ရေးသားသူ – ဟန်လင်းအောင် (Messenger News)
ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ကာ ရေလွှမ်းခံ ရပြီး မကြာမီ နှစ်ပိုင်းများ အတွင်း ပျောက်ကွယ် နိုင်သည့် နိုင်ငံများ ထဲတွင် ပစိဖိတ် ကျွန်းစု နိုင်ငံ ကရီဘတီသည် ထိပ်ဆုံးက ပါဝင်နေသည်။ ဂရိ ဒဏ္ဍာရီ ထဲက အတ္တလန္တိတ် ရေအောက်မြို့တော် လိုမျိုး ဒုတိယ အတ္တလန္တိတ် အဖြစ် သမိုင်းစာ မျက်နှာမှာ ကမ္ပည်း တင်ခံရမှာ ကရီဘတီ နိုင်ငံသားများ မလိုလား။
ကရီဘတီပြည်ထောင်စု သမ္မတနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လူဦးရေ ၁၁၀၀၀၀ ခန့်သာ ရှိပြီး သန္တာကျောက်ကျွန်း ၃၂ ကျွန်းနှင့် သန္တာကျွန်းအမြင့် တစ်ခု ပါဝင်ကာ ဧရိယာစတုရန်းမိုင်ပေါင်း ၃.၅ သန်း (၁,၃၅၁,၀၀၀ စတုရန်း ကီလိုမီတာ) အတွင်း ဖြန့်ကျက်တည်ရှိသည်။ ကျွန်းများကို စုပေါင်းလိုက်လျှင်ရသည့် နိုင်ငံ၏စုစုပေါင်း ဧရိယာမှာ ၃၁၃ မိုင်သာ ရှိသည်။ ဗြိတိသျှတို့လက်အောက်မှ ၁၉၇၉ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး မြို့တော်မှာ South Tarawa ဖြစ်သည်။ နေထိုင်သူများမှာ I-Kiribati ဟုခေါ်သည့် Kiribati မူလကျွန်းသူကျွန်းသားများဖြစ်ပြီး ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
စာရေးသူတို့ လှေကလေး ကရီဘတီ ကမ်းရိုးတန်းဆီ ချည်းကပ် လာသည်နှင့် အမျှ မိုးကုပ် စက်ဝိုင်းစွန်း ပင်လယ်ပြင်ဆီမှ ထိုးထွက် နေသော အနက်ရောင် အတန်းရှည်ကြီးသည် ဘာဆိုတာ ထင်ရှား သထက် ထင်ရှား လာသည်။ ကရီဘတီကို ပင်လယ်လှိုင်း များ ဒဏ်မှ ကာကွယ်ရန် ကရီဘတီ သားတို့ ကိုယ်တိုင် လက်နဲ့ စနစ်တကျ ထွင်းထားသော သန္တာ ကျောက်တုံး များကို အစီအရီ ထပ်ကာ တံတိုင်း သဖွယ် ကာတန်း ထားခြင်း ဖြစ်သည်။
စာရေးသူ တို့၏ လှေကလေးသည် ပင်လယ်ကြီးကို အရှုံးပေးကာ ရေအောက် ရောက်သွား ရှာပြီ ဖြစ်သော တီဘန်ဂီနာကို ကျွန်းစုမြို့ ကလေး အပေါ် လွှမ်းနေသည့် ရေပြင်ကို ဖြတ်ပြီး ကရီဘတီ မြို့တော်ဆီသို့ ခပ်မှန်မှန် သွား နေသည်။ တီဘန်ဂီနာသည် တစ်ချိန်က အိမ်ထောင်စု နှစ်ရာကျော် နေထိုင် သည့် ဆိပ်ကမ်း မြို့ငယ် ဖြစ်သည်။ ယခုမူကား ကျောက်စိမ်းရောင် ရေပြင်အောက် မီတာနဲ့ ချီပြီး နစ်မြုပ်လဲလျောင်း နေပြီ။
