မူရင်းရေးသားသူ – Mi Thein
Great Pacific Trash Vortex
ပစိဖိတ်သမုဒ္ဒရာအတွင်း လူတွေရဲ့စွန့်ပစ်ထားသော ပလတ်စတစ်နှင့် အခြားစွန့်ပစ်ပစ္စည်းများ တစ်စတစ်စ စုဝေးပြီး မျောပါနေတဲ့ အမှိုက်ဝဲကြီးဟာ ရုရှားနိုင်ငံ၏ အကျယ်အဝန်းမျှ ကျယ်ဝန်းသည်ဟု ပြောပါက ယုံနိုင်မည်မထင်ပါ။
ပင်လယ်သမုဒ္ဒရာတွေထဲ ထိုကဲ့သို့သော အမှိုက်ဝဲကြီးများ အမှိုက်ကျွန်းများ များစွာရှိကြသည့်အနက်မှ Hawaiii (ဟာဝါရီ) နှင့် California ( ကယ်လ်ဖိုးနီးယား) ကြား ပစိဖိတ်သမုဒ္ဒရာအလယ် မှာရှိတဲ့ Great Pacific Trash Vortex ( ပစိဖိတ်အမှိုက်ဝဲကြီး) ဟာအကြီးမားဆုံးနဲ့ အကျော်ကြားဆုံးဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် အလေးချိန် 10 billion ပေါင်မှ 30 billion ပေါင်အတွင်းရှိကာ အများစုမှာ ပလတ်စတစ်များဖြစ်ပြီး ထိုအမှိုက်ကျွန်းကြီးရဲ့ ပေါင် 8000 နီးပါးမှာ ငါးဖမ်းပိုက်ကွန်များဖြစ်ပါတယ်။
အမှိုက်ကျွန်းကြီးရဲ့ 80 % သောအမှိုက်များဟာ မြောက်အမေရိက နှင့် အာရှနိုင်ငံများမှဖြစ်ပြီး မြောက်အမေရိက အမှိုက်များမှာ ငါးနှစ်ကြာ ရေစီးကြောင်းတစ်လျှောက်မျောပါပြီး မှ အမှိုက်ဝဲကြီးအတွင်းသောင်တင် ရောက်ရှိလာခြင်းဖြစ်ပါတယ် အာရှ နိုင်ငံမှ အမှိုက်များ ကတော့၎င်းအမှိုက်ဝဲကြီးထဲရောက်ရှိရန်မှာ တစ်နှစ်သာကြာမြင့်ပါတယ်။ အမှိုက်ဝဲကြီးကို 1997 ခုနှစ်တွင် ချာလ်းမိုး Charles Moore ဟုအမည်ရသော ပင်လယ်ဓါတ်ပုံဆရာတစ်ယောက်ဟာ လှေပြိုင်ပွဲတစ်ခုမှ ပင်လယ်ကိုဖြတ်ပြန်လာရာလမ်းအတွင်း သူ၏ အဖွဲ့သားများနှင့်အတူ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ပလတ်စတစ်ဘူးခွံများရဲ့ ဆွေးမြေ့ပျက်စီးချိန်မှာ နှစ်ပေါင်း ၄၅၀ခန့်ကြာမြင့်နိုင်ပြီး ပလက်စတစ်များမှာ စင်စစ်ပျက်စီးရန် နှစ်ပေါင်း1000 ကြာမြင့်လေ့ရှိပါတယ်။ ပလတ်စတစ်များပင်လယ်တွင်းမျောပါနေချိန်တွင် ၎င်းတို့သည်ပင်လယ်ရေ နှင့် ဓါတ်ပြုကာ နေအပူချိန် နှင့်ထိတွေ့ပြီး အရောင်ဆိုးဆေးများနှင့် အခြားဓါတုပစ္စည်းများဟာ ရေထဲသို့ပေါင်းစပ်ပျော်ဝင်ပြီး ပင်လယ်ရေနေသတ္တဝါများအား ရောဂါရစေကာ ထိုမှတစ်ဆင့် ၎င်းသတ္တဝါများကို စားသုံးသောလူသားများကို ကင်ဆာ မှအစ အခြားသောရောဂါများ ဖြစ်ပွားစေပါတယ်။
