ဘိုရာဘိုရာ ကတော့ ပြင်သစ်နိုင်ငံရဲ့ ပင်လယ်ရပ်ခြားပိုင်နက်ဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ပြင်သစ်ပိုလီနီးရှားဒေသထဲမှာ ပါဝင်တဲ့ ကျွန်းစုတခုဖြစ်ပါတယ်။ သူ့ရဲ့အမှတ်အသားကတော့ တောင်တွေဝန်းရံထားပြီး အလွန်ကြည်လင်တဲ့ စိမ်းပြာရောင်ရေပြင် ၊ ဖြူလွှလွှသဲသောင်ပြင်တွေ နဲ့အတူ အမြဲစိမ်းနေတဲ့ သစ်ပင်တွေ ၊ ကမ်းခြေအစပ် ရေပြင်ထဲက လှပစွာတည်ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေ ၊ ရေပေါ် ရေအောက် သဘာ၀ နဲ့ သက်ရှိ တို့နဲ့ သဘာ၀ အလှတရားတွေဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း အလှဆုံးကျွန်းတကျွန်းအဖြစ် သတ်မှတ်ခံထားရသလို အလှပဆုံး ရိုမန်တစ်အဆန်ဆုံး နေရာတွေထဲမှာ အမြဲပါဝင်နေလေ့ရှိတာဖြစ်ပါတယ်။ ဒီတခါတော့ ဘိုရာဘိုရာ ရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။
အကျယ်အဝန်းအားဖြင့် ၁၂ စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းပြီး အလယ်က ကျွန်းတွေ နဲ့ ဆားငံအိုင်ကို သန္တာကျောက်တန်းတွေက ပတ်လည်ဝန်းရံထားတဲ့ ပုံသဏ္ဍာန် နဲ့ တည်ရှိနေတာပါ။ ပင်မကျွန်းကြီးဟာ ပြင်သစ်ပိုလီနီးရှား မြို့တော် Papeete နဲ့ ၁၄၃မိုင်ခန့် အကွာမှာ တည်ရှိနေပါတယ်။ ကျွန်းရဲ့အလယ်မှာတော့ မီးတောင်သေကြီး တခုရဲ့ တောင်ထွတ် နှစ်ခုဟာ ထိုးထွက်နေပါတယ်။ ဒီတောင်ထွတ်နှစ်ခုကတော့ ဘိုရာဘိုရာ ရဲ့ ဓာတ်ပုံအများစုမှာ မြင်ရလေ့ရှိပြီး Mount Pahia နဲ့ Mount Otemanu တို့ဖြစ်ပါတယ်။ Otemanu တောင်ကတော့ ဒီနေရာရဲ့ အမြင့်ဆုံးနေရာဖြစ်ပြီး ၂၃၈၅ပေ မြင့်ပါတယ်။
ဘိုရာဘိုရာ ရဲ့ အဓိကစီးပွားရေးကတော့ နိုင်ငံတကာ ခရီးသွားလာရေးလုပ်ငန်းဖြစ်ပြီး ကမ္ဘာကျော် သဘာ၀ အပန်းဖြေစခန်းတွေရှိတဲ့ နေရာအဖြစ် ကျော်ကြားပါတယ်။ ကျွန်းစုရဲ့မြို့ငယ်(သို့) ရွာ ကတော့ ပင်မကျွန်းကြီးရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိနေပြီး Vaitape လို့ခေါ်ပါတယ်။ စုစုပေါင်း ရွာ ၃ ရွာရှိနေတာဖြစ်ပြီး နောက် ၂ရွာက Anau နဲ့ Faanui တို့ ဖြစ်ပါတယ်။ ဒီကျွန်းတခုလုံးမှာတော့ လူဦးရေ ၁သောင်း ခန့်သာ နေထိုင်ပြီး အဓိက ဘာသာစကားကတော့ ပြင်သစ်ဘာသာစကားဖြစ်ကာ လူဦးရေရဲ့ ၂၀% ကတော့ တဟီတီဘာသာစကားကိုပြောဆိုနိုင်ပြီး အင်္ဂလိပ်စကားကိုလည်း ပြောနိုင်ကြပါတယ်။ ငွေကြေးစနစ်အနေနဲ့ကတော့ ပြင်သစ်ပစိဖိတ်ဖရန့်(CPF) ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ 101.40 CFP နဲ့ ညီမျှပါတယ်။