ကျွန်တော်တို့ ငယ်ငယ် ကဆို ဟောဟို နားဆီထိ ရေကူး သွားပြီး သင်္ဘောကြီး တွေကို ကြည့်ခဲ့ကြ တာပေါ့ ဟု ရေထဲတွင် ထိပ်ပိုင်း လောက်သာ ပေါ်တော့သော အုန်းပင်တန်းများဆီ လက်ညှိုး ညွှန်ပြကာ မြို့တော်ဝန် ဖြစ်သူက ပြောသည်။ ဒေသခံ များ၏ ပြောပြချက် အရ တီဘန်ဂီနာသည် တစ်ချိန် က ကရီဘတီတွင် အဓိက ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် မြင့်တက် လာသော ပင်လယ်ရေက တီဘန်ဂီနာကို ဝါးမျိုခဲ့သည်။
ယခင်က သင်္ဘောတွေ ကြိုးချည်နေကျ ဖြစ်သော အုန်းပင်တန်းများ နေရာတွင် ပင်လယ်ရေ ဝါးမျို လိုက်ခြင်းကြောင့် သေဆုံး သွားပြီ ဖြစ်သော အုန်းပင် များ၏ ထိပ်ပိုင်းပြတ် ကိုယ်ထည် များသာ ရေပြင်ပေါ် ထိုးထွက် နေသည်။ သေဆုံး သွားပြီ ဖြစ်သော လူ့ အဖွဲ့အစည်း တစ်ခု၏ သချိုင်း အမှတ် အသား ကဗျည်းတိုင်လေးများ ပမာ ကျိုးတိုး ကျဲတဲ ထိုးထိုး ထောင်ထောင် ရှိနေသည်။ တီဘန်ဂီနာကို ရွာကို ပင်လယ်ရေ တိုက်စား ဝါးမျိုသွားသည့် အန္တရာယ်မျိုးကို အခြားကျွန်းစု နေရာ အများအပြား တွင်လည်း တွေ့နေ ရပြီ။
ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာခြင်းကြောင့် ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ထိခိုက်နိုင်သည့် ကျွန်းစုနိုင်ငံ ခြောက်ခု စာရင်းတွင် ကရီဘတီ သည် ထိပ်ဆုံးက ရှိကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ရာသီဥတု ထိန်းသိမ်းရေး သိပ္ပံ ပညာဆိုင်ရာ အဖွဲ့ကြီး (IPCC) က သတိပေး ထားသည်။ ကမ်းရိုးတန်းများကို ပင်လယ်ရေ တိုက်စားဝါးမျိုခြင်း၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေ ထိုးဖောက်ခြင်း တို့ကြောင့် ၂၀၅၀ ပြည့်နှစ်လောက်ရောက် လျှင်ပင် ကရီဘတီသည် လူနေ ထိုင်ရန် မဖြစ်နိုင်သော အနေအထားသို့ ရောက်သွား နိုင်ကြောင်း IPCC အစီရင်ခံစာက သတိပေးရေးသား ထားသည်။
အရင်က ဒီရေတက်လည်း စိတ်ပူစရာ မရှိတဲ့ နေရာတွေပါ အခုဆို ဒီရေတက်ရင် ရေမလွတ် တော့ဘူး။ အခုဆို ဒီရေဘုရင် လို့ပါ နာမည်သစ် ပေးရတဲ့ ဒီရေမျိုးပါ တက်လာ နေပြီ။ ဒီရေတက်ရင် သိပ်မြင့်လွန်းလို့ အဲဒီ နာမည် အသစ်မှည့်ပေးထား ရတာ။ ကျွန်တော်တို့ ငယ်ငယ် ကဆို အဲဒီလို ဒီရေမျိုး ရှိကို မရှိခဲ့တာ ဟု ကရီဘတီ အစိုးရ၏ ရာသီဥတု ဆိုင်ရာ အကြီးတန်း အကြံပေး ပုဂ်္ဂိုလ် အန်ဒရူး တင်မ်က ပြောသည်။