ထိုမျောပါနေသော ပလတ်စတစ်ပမာဏများစွာကို ငါးမျိုးစိတ်ပေါင်း 180 ဟာ ပလတ်စတစ်များကို အစာများဟုထင်ကာ ပုံမှန်စားသောက်နေကြပါတယ် ။ ရံဖန်ရံခါ ဧရာမဝေလငါးကြီးများသေဆုံးကာ ကမ်းခြေများပေါ်သောင်တင်လာရာမှ ၎င်းတို့၏ ခန္ဓာကိုယ်အားခွဲစိတ်စစ်ဆေးကြည့်သည့်အခါမှာ ငါးကြီးများ၏ အစာအိမ်အတွင်း ပလတ်စတစ်အိတ်များ ပြည့်နှက်ကာ အဆိပ်ဖြစ်သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရှိကြရပါတယ်။ ငါးဖမ်းပိုက်ကွန်များနှင့်ငြိကာ ဧရာမပင်လယ်လိပ်ကြီးများမှာလည်း သေဆုံးကြရပါတယ် ။ ပင်လယ်ပုဇွန်ထုပ်ကြီးများ ကျောက်ပုဇွန်များ ယောက်သွားများပင်လျှင် ပလတ်စတစ်များအား အစာဟုထင်ကာ စာသုံးနေကြသည်ကိုလည်း တွေ့ရှိရပါတယ်။
ထိုဧရာမအမှိုက်ပုံကြီးသည် လူတို့နေထိုင်ရာ တိုင်းပြည်နယ်နိမိတ်များနှင့် များစွာဝေးကွာသော သမုဒ္ဒရာကြီးအတွင်း တည်ရှိနေခြင်းကြောင့် သတ္တဝါများသေကြေပျက်စီးနေကြခြင်းကို ငွေကုန်ကြေးကျခံ အချိန်ကုန်ခံကာ ၎င်းအမှိုက်များအား ရှင်းလင်းဖယ်ရှားရန်မည်သည့်နိုင်ငံကမှ တာဝန်မယူချင်ကြပါဘူး။
သို့သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့စည်းများ၊ သိပ္ပံပညာရှင်များ နှင့် တာဝန်သိလူသားများမှာတော့ ပလတ်စတစ်သုံးစွဲမှုလျော့ချရန်နှင့် အခြားအစားထိုးပစ္စည်းများသုံးစွဲရန် ကုန်ထုတ်ကုမ္ပဏီများ လူပုဂ္ဂိုလ်များ အား လူမှုကွန်ယက် သတင်းမီဒီယာ ရုပ်ရှင်များမှတစ်ဆင့် မနားတမ်းပညာပေးမှုများလုပ်ဆောင်နေကြပါတယ်။
အုပ်ချုပ်သူများအနေနှင့်လည်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ မြို့၊ ရွာ စသော ဒေသအလိုက် စည်းမျဉ်းဥပဒေများ ချမှတ်ကာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရန် ကြိုးစားနေကြပါတယ်။ အမေရိကန် ကယ်လ်ဖိုးနီးယားပြည်နယ်မှာဆိုလျှင် ဈေးသွားသည့်အခါမှာ ကိုယ့်စီကိုယ်ငှ ကိုယ်ပိုင်အိတ်များ ယူသွားကြရပါတယ်။ ဈေးဆိုင်များမှ အိတ်ယူသုံးရမည်ဆိုလျှင် ပိုက်ဆံပေးဆောင်ရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဈေးသွားသူတွေမှာ ကိုယ်ပိုင်ခြင်းတောင်းများနှင့်သွားခြင်း သည် အမေရိကန်ထက် သာသောလုပ်ဆောင်ချက်ဖြစ်ပါတယ်။
သတင်းကောင်းတစ်ခု ပြောရမည်ဆိုလျှင် နယ်သာလန်နိုင်ငံသား 17 နှစ်အရွယ်ရှိသော ဘွိုင်ယန်စလတ် ( Boyan Slat ) ဆယ်ကျော်သက်ကောင်လေးမှ ရေနက်အတွင်းမျောပါနေသောအမှိုက်များကို သန့်စင်ပေးရုံသာမက ရေပေါ်မျောနေသော ပလတ်စတစ် များကိုလည်း တဆက်တည်းစုစည်းပေးကာ ကမ်းခြေကိုသယ်ဆောင်လာနိင်သော သန့်စင် နည်းစနစ်သစ်ကိရိယာတစ်မျိုးကို အကြံရပြီး သူ၏အကြံအား အကောင်အထည်ဖော်ရန်အတွက်သိပ္ပံပညာရှင်များနှင့် ငွေကြေးထောက်ပံ့ပေးနိုင်သူတွေကို 2011 ခုနှစ်ကတည်းက စည်းရုံးဟောပြောခဲ့ပါတယ်။
