန်းကြီးကျောင်းကို စတင်တည်ဆောက်ခဲ့တယ်လို့ ကျောက်စာအရ သိရပါတယ်။ Gondophares I နန်းကျပြီးတဲ့နောက်မှာတော့ ကူရှန်အင်ပါယာဘုရင် Kujula Kadphises ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် ဘုရင် Kanishka လက်ထက် ၂ရာစု အထိ ကူရှန်တွေရဲ့ထိမ်းချုပ်မှုအောက်မှာ မူလအတိုင်းရှိခဲ့ပါတယ်။
ဘုန်းကြီးကျောင်းကို ဒုတိယအကြိမ်မွမ်းမံတည်ဆောက်တာကတော့ အေဒီ ၃ရာစု နဲ့ ၄ရာစု အချိန်တွေဖြစ်ပါတယ်။ ဒီဘုရင်တွေဟာ စေတီကြီးအပြင် အစည်းအဝေးခန်းမကိုပါ ထပ်မံတည်ဆောက်ခဲ့ပါတယ်။ တတိယအကြိမ်ဆက်လက်တည်ဆောက်တာကတော့ အေဒီ ၄ရာစု နဲ့ ၅ရာစုကြား Kidara Kushana ဘုရင်လက်ထက်ဖြစ်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ကတော့ အေဒီ ၆ရာစု နဲ့ ၇ရာစုကြားမှာ တရားထိုင်တဲ့အခန်းတွေကိုပါ ထည့်သွင်းပြီး အဆင့်ဆင့်တည်ဆောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဘုရင်အဆက်ဆက်ပြောင်းလဲခဲ့ပေမယ့် ဒီဘုန်းတော်ကြီးကျောင်းကို အခြားလူမျိုးများတိုက်ခိုက်ခံရတဲ့ကြားက မပျက်စီးအောင် အထူးထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပေမယ့် အေဒီ ၇ရာစု နောက်ပိုင်းမှာတော့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတာကြောင့် တဖြည်းဖြည်း ယိုယွင်းလာခဲ့ပြီးတဲ့နောက် လူသူကင်းမဲ့တဲ့နေရာတစ်ခု ဖြစ်သွားပါတယ်။
နှောင်းပိုင်း ၁၈၃၆ခုနှစ် မှာ ဒီဘုန်းကြီးကျောင်းကို စတင်ဖော်ထုတ်ဖို့ကြိုးစားခဲ့သူက ပြင်သစ်ပညာရှင်တစ်ဦးဖြစ်ပြီး အဲဒီအချိန်အထိ Mazdoorabad ဆိုတဲ့ရွာမှာ ဗုဒ္ဓဘာသာဝင်တွေနေထိုင်နေကြတုန်းလို့ သိရပါတယ်။ သုတေသနဆိုင်ရာလေ့လာခြင်း နဲ့ တူးဖော်ရေးလုပ်ငန်းတွေကိုတော့ ၁၈၆၄ခုနှစ်မှ စတင်ခဲ့ပါတယ်။ ဒီနေရာက တူးဖော်ရရှိတဲ့ သမိုင်းအထောက်အထား အရာဝထ္ထုတွေကို ဗြိတိန်ပြတိုက်မှာ ပြသထားပါတယ်။ ဘုန်းကြီးကျောင်းအစုအဝေး ပြန်လည်ထိမ်းသိမ်းခြင်းလုပ်ငန်းတွေကိုတော့ ၁၉၂၀ခုနှစ်မှာ အပြီးသတ်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံထဲမှာ ရှိတဲ့ဒီနေရာဟာ ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ်အဆောက်အအုံ အမြောက်အများရှိပေမယ့် နာမည်ကြီးတဲ့နေရာတွေထဲမှာ မပါဝင်တဲ့အပြင် သွားလာရ အနည်းငယ်လှမ်းတာကြောင့် သုတေသနပညာရှင်တွေ နဲ့ လာရောက်သူ အနည်းငယ်ပဲ ရှိပါတယ်။
စိတ်ဝင်စားရင် အောက်က ဗီဒီယိုလေးကိုနှိပ်ရင်း သွားကြည့်လိုက်ကြပါဦး
သုတဇုန်
Discussion about this post