လက်ရှိမှာပင် ကရီဘတီ နိုင်ငံသား များစွာသည် ပင်လယ်ရေ ဝါးမျိုခံရသော ဇာတိဒေသများမှ ပြောင်းရွှေ့ကာ ကုန်းမြေ မြင့်ရာ နေရာ များသို့ ရွှေ့ပြောင်းရ မှုများ ရှိနေပြီ။ သဘာဝဘေး ဆိုင်ရာ ရွှေ့ပြောင်းဒုက္ခသည် ဟူသော ဝေါဟာရ အသစ် တစ်ရပ်ပါ ပေါက်ဖွား လာခဲ့ ရသည်။ မြို့တော်တည်ရှိ ရာ တောင်တာရာဝါ ကျွန်းမကြီးသို့ အများဆုံး ရွှေ့ပြောင်း နေထိုင်လျက် ရှိသည်။
မြေဧရိယာ ခပ်ကျဉ်းကျဉ်းသာရှိ တော့သော တောင်တာရာဝါ ကျွန်းမကြီးသို့ ပြောင်းရွှေ့ နေထိုင်သူ များပြားလွန်း သောကြောင့် လူဦးရေ သိပ်သည်းမှုသည် တိုကျို၊ လန်ဒန် စသည့် မြို့ကြီးများ နှင့်ပင် အပြိုင် ဖြစ်လာ နေပြီ။ ကလေး မွေးဖွားနှုန်းနှင့် အသစ် ဝင်ရောက် ရွှေ့ပြောင်း နေထိုင်နှုန်း များကိုသာ မထိန်းချုပ် နိုင်ပါက တောင်တာရာဝါ လူဦးရေ သည် ၂၀၃၀ ပြည့်နှစ် ရောက်လျှင် လက်ရှိ ထက်နှစ်ဆ ဖြစ်လာ တော့မည်။
ကျွန်တော်တို့မှာ အရှားပါးဆုံးက ရေချိုပဲ။ နိုင်ငံမှာ လူငယ်ထု ပမာဏက တိုးသထက် တိုးလာနေတယ်။ တိုးလာတဲ့ လူဦးရေ အတွက် ရေချို မလုံလောက်တဲ့ ပြဿနာက ကြီးသထက် ကြီးလာနေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာပြီး ရေချို ရင်းမြစ်တွေ ကိုပါ ဆားငန်ရေ ဝင်ရောက်တဲ့ အတွက် ရေချို ပြဿနာက ပိုဆိုးသထက် ဆိုးလာနေတယ် ဟု မစ္စတာ တင်မ်က ပြောသည်။
သူတို့နိုင်ငံ ရေနစ်မြုပ်ရမည့် အန္တရာယ် ကာကွယ်ရန် အတွက် ကရီဘတီ ကျွန်းသားများ တတ်အားသမျှ ကြိုးပမ်းနေ ကြသည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာ ရခြင်း ဇစ်မြစ် ဖြစ်သော ကမ္ဘာကြီး ပူနွေးမှုကို လျှော့ချ နိုင်ဖို့ သူတို့ ကြိုးပမ်းနေ ကြသည်။ ကမ္ဘာကြီးကို ပူနွေး စေသော ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်နေမှုများ ကမ္ဘာ့နိုင်ငံကြီးများ လျှော့ချ ကြအောင် သူတို့ ကြိုးပမ်းနေ ကြသည်။ ကမ္ဘာ့နိုင်ငံကြီးများကလည်း ကာဗွန် ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု လျှော့ချမည်ဟု ကတိပြုထားကြ သော်လည်း ၎င်းတို့ ကတိပေး ထားသည့် အချိန်ရောက်လျှင် ကရီဘတီသည် ရေအောက်ရောက် သွားလောက် နေပြီ။