အမေရိကန် ကယ်လ်ဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို မှ ပရဟိတအလူှရှင် လူနှစ်ယောက်ရဲ့အကူအညီ ဖြင့် 2013 ခုနှစ်မှာ Ocean Cleanup ဆိုသော ကုမ္ပဏီကို နယ်သာလန်နိုင်ငံ Delft မြို့တွင်တည်ထောင်ခဲ့ပြီး သန့်စင်ကိရိယာများအား Alameda, San Francisco California မှ တပ်ဆင်ပြုလုပ်နေပါတယ်။ ၎င်းကုမ္ပဏီမှာ ယခုအချိန်တွင်ရံပုံငွေအားဖြင့် 31.5 သန်းနှင့် လည်ပတ်နေပြီး 2018 မေလမှ ပင်လယ်သန့်ရှင်း ရေးကို စတင်လက်တွေ့လုပ်ဆောင်နေကြပြီးဖြစ်ပါတယ် ။ ယခုနှုန်းအတိုင်း ဆက်လက်လုပ်ဆောင်မည်ဆိုပါက အမှိုက်ဝဲကြီး၏ 50% ကို 5နှစ် နှင့် 10 နှစ်အတွင်းရှင်းလင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ကျွန်မ အိန္ဒိယ ခရီးစဉ်တွင်း အတွေ့အကြုံတစ်ခုကို ပြောပြရမည်ဆိုလျှင် အိန္ဒိယမှာ ဈေးဆိုင် စားသောက်ဆိုင် အများစုက တစ်ခါသုံး ရွှံ့ခွက်များ သစ်ရွက်များဖြင့်လုပ်ထားသော တစ်ခါသုံးပန်ကန်များ ဂျုံဖြင့်လုပ်ထားသော ဇွန်းခရင်းများအား အသုံးပြုကြသည်ကို တွေ့ရပါတယ် ။
ပလတ်စတစ်အစားထိုး သဘာဝပစ္စည်းများ ထုတ်လုပ်ကြပေမယ့်လည်း ပလတ်စတစ်ထက် ဈေးနှုန်းကြီးခြင်း အလေးချိန်ပိုလေးခြင်းတို့ကြောင့် ပလတ်စတစ်သုံးစွဲမှု ကို ကမ္ဘာနဲ့ အဝှမ်းလျှော့ချနိုင်ရန်မှာ ထင်သလောက်ခရီးမရောက်လှပါ ။ သို့ပေမယ့်လည်း တစ်ဦးတစ်ယောက်ချင်း တစ်မြို့တစ်နိုင်ငံချင်းမှ ယင်းသုံးစွဲမှုများကို ပူူးပေါင်းလျှော့ချမည်ဆိုပါက အနာဂတ်ကမ္ဘာမှာ ပလတ်စတစ်အမှိုက်ပုံကြီးများ ထပ်မံဖြစ်ပွားမှုများ မရှိရန် နှင့် လူများ ၊ ပင်လယ်ရေများ ၊ သတ္တဝါများအား အန္တရာယ်မဖြစ်ရန် မျှော်လင့်ချက်ရှိပါတယ်။
ကျွန်မငယ်ငယ်က ဖေဖေအပြင်ကပြန်လာတဲ့အခါ ဝယ်လာသော မွှေးကြိုင်ပြီး သွားရည်ယိုစရာ ခရုခေါက်ဆွဲ ထုပ်ကို ဖတ်ရွက် သတင်းစာစက္ကူ လျှော်ကြိုးနှင့် ထုတ်ထားတာကို သတိရမိပါတယ်။ အဲဒီခေတ်အချိန်ခါ ကဲ့သို့ ဖတ်ရွက်များ၊ လျှော်ကြိုးများ၊ အုန်းမုတ်ခွက်များ၊ ဝါးပိုက် ဝါးခွက်များ၊ သစ်ရွက်ပန်းကန်များ၊ ရွှံခွက်များကို ပလက်စတစ်များအစား အသုံးပြုကြမည်ဆိုလျှင်ဖြင့် ပလတ်စတစ်သုံးစွဲမှုအား လျှော့ချနိုင်ကြမည်လား ??????
Mi Thein
၂၂.၆.၂၀၁၈
Discussion about this post