တချိန်က လူပြောအများဆုံးဖြစ်ခဲ့တဲ့သတင်းမှာ မက္ကဆီကိုနိုင်ငံ Chinhuahua က သတို့သမီးဝတ်စုံဆိုင်တစ်ဆိုင်လည်းပါဝင်ပါတယ်။ ဒီဆိုင်နာမည်ကြီးခဲ့ခြင်းအကြောင်းကတော့ ဝတ်စုံတွေကြောင့်မဟုတ်ပဲ အဲဒီဆိုင်မှာ ထားရှိတဲ့ အရုပ်တစ်ရုပ်ကြောင့်ဖြစ်ပါတယ်။ ဒီအရုပ်ရဲ့နာမည်ကိုတော့ Little Pascuala လို့ခေါ်ပြီး ဆိုင်ရဲ့ရှေ့မှာပြသထားပါတယ်။
အရုပ်လို့ ဆိုပေမယ့် ဒါဟာအရုပ်တစ်ရုပ်မဟုတ်ပဲ သေဆုံးသွားတဲ့လူအစစ်ဖြစ်ပါသတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀လောက်တည်းက ဒီဆိုင်ပိုင်ရှင် Pascuala Esparza ရဲ့သမီး ဖြစ်ပြီး သူမကို အများက Little Pascuala လို့ပဲခေါ်ကြပါတယ်။ သူမဟာ မင်္ဂလာပွဲကျင်းပခါနီးမှာ black widow spider အကိုက်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
ပိုင်ရှင်ဟာ သမီးဖြစ်သူ ရဲ့ခန္ဓာကိုယ်ကို ကြာရှည်ခံမယ့် နည်းလမ်းများနဲ့ ပြုပြင်ထိမ်းသိမ်းခဲ့ပြီး အရုပ်တစ်ရုပ်ဖြစ်စေခဲ့ပါတယ်။ အဲဒီ သတို့သမီးဝတ်စုံဝတ်ပေးထားတဲ့အဝတ်ကို အဲဒီဆိုင်မှာ ၁၉၃၀ခုနှစ်တည်းက မှန်ခန်းတစ်ခုထဲမှာထားပြီး စတင် ပြသခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းဟာ သမီးဖြစ်သူကို အမြဲအမှတ်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
ဒီဆိုင်က အလုပ်သမားတချို့က ဒီအရုပ်ဟာ ညဘက်မှာနေရာတွေပြောင်းပြောင်းနေတတ်တယ်လို့ သတိထားမိကြသလို တခါတရံလည်း သူတို့ကိုကြည့်နေသလို ခံစားရကြောင်းဆိုပါတယ်။ အရုပ်ရဲ့ဝတ်စုံကို ၁ပတ်မှာ ၂ကြိမ်လဲပေးရပြီး ဒီတာဝန်ကိုယူထားတဲ့ Sonia Burciaga ဆိုတဲ့ ဝန်ထမ်းကတော့ အသားတွေဟာနွေးနေပြီး လက်မှာတစ်ခါတစ်ရံချွေးစေးတွေကို မြင်ရပြီး သက်ရှိလူတစ်ယောက်နဲ့ မခြားဘူး လို့ ဆိုပါတယ်။
လူတချို့က ဒီအရုပ်ကို မပုပ်မသိုးတဲ့ သူတော်စင်လို့ ထင်နေကြပြီး အနည်းငယ် ကတော့ လူမဟုတ်ပဲ ဖယောင်းရုပ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအရုပ်ကို အနီးကပ်ကြည့်ရင် ပုံမှန်အရုပ်နဲ့ ကွဲပြားနေတာကို မြင်ရမှာပါ။ အရုပ်ရဲ့လက်တွေဟာ ပုံမှန်လူတစ်ယောက်ရဲ့လက်လို အရေးအကြောင်း လက္ခဏာများကအစပါဝင်နေတဲ့အပြင် နောက်ထပ်ထူးခြားမှုတစ်ခုကတော့ သွေးစတွေကပ်နေခြင်းပါ။
မယုံကြည်တဲ့သူများရဲ့ မေးခွန်းကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဒီလောက်နှစ်တွေအများကြီးကြာအောင် ထိမ်းသိမ်းထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဘယ်လိုလုပ်ထားသလဲ ဆိုတဲ့မေးခွန်းပါ။ ယုံကြည်တဲ့သူများကတော့ လီနင် ၊ မော်စီတုံး နဲ့ အီတလီက နှစ် ၁၀၀ ကျော်တိုင်အောင်ပုံမှန်အတိုင်းဖြစ်နေတဲ့ ကလေးမလေးမံမီ တို့ကိုရော ဒီလိုပဲထိမ်းသိမ်းထားတာ မဟုတ်ဘူးလား လို့ပြန်ဖြေကြပါတယ်။
ပုပ်သိုးစေမယ့် အပိုင်းတွေကိုဖယ်ထုတ်ပြီး ပြုပြင်စီမံမယ်ဆိုရင်တော့ ရနိုင်တယ်လို့ တတ်ကျွမ်းသူများက ဆိုကြပါတယ်။ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဒီဆိုင်ဟာ ဒီအရုပ်ကြောင့် နှစ်ပေါင်းများစွာ နေ့စဉ်လာရောက်သူတွေများနေတာ အမှန်ပဲဖြစ်ပါတယ်။ မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ။ အောက်မှာဗီဒီယိုဖိုင်လည်းပါပါတယ် ကြည့်ကြည့်ပါဦး
Discussion about this post