ကရီဘတီကို ကယ်တင်ဖို့ အစိုးရသည် အစီအစဉ် များစွာ ပြုလုပ်လျက် ရှိသည်။ လူလုပ်ကျွန်း တည်ဆောက်ရေး ပညာများ သင်ယူရန် ကရီဘတီ နိုင်ငံသား များကို သြစတြေးလျနှင့် နယူးဇီလန် တို့သို့ ပညာတော်သင် စေလွှတ်လျက် ရှိသည်။ အနာဂတ်တွင် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဖီဂျီ နိုင်ငံမှ မြေအချို့ ကိုလည်း ကရီဘတီ အစိုးရက ဝယ်ယူ ထားသည်။ လောကကြီးနဲ့ ယှဉ်မထိုးဘဲ ဒီအတိုင်း အလျှော့ပေးပြီး အမိမြေကို စွန့်ခွာဖို့ ကရီဘတီသား များ စိတ်မကူးကြ။
ကမ္ဘာ့နိုင်ငံကြီးများ ကာဗွန်ထုတ်လွှတ်မှု လျှော့ချလာ ကြအောင် ဥပဒေဖြင့်ပါ ချည်နှောင်မှု ရှိမည့် နိုင်ငံတကာ သဘောတူ စာချုပ်မျိုး ချုပ်ဆို ဖြစ်ရေး အတွက် ကရီဘတီ အစိုးရ အပါအဝင် က၊ွန်းစု နိုင်ငံ အစိုးရများ ညွန့်ပေါင်း အဖွဲ့ကလည်း နိုင်ငံတကာ စင်မြင့်ထက်တွင် ကြိုးပမ်း နေသည်။စက်မှု အင်အားကြီး နိုင်ငံကြီး များကြောင့် အဓိက ထွက်ခဲ့သော ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ဓာတ်ငွေ့ များကြောင့် ယနေ့ ကမ္ဘာ့ကြီး ပူနွေးပြီး ရာသီဥတုဆိုးများ ဖြစ်ပွား နေရသည် ဖြစ်ရာ ထိုနိုင်ငံကြီး များသည် စက်မှု မဖွံ့ဖြိုး သေးသော နိုင်ငံငယ် များအား နစ်နာကြေးပေး ရမည် ဟူသော သဘော တူချက်တွင် နိုင်ငံကြီးများ လက်မှတ်ထိုး လာအောင်လည်း ကျွန်းစု နိုင်ငံများ ကြိုးပမ်းနေ ကြသည်။
ပြီးခဲ့သည့် နှစ်အတွင်း ကမ္ဘာ့ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု အများဆုံး ဖြစ်သော အမေရိကန်နှင့် တရုတ်တို့က ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုကို အသီးသီး လျှော့ချ ကြမည့် အစီအစဉ်များကို ကမ္ဘာသို့ ကြေညာခဲ့သည်။ ရာသီဥတု ဆိုးဒဏ်ခံရသော နိုင်ငံငယ် များကို အကူအညီ ငွေကြေးများ ပေးရန် ထူထောင် ထားသော အစိမ်းရောင် ရာသီဥတု ရန်ပုံငွေ သို့လည်း ရန်ပုံငွေဒေါ်လာ ဘီလီယံပေါင်း များစွာ ထည့်ဝင်ရန် နိုင်ငံကြီးများ ကတိပြုထားကြသည်။
ကျွန်တော်တို့ ကျွန်းစု နိုင်ငံငယ်လေး တွေကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီပြဿနာ မီးကို မွေးခဲ့သူတွေ ထဲမှာ ကျွန်တော်တို့ မပါပါဘူး။ ကျွန်တော် တို့သာ မီးမွေး ပိုင်ခွင့်ရှိသူ နေရာ ရခဲ့တယ် ဆိုရင်လည်း ယနေ့လို အဖြစ်ဆိုးမျိုး ကြုံမလာရအောင်ဆင်ခြင် ထိန်းသိမ်း ခဲ့ကြမှာ အမှန်ပါပဲ ဟု မစ္စတာ တင်မ်က ပြောသည်။
