ရှောင်ကွန်နရီ လို့ ဆိုလိုက်တာနဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ အကောင်းဆုံး အအောင်မြင်ဆုံး သရုပ်ဆောင်မင်းသားဖြစ်တယ် ဆိုတာကို သိကြပြီးဖြစ်မှာပါ။ကမ္ဘာကျော်ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားတွေရဲ့ ပထမဆုံးသောမင်းသားဖြစ်တဲ့ စကော့တလန် လူမျိုး Sir Thomas Sean Connery ကိုတော့(၁၉၃၀)ခုနှစ်၊သြဂုတ်လ(၂၅)ရက်နေ့မှာ စကော့တလန်နိုင်ငံရဲ့ မြို့တော် Edinburgh က Fountainbridge မှာဖွေးဖွားခဲ့ပါတယ်။ ရှောင်တို့မိသားစုဟာ အလွန်ဆင်းရဲပါတယ်။ ဖခင်ဖြစ်သူ joseph Connery ကတော့လော်ရီကားမောင်းတဲ့ ဒရိုင်ဘာတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Euphemia McBainကတော့ သန့်ရှင်းရေးအလုပ်သမတစ်ဦးဖြစ်ပါတယ်။
ရှောင်ရဲ့ ဘိုးဘွားတွေဟာ အိုင်ယာလန်နိုင်ငံကနေ စကော့တလန်ကို (၁၉)ရာစု အလယ်လောက်ကနေ ပြောင်းရွေနေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရှောင်ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ်သာမက ရုပ်ရှင်ထုတ်လုပ်သူအဖြစ်ပါလုပ်ကိုင်ခဲ့ပြီး အကယ်ဒမီဆုတစ်ဆု၊ BAFTA (British Academy of Film and Television Arts) ဆု(၂)ဆု၊ အသင်းသား(၉၃)ဦးပါဝင်တဲ့ ဟောလီးဝုဒ်နိုင်ငံခြားသတင်းထောက် အသင်း(HFPA)ကရွေးချယ်တဲ့ ရွှေကမ္ဘာလုံးဆု(၃)ဆုကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။
ရှောင်ကွန်နရီဟာ (၁၉၆၂)ခုနှစ်ကနေ (၁၉၈၃)ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကား (၇)ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် ကမ္ဘာ ကျော်မင်းသားဘဝကို ရောက်ရှိခဲ့ပါတယ်။ သူဟာ (၁၉၈၈)ခုနှစ်မှာတော့ The Untouchables ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပြီး အင်ဒီယာနာဂျုံးနှင့် နောက်ဆုံးခရူးဆိတ်၊ Red October သဘောၤအားရှာဖွေခြင်း အပါအဝင် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။
ရှောင်ကွန်နရီကို စကော့တလန်နိုင်ငံရဲ့နာမည်ကျော်သတင်းစာဖြစ်တဲ့ Sunday Herald ကနေအဖိုးတန်ဆုံးသောစကော့တလန်နိုင်ငံသားအဖြစ်ဖော်ပြခဲ့ရုံသာမက EuroMillion ကနေကောတ်ခံတဲ့စစ်တမ်းတွေအရလည်းသက်ရှိထင်ရှားရှိဆဲစကော့တလန်ရဲ့ တန်ဖိုး အရှိဆုံးရတနာ အဖြစ်ဖော်ပြခြင်းကိုခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ (၁၉၈၉) ခုနှစ်ကပြုလုပ်တဲ့ ကမ္ဘာကျော် People မဂ္ဂဇင်းမှာရွေးချယ်ခဲ့တဲ့ အသက်ရှင်နေဆဲဖြစ်တဲ့ ဆွဲဆောင်မှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရှောင်ကွန်နရီကိုရွေးချယ်ခဲ့တဲ့အပြင် (၁၉၉၉)ခုနှစ်မှာပြုလုပ်တဲ့ ရာစုနှစ်အတွင်း ဆွဲဆောင်မှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ်လည်း ရှောင်ကွန်နရီ ကိုသာရွေးချယ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။ (၂၀၀၀)ပြည့်နှစ်မှာ တော့ ရှောင်ကွန်နရီဟာအင်္ဂလန်ဘုရင်မကြီး Elizabeth ကနိုက်တံဆိပ်နဲ့ သူကောင်းပြုခံရပြီး KBE ဘွဲ့ရရုပ်ရှင်သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။