ဟိုးအရင်အချိန်ကတော့ ဒီနေရာရဲ့အမည်ကို Pora pora mai te pora လို့ခေါ်ခဲ့ပြီး အဓိပ္ပါယ် အနေနဲ့ နှစ်ခွဖြစ်နေပါတယ်။ တခုကတော့ နတ်ဘုရားတို့ ဖန်ဆင်းထားတဲ့နေရာ ဖြစ်ပြီး နောက်တမျိုးကတော့ ပထမဆုံးမွေးဖွားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ Pora pora ကို Bola Bola (သို့) Bora Bora လို့ အသံထွက်ရာကနေ ဘိုရာဘိုရာဆိုပြီး ဖြစ်လာပါတယ်။ ဒတ်ချ်လူမျိုး နယ်မြေသစ်ရှာဖွေသူတယောက်ဖြစ်တဲ့ Jacob Roggeveen နဲ့ သူ့အဖွဲ့တွေ ဒီကျွန်းပေါ်ကို ပထမဆုံး ရောက်ရှိချိန်မှာတော့ Bora Bora အမည်ကိုပဲ ခေါ်ဆိုခဲ့ရာကနေ ယခုအချိန်ထိ ဒီနာမည်ပဲ ဖြစ်သွားတာပါ။
သမိုင်းကြောင်း
ဒီကျွန်းပေါ်ကို လူသားတွေ စတင်အခြေချခဲ့ချိန်ကတော့ အေဒီ ၄ရာစု ဝန်းကျင်ကတည်းကဖြစ်ပြီး ပထမဆုံးရောက်ရှိခဲ့တဲ့ ဥရောပသားကတော့ Jacob Roggeveen ဖြစ်ကာ ၁၇၂၂ ခုနှစ်မှာဖြစ်ပါတယ်။ ဗြိတိသျှလူမျိုး နယ်မြေသစ်ရှာဖွေသူ James Cook ကတော့ တဟီတီကျွန်းသားလမ်းပြရဲ့ အကူအညီနဲ့ ၁၇၆၉ ခုနှစ်မှာ ကျွန်းပေါ်ကို ရောက်ရှိခဲ့ပါတယ်။ ပထမဆုံး ခရစ်ယာန် သာသာနာပြုအဖွဲ့ကတော့ ၂၈၂၀ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး ၁၈၉၀ မှာတော့ ပရိုတက်စတင့်ချာ့ချ်ကျောင်း ကို စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဒီနေရာမှာ ခရစ်ယာန်ဘာသာ ပြန့်ပွားခဲ့တာဖြစ်ပြီး ကျွန်းမှာနေထိုင်သူအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။
ဘိုရာဘိုရာဟာ လွတ်လပ်တဲ့ ဘုရင့်နိုင်ငံတခုအဖြစ် နောက်ဆုံးဘုရင်မဖြစ်တဲ့ Teriimaevarua III အုပ်စိုးခဲ့ချိန် ၁၈၈၈ ခုနှစ်အထိ ရပ်တည်ခဲ့ပြီး အဲဒီနောက်မှာတော့ ပြင်သစ်တို့ရဲ့ ကိုလိုနီနယ်မြေအဖြစ် ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ ဘိုရာဘိုရာ ဟာ အမေရိကန်တပ်မတော်ရဲ့ ထောက်ပံ့ရေးအခြေစိုက်စခန်းဖြစ်ခဲ့ပြီး သင်္ဘောကိုးစင်း ၊ ထောက်ပံ့ရေးပစ္စည်းတန်ချိန်ပေါင်း ၂သောင်းခန့် နဲ့ လူ ၇၀၀၀ ခန့် ကို ထားရှိခဲ့ပါတယ်။ ဒီစခန်းကိုတော့ ၁၉၄၆ ခုနှစ်မှာ ပိတ်သိမ်းသွားခဲ့ပါတယ်။ ဘိုရာဘိုရာလေဆိပ်ကိုတော့ ၁၉၄၃ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၅၈ ခုနှစ်မှာတော့ စီးပွားဖြစ်လေဆိပ်အဖြစ် စတင်ပြေးဆွဲခဲ့ပါတယ်။