ညနေ နေဝင်ချိန်တွင် တီဘန်ဂီနာကို မြို့ဝန်သည် ရေအောက်သို့ အတော်များများ ရောက်သွားပြီ ဖြစ်သော တီဘန်ဂီနာကိုမြို့၏ တစ်ချိန်က ကမ်းရိုးတန်း တစ်လျှောက် နေရာကို လှေဖြင့် လိုက်ပြသည်။ ယခင်က ကုန်းမြေ အဖြစ်ရှိ ခဲ့သော ကမ်းရိုးတန်းမြေသည် စာရေး သူတို့ လှေအောက်ရေ ထဲတွင် ရှိနေသည်။ ရေမမြုပ်ဘဲ ကျန်နေတာ ဆိုလို့ ခရစ်ယာန် ဘုရားကျောင်းနှင့် မြို့တော် ခန်းမ တစ်ခုသာ ရှိတော့သည်။ ထိုနှစ်ခုကို ရေကာ တံတိုင်းနဲ့ ပတ်ပြီး ကာထားသည်။ ကာထားသော သဲအိတ်တံတိုင်းတွေ ကြားကနေ ရေတွေ စိမ့်ဝင် နေသည်။ရေလွှမ်းနေသော မြို့ငယ် အလယ်တွင် ထိုအဆောက် အဦ နှစ်လုံးက အထီးတည်း ထိုးထွက်လို့နေသည်။
ဒီနှစ်ခု ဆက်တည်မြဲအောင်တော့ ကျွန်တော်တို့ ကြိုးပမ်း ထိန်းသိမ်းမယ်။ ဘုရားကျောင်းဟာ ရွှေ့ပြောင်း သွားရပြီ ဖြစ်တဲ့ မြို့ခံတွေ အတွက် ကိုးကွယ် ယုံကြည်မှု ရင်းမြစ် နေရာ ဖြစ်တယ်။ မြို့တော် ခန်းမ ဟာလည်း တီဘန်ဂီနာကို မြို့သားတွေ အဖြစ် သူတို့ ရှင်သန်ခဲ့တုန်းက စုဝေးခဲ့ရာ နေရာ အဖြစ် အမှတ်တရ ရှိနေဖို့ ဖြစ်တယ်။ ဒီနှစ်ခုဟာ တီဘန်ဂီနာကိုနဲ့ သူ့ရဲ့ မြို့သူမြို့သားတွေကို ချိတ်ဆက်ပေး ထားတဲ့ နောက်ဆုံး အမြစ် နှစ်ချောင်းပဲ ဟု မြို့ဝန်က ပြောသည်။ တီဘန်ဂီနာကို မြို့သားတွေ အနာဂတ် အတွက် မည်သို့ စီစဉ်ထား သနည်းဟု မေးမြန်းသည်တွင် မြို့ဝန်သည် အတိတ် ကိုသာ လွမ်းဆွတ်ကာ အဖြေပေး သွားသည်။
ကျွန်တော်တို့ ဆက်လက် တည်မြဲရေး အတွက် အကူအညီ သိပ်လိုအပ်နေ ပါတယ်။ ကျွန်တော်တို့ အကူအညီ တောင်းသံကို နိုင်ငံ တကာ အသိုင်းအဝိုင်းကြား နိုင်အောင် ကျွန်တော်တို့ အစိုးရက လုပ်နိုင် လိမ့်မယ် လို့လည်း ယုံကြည်ပြီးသားပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်က တုံ့ပြန်လာ မှာကို ကျွန်တော်တို့ စောင့်စားနေပါတယ် ဟု မြို့ဝန်က ပြောသည်။ နေလည်း ဝင်ပြီ။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဟောဟိုနား အုန်းပင်တန်း တွေဆီ ရေကူးသွားကြ တာပေါ့ ဟု ယခုအခါ ပင်လယ်ပြင် ကြီးသာ ဖြစ်နေသော နေရာ ဆီသို့ ငေးမျှော်ရင်း မြို့ဝန်က လွမ်းဆွတ်စွာ ပြောနေလေသည်။
Ref: Nation being devoured by sea (DW)
ဟန်လင်းအောင်
Discussion about this post