မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို ဖော်ပြတဲ့စာရင်းတွေမှာ သူ့အမည်ဟာ ထိပ်ပိုင်းက ရပ်တည်နေတာ သိပ်အံသြစရာတော့ မရှိလှပါဘူး။
သူဟာ ယနေ့ကာလလို ဖန်တီးမှုနည်း ပညာရပ်တွေကို နှစ်ပေါင်းရာချီကာလကတည်းက ကြိုတင်သိရှိဖန်တီးနိုင်ခဲ့တယ်ဆို တဲ့အဖြစ်ဟာ သူ့ရဲ့မှတ်တမ်းတွေအရ ပြန်လည်သိရှိခွင့်ရကြတာပါ။ စက်မှုအင်ဂျင်နီယာတည်ဆောက်မှုပိုင်းတွေကနေ စက်ရုပ်လို အရာတွေအထိ လီယိုနာဒိုကဖန်တီးပြခဲ့ပြီး ကောင်းကင်ကို ပျံတက်နိုင်တဲ့ယာဉ်တွေရဲ့ ဒီဇိုင်းပုံစံတွေကို ရိုက်ညီနောင်ထက်နှစ်(၄၀၀)လောက်စောပြီးဖန်တီးခဲ့တယ်ဆိုရင် အံ့အားသင့်သွားပါလိမ့်မယ်။ ဒီနေရာမှတော့ ပညာရှင်ကြီး လီယိုနာဒိုဖန်တီးခဲ့တဲ့ အံ့ဖွယ် တီထွင်မှု အချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ပြန်လည် ဝေမျှလိုက်ပါတယ်။
(၉) Winged Flying machine (the aeroplane)
လူအားကိုသုံးပြီး လေပေါ်ပျံတက်နိုင်တဲ့ယာဉ်တွေကို စတင်ဒီဇိုင်းရေးဆွဲခဲ့သူဟာ လီယိုနာဒိုဒါဗင်ချီဖြစ်ပါတယ်။ လေ့လာမှုတွေအရတော့ လီယိုနာဒိုဟာ Ornithopter (အတောင်ပံတွေကို ပင်မကိုယ်ထည်နဲ့ တွဲလျက်တည်ဆောက်ထားတဲ့ယာဉ်) လို့ခေါ်တဲ့ဒီယာဉ်ကို ငှက်တွေနဲ့ လင်းနို့တွေရဲ့တောင်ပံတွေကို အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာ နမူနာယူပြီး ဒီဇိုင်းဆွဲခဲ့တာလို့ သိရပါတယ်။ လူသားတွေဟာ ပထမဆုံးလေယာဉ်ပျံသန်းခြင်းကို လီယိုနာဒို ဒီဇိုင်းဆွဲပြီး နှစ်ပေါင်း ၄၀၀ ကျော် ကြာမှ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
(၈) ရေငုပ်ဝတ်စုံ
စွယ်စုံရပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီဟာ ဝေဟင်မှာသာမက ရေပြင်မှာပါ လူသားတွေအတွက်စိုးမိုးနိုင်တဲ့ အရာတွေကို ဖန်တီး ခဲ့ပါသေးတယ်။ ရေပြင်အောက်ကို လူသားတွေသွားလာနိုင်ဖို့ ပထမဆုံးသော ရေငုပ်ဝတ်စုံဒီဇိုင်းကို ဖန်တီးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သူနေထိုင်ရာ ဗင်းနစ်မြို့တော်ကို ကျူးကျော်လာတဲ့ ရန်သူ့သင်္ဘောတွေရဲ့ အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ နဲ့ တိုက်ခိုက်နိုင်ဖို့ အတွက်ဖြစ်ပါတယ်။
(၁၅)ရာစုကာလ လီယိုနာဒိုဒါဗင်ချီရဲ့ဖန်တီးမှုဒီဇိုင်းမှာ ဆိုရင် အရိုးရှည်သားရေပြွန်ကြီးတွေတပ်ဆင်ထားတဲ့ မျက်နှာဖုံးတွေနဲ့ ရေဖိအားကိုလျော့ချပေးတဲ့ စတီးကွင်းလိုအရာတွေပါဝင်နေပါတယ်။ ယင်းဝတ်စုံဟာ ယနေ့ခေတ်ကာလထိ အသုံးပြုနေဆဲ ရေငုပ်ဝတ်စုံတွေနဲ့ အခြေခံ အားဖြင့်တူညီနေပါတယ်။ နောက်ပိုင်းပညာရှင်တွေကတော့ လီယိုနာဒိုရဲ့ ဒီဇိုင်းပေါ်မှာ အခြေခံတဲ့ ရေငုပ်ဝတ်စုံအချို့ကို ဖန်တီးခဲ့ကြပါတယ်။
(၇) အလိုလျှောက်သွားတဲ့လှည်း (မော်တော်ကား)