အပူပိုင်း ကျွန်းဖြစ်တာနဲ့ အညီ စိမ်းလန်းတဲ့ အပင်တွေများစွာလည်း ပေါက်ရောက်နေပြီး အုန်းပင် နဲ့ ရဲယိုပင်များစွာကိုလည်း ဒီနေရာမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အုန်းသီးကတော့ ဒီဒေသရဲ့ အဓိက ထွက်ကုန်ဖြစ်ပါတယ်။ ဘိုရာဘိုရာ ဒေသခံလူဦးရေရဲ့ ထက်ဝက်လောက်ဟာ အသက် ၂၀ ဝန်းကျင်တွေသာ ဖြစ်ကြပါတယ်။ ကျွန်းသူတွေကတော့ ပန်းပန်တဲ့ပုံစံ နဲ့ Relationship ကို ခွဲခြားထားလေ့ရှိပါတယ်။ ပန်းကို ဘယ်ဘက်နားမှာ ပန်ထားရင် ချစ်သူ ရှိပြီးဖြစ်ကာ ညာဘက်နားမှာ ပန်ထားမယ်ဆိုရင်တော့ ချစ်သူ မရှိသေးသူ လို့ ဆိုလိုပါသတဲ့။
ဘိုရာဘိုရာမှာ ထင်ရှားတဲ့နေရာတခုကတော့ မတ်တီရာ(Matira) ကမ်းခြေဖြစ်ပြီး ခရီးသွားတွေအကြား အလွန်နာမည်ကြီးပါတယ်။ မြို့တော်ကနေ ၄ မိုင်ခန့်အကွာမှာ တည်ရှိနေပြီး ကမ်းခြေမှာတော့ နူးညံ့တဲ့သဲသောင်ပြင် နဲ့အတူ ကြမ်းပြင်ထိမြင်နေရတဲ့ အလွန်ကြည်လင်လှတဲ့ ရေပြင်ကြီးရှိနေပါတယ်။ ဒီကမ်းခြေမှာတော့ စိတ်ကြိုက်အနားယူ တည်းခိုစရာ အပန်းဖြေစခန်းများစွာနဲ့အတူ ဈေးဆိုင်တွေ ၊ စားသောက်ဆိုင်ပေါင်းများစွာ ရှိနေပါတယ်။
သန္တာကျောက်ဆောင်ဥယျာဉ် ( Coral Gardens) ဟာလည်း ကျွန်းမကြီးရဲ့အရှေ့ဘက် ရေအရမ်း မနက်တဲ့နေရာမှာ တည်ရှိနေပါတယ်။ သဘာဝအတိုင်း ခန့်ထည်လှပစွာတည်ရှိနေပြီး အနီးရေအောက်မှာတော့ သဘာဝအလှအပ တွေနဲ့ ရောင်စုံငါးကလေးတွေကို ရေငုပ်ကာ တိုက်ရိုက်ကြည့်နိုင်ပါတယ်။ ငါး ၊ ငါးလိပ်ကျောက် ၊ လိပ်စတဲ့ ရေနေမျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကမ်းစပ်ကနေ မော်တော်ဘုတ် နဲ့လာရင် ၅မိနစ်ခန့်သာ လာရတဲ့ အကွာအဝေးမှာ ရှိနေပါတယ်။
ဘိုရာဘိုရာကို အလည်လာသူတွေအတွက် စိတ်ဝင်စားစရာပြုလုပ်နိုင်တဲ့ အရာတော်တော်များများလည်း ရှိနေပါတယ်။ အဲဒါတွေကတော့ ဘိုရာဘိုရာ တခွင်က သဘာဝအလှအပတွေကို ကောင်းကင်ပြင်ကနေ ရဟတ်ယာဉ် နဲ့ လှည့်လည်ကြည့်ရှု့ခြင်း ၊ ကနူးလှေစီးခြင်း၊ ကျွန်းအနီးရေအောက်ကို ငုပ်ကာ သက်ရှိသဘာဝအလှအပတွေကို ကြည့်ရှု့ခြင်း ၊ ဝေလငါးတွေကို စောင်ကြည့်ခြင်း ၊ ရေလွှာလျှောစီးခြင်း နဲ့ အလွတ်လေထီးခုန်ရင်း ဘိုရာဘိုရာ အလှအပတွေကို ကြည့်ရှုခြင်း စတာတွေ ဖြစ်ပါတယ်။
