ဟက်ဘယ် Hubble တယ်လီစကုပ် ဆိုတာက အာကာသတယ်လီစကုပ် space telescope အမျိုးအစားဖြစ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှာ လွှတ်တင်ထားတဲ့ တယ်လီစကုပ်ဖြစ်ပါတယ်။ ဟိုးအရင်ချိန်ကတည်းက ကမ္ဘာမြေကနေ အာကာသအတွင်းမှာရှိတဲ့ အရာဝထ္ထုတွေကို တယ်လီစကုပ်တွေနဲ့ ကြည့်တဲ့အခါမှာ ထင်သလောက်ပြတ်ပြတ်သားသား လေ့လာနိုင်ခြင်းမရှိပါဘူး။ အကြောင်းကတော့ ရာသီဥတုမကြည်လင်မှုတွေ ၊ မီးအလင်းရောင်တွေ နဲ့ ဂလက်ဆီ၊ ကြယ်စတာတွေက လာတဲ့အလင်းတန်းတွေဟာ ကမ္ဘာ့လေထုနဲ့တွေ့တဲ့အခါ အလင်းယိုင်သွားတတ် တာတွေကြောင့်ဖြစ်ပါတယ်။
ဒီပြသနာကိုဖြေရှင်းဖို့အတွက် ၁၉၂၃ ခုနှစ်မတိုင်မီကတည်းက အမေရိကန် နက္ခတ္တဗေဒပညာရှင်တယောက်ဖြစ်တဲ့ Edwin Hubble က အာကာသထဲမှာ တယ်လီစကုပ်တခုတည်ဆောက်ဖို့ အဆိုတင်သွင်းခဲ့ဖူးပါတယ်။ ၁၉၂၃ ခုနှစ်မှာ ဂျာမန်ရူပဗေဒပညာရှင်တယောက်ဖြစ်တဲ့ Hermann Oberth က တယ်လီစကုပ်ကို ဒုံးပျံကနေတဆင့် အာကာသလမ်းကြောင်းထဲကို ပို့ဆောင်လို့ရနိုင်ကြောင်း သူ့ရဲ့The Rocket into Planetary Space ဆိုတဲ့ စာအုပ်မှာထည့်သွင်းရေးသားခဲ့ပါတယ်။
အဲဒီနောက်တော့ အာကာသထဲကနေ တယ်လီစကုပ်နဲ့ စကြဝဠာကြီးကိုလေ့လာနိုင်ဖို့ အတွက် အာကာသတယ်လီစကုပ် တည်ဆောက်ဖို့ကြိုးစားခဲ့ကြပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် ၁၉၇၀ ခုနှစ်မှ ရန်ပုံငွေရခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ အာကာသထဲကို လွှတ်တင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ တယ်လီစကုပ်ကြီးကို အမေရိကန်အာကာသ အေဂျင်စီ နာဆာ ဟာ ဥရောပအာကာသအေဂျင်စီရဲ့ အကူအညီနဲ့အတူ တည်ဆောက်နိုင်ခဲ့ပါတယ်။ တယ်လီစကုပ်ကြီးရဲ့အမည်ကိုတော့ Edwin Hubble ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟက်ဘယ် တယ်လီစကုပ် လို့ အမည်ပေးခဲ့ကြပါတယ်။
နည်းပညာအခက်အခဲအမျိုးမျိုးနဲ့ ၁၉၈၆ ခုနှစ် Challenger အာကာသယာဉ်ပျက်ကျမှုတွေကြောင့် ဟက်ဘယ်တယ်လီစကုပ် လွှတ်တင်ရေးဟာ အချိန်ကြန့်ကြာခဲ့ပြီး ၁၉၉၀ခုနှစ်မှာမှ Discovery အာကာသယာဉ်နဲ့အတူအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တယ်လီစကုပ်ကနေ ရိုက်တဲ့ဓာတ်ပုံတွေကို တွေ့တဲ့အခါမှာတော့ အမျှော်လင့်ကြီးမျှော်လင့်ထားကြတဲ့ ပညာရှင်တွေ စိတ်ညစ်သွားကြပါတယ်။ ကြည်ကြည်လင်လင်မရှိပဲ ဝေဝါးနေတဲ့ ဓာတ်ပုံတွေကိုသာ ပေးပို့ခဲ့လို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တယ်လီစကုပ်ရဲ့ ပင်မမှန်ကြီးမှာ အပြစ်တခုကိုသွားတွေ့ပြီး ၁၉၉၃ခုနှစ်မှာ ပြန်လည်ပြင်ဆင်လိုက်တော့မှ ကြည်လင်တဲ့ဓာတ်ပုံတွေကို ပေးပို့နိုင်ပါတော့တယ်။