ရှောင်ရဲ့ငယ်ဘဝက အတော်လေးကြမ်းတမ်းခဲ့ပါတယ်။ သူကြီးပြင်းလာတဲ့နေရာဟာ ရာဘာစက်ရုံက ညှော်နံ့တွေ ၊ လမ်းဘေးအရက်ဆိုင်တွေက အရက်နံ့တွေ နဲ့ တချိန်လုံးနံစော်နေတဲ့နေရာပါ။ သူ့ကိုမွေးတော့ စားပွဲတစ်ခုရဲ့ အံဆွဲထဲမှာပဲ သိပ်ရပါတယ်။ ပုခက်ဝယ်ဖို့တောင် ပိုက်ဆံမရှိလို့ပါတဲ့။ သူ့ရဲ့ငယ်ဘဝကို ရှောင်ကအခုလို ပြောပြခဲ့ပါတယ်။
“ ကျွန်တော်တို့ အရမ်းဆင်းရဲပါတယ်။ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ ဆင်းရဲသားတွေဖြစ်နေကြလို့ပါ” တဲ့။ သူ အသက် ၁၃ နှစ် ရောက်တော့ သူ့မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် အချိန်ပြည့် အလုပ်လုပ်ဖို့ပါ ကျောင်းကထွက်လိုက်ပါတယ်။ အဲဒီအလုပ်က မွေးမြူရေး ခြံတစ်ခြံမှာ နွားတွေကို နွားနို့ညှစ်ပေးရတဲ့အလုပ် ၊ နွားနို့လိုက်ပို့ရတဲ့အလုပ် ဖြစ်ပါတယ်။
ယင်းနောက်မှာ တော့ရှောင်ကွန်နရီဟာ ဗြိတိန်ရေတပ်မှာအမှုထမ်းခဲ့ပြီး အမှုထမ်းစဉ်ကာလအတွင်းမှာ တော့သူရဲ့ကိုယ်ပေါ်မှာ Mum and Dad ဆိုတဲ့စကားလုံးနဲ့ Scotland Forever ဆိုတဲ့ စကားလုံးတွေကို တက်တူးရေးထိုးခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ဗြိတိန်ရေတပ်ရဲ့ရှောင်တခင် ဆေးစစ်ချက်မှတ်တမ်းအရ ရှောင်ကွန်နရီမှာ ယောင်္ကျားလေးအများစုမှာမျိုးရိုးဗီဇအရ ဖြစ်ပွားတတ်တဲ့ duodenal ucler(အူသိမ်တွင်ဖြစ်ပွားတတ်သောအနာ) ကိုတွေ့ရှိတာ ကြောင့်တာဝန်ကနေ ရပ်နားခြင်းခံခဲ့ရပါတယ်။
ဒါကြောင့် ရှောင်ကွန်နရီဟာ မိဘတွေဆီ ပြန်ခဲ့ရပြီး လောရီကားမောင်းဒရိုင်ဘာ၊ ရေကူးကန်အတွင်းမှာထားရှိတဲ့ lifeguard ၊ အလုပ်ကြမ်းသမားစတဲ့အလုပ်တွေကို လုပ်ကိုင်ပြီးတစ်ဖက်ကလည်း Edinburgh Collegeမှာပညာသင်ကြားနေခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူလုပ်ခဲ့ရတဲ့ အလုပ်တွေဟာ အတော်လေး ဆိုးရွားခဲ့ပါတယ်။ မီးသွေးလှည်းတွန်းတဲ့လုပ် ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပန်းရံအုတ်စီတဲ့အလုပ်၊ မသာအခေါင်းတွေကို ပေါလစ်တင်ပေးတဲ့အလုပ် နဲ့ နောက်ဆုံး ပန်းချီသင်တန်းတစ်ခုမှာ ကိုယ်လုံးတီးမော်ဒယ်အဖြစ် နေပေးရတဲ့ အလုပ်တွေ အပါအဝင်ဖြစ်ပါတယ်။
ရှောင်ကွန်နရီဟာ မူလတန်းကျောင်းသားအရွယ်တုန်းကတော့ ခန္ဒာကိုယ်ကြီးထွားမှု သေးငယ်ခဲ့ပေမဲ့ သူအသက်(၁၂)နှစ်အရွယ်ရောက်ချိန်မှာတော့ ခန္ဓာကိုယ် အလွန်ဖွံးထွားလာခဲ့ပြီး အသက်(၁၈)နှစ်မှာတော့ သူရဲ့အရပ်ဟာ (၆ပေ ၂လက်မ) အထိရှည်လျားလာပါတယ်။ ရွယ်တူအတန်းဖော်သူချင်းတွေကြားမှာတော့ ရှောင်ကွန်နရီဟာ Big Tam လို့လူသိများပြီး သူရဲ့လူပျိုဘဝကိုအသက်(၁၄)နှစ်အရွယ်ထဲက ဗြိတိသျှစစ်တပ် ATSကအမျိုးသမီးတစ်ဦးနဲ့ ပျက်ယွင်းခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးပါတယ်။