ကျွန်းအလယ်တည့်တည့်က ပေ ၂၀၀၀ ကျော်မြင့်မားတဲ့ Otemanu တောင်ကို လမ်းပြရဲ့ အကူအညီနဲ့ တက်ရောက်ပြီး တောင်ပေါ်ကနေ ဘိုရာဘိုရာ တခွင်ကိုလည်း ကြည့်ရှု့နိုင်ပါတယ်။ ကျွန်းမြို့ Vaitape ကတော့ ခရီးသွားဝန်ဆောင်မှု နဲ့ ရုံးလုပ်ငန်းတွေအခြေစိုက်ရာနေရာဖြစ်ပြီး ရိုးရှင်းလင်းစွာ တည်ဆောက်ထားတဲ့ မြို့ပြဟန် အဆောက်အဦးတွေ ၊ ဈေးဆိုင် တွေ နဲ့ စားသောက်ဆိုင်များစွာ ရှိနေပါတယ်။ တကျွန်းလုံးကိုတော့ ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ခြေကျင် စသည်ဖြင့် အလျဉ်းသင့်သလို သွားလာ လည်ပတ်နိုင်ပါတယ်။
ဘိုရာဘိုရာရဲ့ ထူးခြားချက်တခုကတော့ တခြားကမ္ဘာ့ကျွန်းအများစုမှာ မြွေ နဲ့ အင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်တွေပေါများစွာ ရှိနေပေမယ့် ဒီနေရာမှာတော့ ဒါတွေ မရှိတာကြောင့် သဲသောင်ပြင်ပေါ်မှာ အိပ်နေရင်တောင် စိုးရိမ်စရာ မလိုပါဘူးတဲ့။ အလွန်ဝေးကွာလှတဲ့ သမုဒ္ဒရာထဲမှာ သီးသန့်သွားရောက်ရတာဖြစ်တာမို့ ဒီနေရာရဲ့ ဈေးနှုန်း ဟာ အခြားနေရာတွေထက် ပိုမိုကြီးမြင့်ပေမယ့် သွားရောက်အပန်းဖြေသူတွေကတော့ ကုန်ကျတာနဲ့ ပိုမိုတဲ့ ခံစားမှုကို ရရှိစေတယ်လို့ ဆိုကြပါတယ်။
စုံတွဲတွေ ၊ ဟန်းနီးမွန်းထွက်သူတွေအတွက်တော့ ဘိုရာဘိုရာဟာ ရိုမန်တစ်အဖြစ်ဆုံးနေရာတခုလို့ တင်စားပြောဆိုလေ့ရှိကြပါတယ်။ ဟောလိဝုဒ်က ကမ္ဘာကျော်သရုပ်ဆောင် နဲ့ အဆိုတော်တော်များများ ဟာ ဘိုရာဘိုရာကို လာရောက်အပန်းဖြေလေ့ရှိသလို နာမည်ကြီး ရုပ်ရှင်တွေမှာလည်း ဘိုရာဘိုရာဟာ ပါဝင်နေလေ့ရှိပါတယ်။ ဘိုရာဘိုရာမှာ လာရောက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ မင်းသားကြီး Vin Diesel သရုပ်ဆောင်ထားတဲ့ Triple X ဇာတ်ကားအပြင် Bora Bora ၊ Sky Pirates ၊ Couples Retreat နဲ့ Mutiny on the Bounty ဇာတ်ကားတွေ ပါဝင်ပါတယ်။
သမုဒ္ဒရာထဲက ကျွန်းငယ်လေးဖြစ်ပေမယ့် ဒီနေရာမှာ ကြယ်ငါးပွင့်ဟိုတယ်အဆင့်သတ်မှတ်ခံထားရတဲ့ အပန်းဖြေစခန်းတွေ ရှိနေပါတယ်။ ထင်ရှားတဲ့ အပန်းဖြေစခန်းတွေကတော့ Four Seasons Resort ၊ InterContinental Bora Bora ၊ Conrad Bora Bora Nui ၊ Le Bora Bora ၊ Rohotu Fare နဲ့ Sofitel Bora Bora စတာတွေဖြစ်ပါတယ်။ အများစုကတော့ ရေပြင်ထက်က ဘန်ဂလိုလေးတွေဖြစ်ပြီး တချို့ကတော့ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ ရှိနေပါတယ်။ တည်းခိုခ အနေနဲ့ကတော့ ၁ရက်အတွက် ဒေါ်လာ ၄၀၀ ကနေ ၂၀၀၀ ဝန်းကျင်အထိ ရှိနိုင်ပြီး ပျမ်းမျှအားဖြင့် စုံတွဲ ၁တွဲ ၁ပတ်နေမယ်ဆိုရင် ဒေါ်လာ ၁သောင်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Discussion about this post