ဟက်ဘယ်တယ်လီစကုပ် ဟာ အလျား ၄၃.၃ပေ ၊ အနံ ၁၃.၈ပေ ရှိပြီး ပင်မမှန်ကြီးရဲ့အချင်းကတင် ၇ပေ ၁၀လက်မခွဲ ရှိပါတယ်။ တယ်လီစကုပ်တခုလုံးရဲ့ အလေးချိန်က ပေါင် ၂၅၀၀၀ခန့် လေးပါတယ်။ ကုန်ကျစရိတ်ကတော့ ကိုတော့ မူလက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ပဲ ခန့်မှန်းထားခဲ့ပေမယ့် လွှတ်တင်ပြီးတဲ့အချိန်ထိ ပရိုဂရမ်တခုလုံးရဲ့ကုန်ကျစရိတ်က ၄.၇ဘီလျံအထိဖြစ်သွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်အထိ ထပ်တိုးပြုပြင်မှုတွေနဲ့ဆိုရင်တော့ စုစုပေါင်းစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၀ဘီလျံအထိတောင် ရှိသွားပြီလို့ သိရပါတယ်။
ဟက်ဘယ်တယ်လီစကုပ်ဟာ ပြုပြင်ဖို့လိုအပ်ပါက အာကာသယာဉ်မှူးတွေပြုပြင်ဖို့တည်ဆောက်ထားတဲ့ တယ်လီစကုပ်ဖြစ်ပြီး အခုအချိန်ထိဆိုရင် ၅ကြိမ်တိုင်မွမ်းမံပြုပြင်မှုတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။ မူလက ဒီတယ်လီစကုပ်ကို ၂၀၀၅ ခုနှစ်အထိသာ သုံးဖို့ခန့်မှန်းထားပေမယ့် ထပ်တိုးမွမ်းမံမှုတွေကြောင့် ယခုထက်တိုင်အသုံးပြုနေဆဲဖြစ်ပြီး ၂၀၃၀ ကနေ ၂၀၄၀ ကြားကာလအထိ အသုံးပြုနိုင်ဦးမယ်လို့ သိရပါတယ်။
ယခုဆိုရင်တော့ ဟက်ဘယ်တယ်လီစကုပ်ကြီး အာကာသထဲကို ရောက်နေတာ နှစ်ပေါင်း ၃၀ကျော်သွားပါပြီ။ တည်ဆောက်ရာမှာ အကုန်အကျများပြားခဲ့ပေမယ့် အံမခန်းတဲ့ စကြဝဠာတွေ့ရှိမှုတွေကို ဒီတယ်လီစကုပ်ကြီးကနေ ကမ္ဘာမြေကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က နေအခုအချိန်ထိ ရှာဖွေတွေ့ရှိမှုပေါင်း ၁.၃သန်းကျော်ကို ဟက်ဘယ်တယ်လီစကုပ်ကြီးက ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဟက်ဘယ်တယ်လီစကုပ်ကြီးဟာ ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၃၄၀ ခန့်ကွာဝေးတဲ့ ပတ်လမ်းထဲကနေ ၁နာရီ ၁၇၀၀၀ မိုင် အမြန်နှုန်းနဲ့ လှည့်ပတ်ရင်း ရိုက်ကူးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
ဒီတခါတော့ ဟက်ဘယ်တယ်လီစကုပ်ကြီးက ပေးပို့ထားတဲ့ သန်းနဲ့ချီတဲ့ ရှာဖွေတွေ့ရှိမှုတွေထဲက ဓာတ်ပုံ ၃၀ ကို သုတဇုန် မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တနှစ်ချင်းစီအတွက် တပုံစီကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ဗဟုသုတ အနေနဲ့ ကြည့်ရှုသွားကြပါဦး။
Discussion about this post