လီယိုနာဒိုဒါဗင်ချီဟာ့ လေးဘီးတပ်ယာဉ်တွေကိုဖန်တီးခဲ့ပါသေးတယ်။ အဓိကအားဖြင့်တော့ သရုပ်ဖော်ပြဇာတ်တွေမှာ သုံးစွဲဖို့အတွက် တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ယာဉ်တွေဟာ သံပတ်တွေကိုအသုံးပြုပြီး ရွေလျားနိုင်အောင် တီထွင်ဖန်တီးထားကာ ဘရိတ်တွေသာမက သွားလာတဲ့လမ်းကြောင်းကိုထိန်းသိမ်းပေးတဲ့စနစ်တွေကိုပါ ပါဝင်နေပါတယ်။
(၆)Anemometer (လေတိုက်နှုန်းတိုင်း ကိရိယာ)
အထက်မှာဖော်ပြခဲ့တဲ့ လေပေါ်ကို ပျံသန်းနိုင်တဲ့ယာဉ်တွေနဲ့ဆက်စပ်ပြီး ပညာရှင်ကြီး လီယိုနာဒိုဟာ Anemometer လို့သိကြတဲ့ လေတိုက်နှုန်းတိုင်း ကိရိယာ တစ်မျိုးကိုဖန်တီးခဲ့ပါသေးတယ်။ လေတိုက်နှုန်းတိုင်း ကိရိယာကို ပထမဆုံးဖန်တီးခဲ့သူဖြစ်တဲ့ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့သားပညာရှင် Leon Battista ရဲ့ ဒီဇိုင်းကနေ လီယိုနာဒိုက ယင်းကိရိယာကို ပိုမိုတိကျကောင်းမွန်အောင် ဖြည့်စွက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒါဟာလည်း သူဖန်တီးခဲ့သမျှအရာတွေထဲမှာ အထင်ရှားဆုံးသော ဖန်တီးမှုတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
(၅) ပြောင်းဝ(၃၃)ခုပါအမြောက်
အလိုအလျောက်ပစ်ခတ်နိုင်တဲ့ ပြောင်းဝ(၃၃)ခုပါ အမြောက်လက်နက်ဟာ သေနတ်တွေ ပီပီပြင်ပြင်မပေါ်ခင်တည်းက လီယိုနာဒိုဖန်တီးခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ခေတ်ရှေပြေးလက်နက်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အမြောက်ပြောင်းအားလုံးက ပစ်ခတ်နိုင်မှာမဟုတ်ဘဲ တစ်ပိုင်းကျည်ဖြည့် ၊တစ်ပိုင်းကပစ်ခတ်နိုင်တဲ့ ပုံစံမျိုးနဲ့ဖန်တီးခဲ့တာဖြစ်ပြီး လီယိုနာဒိုရဲ့ လက်နက်ဟာ ယနေ့ခေတ်ကာလ စက်သေနတ်တွေရဲ့ ရှေ့ပြေးတီထွင်မှုတစ်ခုဆိုရင်လည်း မမှားပါဘူး။
(၄) Helical aerial screw (ခရုပတ်ပုံယာဉ်ပျံ)
ယနေ့ခေတ်ကာလ ဟယ်ရီကော်ပတာယာဉ်တွေရဲ့ အခြေခံလို့ဆိုရမဲ့ ကောင်းကင်ကို ပျံတက်နိုင်တဲ့ ခရုပတ်ပုံယာဉ်ကို ပညာရှင်ကြီး လီယိုနာဒိုက (၁၄၉၃)ခုနှစ်ကာလက ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ လှည့်ပတ်နေတဲ့ ဝက်အူရစ်သဏ္ဍာန် လီနင်စကို အသုံးပြုထားတဲ့ ဒီအရာဟာ လေကို ဖိနှိပ်ခြင်းဖြင့် ယာဉ်ကိုပျံတက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်ကာ vertical flight machine တွေဟာဆိုရင်လည်း လီယိုနာဒိုရဲ့ ခရုပတ်ပုံယာဉ်ပျံကို အခြေခံကာ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
(၃) တံတားအရှင်
ဆုံလည်ပါတဲ့တံတားရှင်တွေကိုလည်း လီယိုနာဒိုက ဖန်တီးပြီး မျက်မှောက်ခေတ်ပညာရှင်တွေမျက်စိလည်အောင် သမိုင်းမှတ်တမ်းချန်ထားရစ်ခဲ့ပါသေးတယ်။ အထူးသဖြင့် စစ်ပွဲတွေမှာအသုံးပြုဖို့ လီယိုနာဒိုက ဖန်တီးပေးခဲ့တာဖြစ်ပြီး (၁၄၈၀)ခုနှစ်က မီလန်မြို့စား လူဒိုဗီကိုစဖော့ဆာ ရဲ့တပ်တွေ မြစ်ကိုဖြတ်ပြီးအလျှင်အမြန်ချီ တက်နိုင်ဖို့ လီယိုနာဒိုဖန်တီးခဲ့တာဖြစ်ပြီး လွယ်ကူစွာပဲ ဒီတံတားကို ပြန်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။