နောက်ပိုင်းမှာတော့ ရှောင်ကွန်နရီရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ဥပဓိရုပ်ကြောင့် Edinburgh College အနုပညာအသင်းရဲ့ မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပြီး Mr Scotland ဆုအတွက်ကိုယ်စားပြုပြိုင်ပွဲဝင်ရန် ရွေးချယ် ခြင်းခံခဲ့ရပါတယ်။ မော်ဒန်တစ်ဦးဖြစ်လာခဲ့ပေမယ့် သူရဲ့အနုပညာကြေးကတော့ တစ်နာရီကို (၁၅)ရှီလင်သာ ဖြစ်ပါတယ်။ရှောင်ဟာ အသက်(၁၈)နှစ်အရွယ်တည်းက ဗြိတိန်စစ်သားတစ်ဦးရဲ့နည်းပြမှုနဲ့ ကာယလေ့ကျင့်ခန်းကိုလိုက်စား ခဲ့သူဖြစ်ပြီးကာယဗလမောင်အဖြစ် အဆင့်မြင့် ပြိုင်ပွဲတွေဝင်ခဲ့ ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် သူဒီလို ခန္ဓာကိုယ်ကြီးထွားအောင် လိုက်စားခဲ့ရတာဟာ မိန်းကလေးတွေသဘောကျစေဖို့ လို့ သူကဆိုခဲ့ဖူးပါတယ်။
ဒါအပြင် ရှောင်ကွန်နရီဟာ ဘောလုံးသမားကောင်းတစ်ဦးလည်း ဖြစ်ပြီးကြေးစားဘောလုံးသမားအဖြစ် ပရော်ဖက်ရှင်နယ်စာချုပ်တွေချုပ်ဆိုဖို့အထိ ကမ်းလှမ်းခံခဲ့ရဖူးသူဖြစ်ပါတယ်။ အမှန်လည်းသူကိုယ်တိုင်အသက်(၂၃)နှစ်အရွယ်တုန်းကကြေးစားဘောလုံးကစားသမား ဘဝကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ တော့ အားကစားသမားဘဝဟာ အသက်အရွယ်ကန့်သတ်မှုရှိနေတဲ့အပြင် သူရဲ့ဒူးဒဏ်ရာကြောင့် သရုပ်ဆောင်မင်းသားဖြစ်ဖို့ ပဲအားထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟဝန်ခံဖူးပါတယ်။
ယင်းနောက်မှာတော့ ရှောင်ကွန်နရီဟာ သရုပ်ဆောင်လောကအတွင်းမှာ မော်ဒယ်အနေနဲ့ရော သရုပ်ဆောင်အဖြစ်နဲ့ပါ အနုပညာ လောကအတွင်းမှာကျင်လည်နေခဲ့ပါတယ်။ တီဗီ နဲ့ ရုပ်သံဇာတ်လမ်းတွေမှာ နှစ်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် လူသိပ်မသိတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ သူ့ဘဝကို လုံးဝပြောင်းလဲစေမယ့် အခွင့်အလမ်းတစ်ခုက သူ့ထံရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ဂျိမ်းစ်ဘွန်းဇာတ်ဆောင် အဖြစ်ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်သူအချို့ကတော့ ဒီဂျိမ်းစ်ဘွန်းဝတ္ထုဟာ စိတ်ကူးယဉ်ဇာတ်လမ်းဆန်ဆန်ဖြစ်နေပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးရင်လည်း အောင်မြင်စရာအကြောင်းမရှိကြောင်း ချက်ကျလက်ကျဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ရှောင်ကွန်နရီဟာ ဝေခွဲမရ ဖြစ်နေပေမဲ့ ဒီရုပ်ရှင်အောင်မြင်သွားခဲ့ရင် သူ့အတွက်အကျိုးများမယ်လို့ ယုံကြည်ပြီး ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရှောင်ကွန်နရီဟာ ပထမဆုံးသောဂျိမ်းစ်ဘွန်း ရုပ်ရှင်မင်းသားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး (၁၉၆၂) ခုနှစ်ကထွက်ရှိခဲ့တဲ့ Dr. No၊ (၁၉၆၃)ခုနှစ်ကထွက်ရှိခဲ့တဲ့ From Russia with Love (၁၉၆၄)ခုနှစ်ထုတ် Goldfinger ၊(၁၉၆၅)ထုတ် Thunderball၊ (၁၉၆၇) ထုတ် You Only Live Twice စတဲ့ဂျိမ်းစ်ဘွန်းဇာတ်ကား(၅)ကားဆက် ပါဝင်သရုပ်ဆောင်ခဲ့ပါ တယ်။ ယင်းနောက် ဂျိမ်းစ်ဘွန်းမင်းသားအဖြစ်ခဏတာ ရပ်နားခဲ့ပြီး (၁၉၇၁)ခုနှစ်မှာ တော့ Diamonds are Forever ၊(၁၉၈၃)ခုနှစ်ထုတ် Never Say Never again ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား(၂)ခုမှာပြန်လည်သရုပ်ဆောင်ခဲ့တာကြောင့် စုစုပေါင်းဂျိမ်းစ်ဘွန်း ဇာတ်ကား(၇)ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ရှောင်ကွန်နရီ ရိုက်ကူးပြီးစီးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားအားလုံးဟာ စီးပွားရေးအရအလွန်အောင်မြင်ခဲ့သလို ရှောင်ကွန်နရီ ဟာလည်း အမေရိကန်ရုပ်ရှင်သမိုင်းမှာ တတိယမြောက်အကြီးကျယ်ဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်။ သူဟာ ဂျိမ်းစ်ဘွန်းဇာတ်ကားနဲ့သာ နာမည်ကျော်ကြားခဲ့တာဖြစ်ပေမဲ့ အခြားသောနာမည်ကျော်ရုပ်ရှင်ဇာတ်ကား ပေါင်းများ စွာမှာလည်း ပါဝင်ပြီးရုပ်ရှင်ထူးချွန်ဆုတွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ရှောင်ကွန်နရီဟာ အမေရိကန်ရုပ်ရှင်အစည်းရုံးရဲ့ တစ်သက်တာအကောင်းဆုံးရုပ်ရှင် ထူးချွန်ဆုကို လက်ခံရရှိခဲ့တဲ့ (၂၀၀၆)ခုနှစ် ဇွန်လ(၈)ရက်နေ့မှာတော့ ရုပ်ရှင်လောက ကနေအနားယူပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
အပြင်လူနေမှုဘဝမှာတော့ ရှောင်ကွန်နရီဟာ သူရဲ့နာမည်ကျော်ဇာတ်ဆောင် ဂျိမ်းစ်ဘွန်း လိုပဲ မြှာပွေသူတစ်ဦးဖြစ်ပြီး နာမည်ကျော်မင်းသမီး၊အဆိုတော် မော်ဒန်များစွာနဲ့ တွဲခဲ့ပါတယ်။ (၁၉၆၂)ခုနှစ်မှာတော့ သြစတေးလျရုပ်ရှင်မင်းသမီး Diane Cilentoနဲ့ လက်ထပ်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ Jason Connery ကိုမွေးဖွားခဲ့ပါ တယ်။ သူတို့ရဲ့အိမ်ထောင်ရေးကတော့ နောက်ထပ်(၁၁)နှစ်အကြာ (၁၉၇၃)အကြာမှာ တော့ ပြတ်ဆဲခဲ့ပါတယ်။ (၁၉၇၅)ခုနှစ်မှာတော့ ရှောင်ကွန်နရီဟာ မောရိုကိုနဲ့ပြင်သစ် ကပြားပန်းချီဆရာမတစ်ဦးဖြစ်တဲ့ Micheline Roquebrune နဲ့ဒုတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။
ရှောင်ကွန်နရီဟာ ဟာရုပ်ရှင်သမိုင်းမှာတစ်ယောက် ပေါ်ထွန်းဖို့ခဲယဉ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်း ဟောလီးဝုဒ်ရုပ်ရှင်ဝေဖန်ရေး သမားများရဲ့ ချီးကျူးဂုဏ်ပြုခြင်းကိုခံခဲ့ရသူဖြစ်ပြီး သူစွမ်းဆောင်နိုင်တဲ့ အသက်အရွယ်အပိုင်းအခြားတွေအတွင်းမှာလည်း ကမ္ဘာရုပ်ရှင်ချစ်ပရိတ်သတ် တွေအတွက် တာဝန်ကျေခဲ့သူဖြစ်ပါတယ်။ အသက်အရွယ်ရလာချိန်မှာတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီဟာ ဘမားမတ်နိုင်ငံမှာ ဒုတိယမြောက်ဇနီးသည် Micheline Roquebrune နဲ့ အတူနေထိုင်ခဲ့ပါတယ်။ ဒီနေ့ မှာတော့ မင်းသားကြီး ရှောင်ကွန်နရီဟာ ဘဟားမတ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုကနေ ဘီဘီစီကို အတည်ပြုပြောကြားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မင်းသားကြီးရဲ့ အသက်ဟာ ၉၀ ရှိပြီဖြစ်ပါတယ်။
Discussion about this post