ဒီဆိုင်ကယ်ကတော့ ရေအောက်ကမ္ဘာကို တသီးတသန့်လေ့လာလိုတဲ့ သူများအတွက် မိမိရဲ့ကိုယ်ပိုင်ရေငုပ်သင်္ဘောသဖွယ် မောင်းနှင်နိုင်မယ့် အပေါ့စားဆိုင်ကယ် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗြိတိန်မှာရောင်းချပေးနေပြီး တစ်စီးလျှင် ဒေါ်လာ ၂၂၀၀၀ (မြန်မာငွေ ၃၃၅သိန်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။
SubSea Scooter လို့အမည်ရတဲ့ ဒီဆိုင်ကယ်လေးဟာ လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်နိုင်အောင် ဖန်တီးထားတာဖြစ်ပြီး တခါအားသွင်းထားလျှင် နှစ်နာရီခွဲခန့် ကြာတဲ့အထိ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ထိန်းချုပ်မောင်းနှင်ရတဲ့ နည်းလမ်းကလည်း ခက်ခဲမှုမရှိပဲ ပုံမှန်မော်တော်ဆိုင်ကယ် မောင်းနှင်သလိုပဲ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ရေအောက်မှာ မောင်းနှင်မယ် ဆိုရင်တော့ အောက်ဆီဂျင်ပါပြီးသား ပူပေါင်းဦးထုပ် bubble helmet ကို တပ်ဆင်ပြီး မောင်းနှင် ရမှာဖြစ်ပါတယ်။
ဦးထုပ်ဆောင်းထားပေမယ့် အထူးပြုလုပ်ထားတာကြောင့် ရေအောက်မြင်ကွင်းတွေကို ပြတ်သားစွာမြင်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်စီးနဲ့ ၂ယောက်စီးဆိုပြီး ၂မျိုးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရောင်းချရတဲ့ ရည်ရွယ်ချက်ကတော့ ရေအောက်သန္တာကျောက်တန်းတွေ ၊ ရေအောက်ဂူတွေရဲ့ အလှအပတွေကို မိမိဘာသာကြည့်ရှု့ချင်လိုတဲ့ သူတွေအတွက်လို့ ကုမ္ပဏီက ဆိုပါတယ်။
အလေးချိန်အားဖြင့် ၁၅၀ကီလိုဂရမ်ခန့်ရှိတဲ့ ဒီဆိုင်ကယ်ဟာ ရေအောက်မှာ တစ်နာရီကို ၃မိုင်အမြင်နှုန်းနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပြီး ရေအောက် ၁၂မီတာအနက်အထိ ဆင်းနိုင်မှာဖြစ်ပါတယ်။ ဆိုင်ကယ်အစီးတိုင်းမှာ ရေပေါ်တက်တာ ၊ ရေအောက်ဆင်းတာ တွေကို လိုသလို ချိန်ညှိနိုင်စေဖို့ လေအိတ်စနစ်ကိုလည်း built-in ထည့်သွင်းပေးထားပါသေးတယ်။
လက်ရှိမှာတော့ ဒီရေအောက်ဆိုင်ကယ်တွေကို ဗြိတိန် Silvercrest Submarine ကုမ္ပဏီမှ ရောင်းချပေးနေတာ ဖြစ်ပြီး ၁ယောက်စီး အတွက် ဒေါ်လာ ၂၀၇၀၀ ဖြစ်ကာ နှစ်ယောက်စီးအတွက်ကတော့ ဒေါ်လာ ၂၂၄၃၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
ဒီဆိုင်ကယ်ကို ဇိမ်ခံရွက်လှေပိုင်ရှင်တွေ ၊ ရေအောက်ငုပ်ရတာဝါသနာပါတဲ့ ဒိုက်ဗင်သမားတွေ နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းပိုင်ရှင်တွေကို ဦးတည်ပြီးထုတ်လုပ်ထားတာလို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ရေအောက်ကမ္ဘာကို သွားကြည့်ချင်တဲ့ စုံတွဲတွေအတွက်တော့ အရမ်းအဆင်ပြေစေမှာဖြစ်ပြီး ရေပေါ်ကိုချက်ချင်းပြန်တက်နိုင်တဲ့ စနစ်ပါဝင်တာကြောင့် စိတ်ချလုံခြုံစွာစီးနင်းနိုင်တယ် လို့ ဆိုပါတယ်။ လေကိုပြည့်ပြည့်၀၀ ရှုသွင်းနိုင်စေဖို့အတွက် ၁၇ မိနစ် ကြာအောင်ထောက်ပံ့ပေးနိုင်မယ့် scuba tank ကိုလည်း ဆိုင်ကယ်လေးရဲ့ အရှေ့မှာ တပါတည်းထည့်သွင်းတပ်ဆင်ထားတယ် လို့သိရပါတယ်။
VIDEO
Discussion about this post