(၂) လေထီး
အများစု အနေနဲ့ကတော့ ကမ္ဘာ့ပထမဆုံးသော လေထီးကို ပြင်သစ်နိုင်ငံသားပညာရှင် ဆာဘာစတန်လီနိုမန့်က (၁၇၈၃) ခုနှစ်ကစတင်ဖန်တီးခဲ့တယ်လို့ သိကြပေမယ့် လီယိုနာဒိုက သူ့ထက်နှစ်ပေါင်းများစွာ စောပြီး ဒီအိုင်ဒီယာကို ရရှိပြီးဖြစ်တယ်လို့ ဆိုရပါမယ်။ လီယိုနာဒိုရဲ့ လက်ရေးမူကြမ်း တခုမှာ လူတယောက်ဟာ လီနင်ရွက်ဖျင်တဲစ သဏ္ဍာန်ကို ရေပြင်ညီဆိုင်းကြိုး ၁၂ ခု ၊ ဒေါင်လိုက်ဆိုင်းကြိုး ၁၂ ခုတို့နဲ့ ဖန်တီးထားပါက ဒီအရာဟာ မြင့်မားတဲ့နေရာတွေကနေ အောက်ဘက်ကို ဆင်းသက်တဲ့အခါ လူကိုထိခိုက်မှုရှိစေမှာ မဟုတ် လို့ ဆိုထားပြီး ပုံကြမ်းများလည်း ရေးခြစ်ထားခဲ့ပါသေးတယ်။
(၁) လူသားစက်ရုပ်
ရှေးပညာကျော်ကြီးလီယိုနာဒိုဒါဗင်ချီဟာဆိုရင် အလိုအလျောက်စက်တွေနဲ့ ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့်ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ပြန်လည်တွေ့ရှိတဲ့သူရဲ့မှတ်စုစာအုပ်မှာဆိုရင်လည်း ဟိုက်ဒရောလစ်ရေနာရီမှနေပြီး စက်ရုပ်ခြင်္သေ့တွေအထိ ဖန်တီးတဲ့ စက်မှုပိုင်းဆိုင်ရာ နည်းပညာရပ်တွေနဲ့ပြည့်နှက်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။ ယင်းပစ္စည်း တွေအနက်က လူသိအများဆုံးကတော့ ဂျာမန် နိုက်သူရဲကောင်းသဏ္ဍာန် သံချပ်ကာဝတ်ဆင်ထားတဲ့ လူသားစက်ရုပ်ပဲဖြစ်ပါတယ်။
ဒါဗင်ချီဖန်တီးထားတဲ့စက်ရုပ်ရဲ့အစိတ်အပိုင်း တွေကိုလေ့လာကြည့်မယ်ဆိုရင်တော့အပြင်ပိုင်းကနေ ကောက်တံတစ်ခုနဲ့မောင်းနှင်ပြီး ကေဘယ်ကြိုးတွေ၊ ပူလီတွေကိုအသုံးပြုပြီး စက်ရုပ်ရဲ့အထိုင်၊အထ၊ခေါင်းလှည့်၊လက် တွေလှုပ်ရှားတာတွေကနေ တပ်ဆင်ထားတဲ့ သတ္ထုဒိုင်းကို မြှောက်နိုင်ဖို့အထိဖန်တီးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
လီယိုနာဒိုဒါဗင်ချီကတော့ စက်ရုပ်တွေရဲ့ရှေပြေးပုံစံကို (၁၄၉၅)ခုနှစ်ကတည်းက မီလန်မြို့စားကြီးရဲ့အားပေးမှုနဲ့တည်ဆောက်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခင်ကတော့ ဒါဗင်ချီရဲ့ဖန်တီးမှုအပေါ် ထင်မြင်ချက်ကွဲလွဲမှုတွေ ရှိနေခဲ့ပေမဲ့ (၂၀၀၂)ခုနှစ်မှာ နာဆာက စက်ရုပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မတ်ခ်ရော်ရှန် က ဒါဗင်ချီရဲ့မှတ်စုတိုတွေကနည်းအတိုင်း စက်ရုပ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့ချိန်မှာတော့ လီယိုနာဒိုဒါဗင်ချီဟာ (၁၅)ရာစုကာလကတည်းက လူသားစက်ရုပ်ကို တီထွင်နိုင်ခဲ့တယ်ဆိုတာကို အားလုံးကလက်ခံခဲ့ရပါတယ်။
Discussion about this post