အမေရိကန်ရဲ့ နယူးယောက်မြို့ဟာ ကမ္ဘာခေတ်အမီဆုံးမြို့ထဲမှာ ပါဝင်ပါတယ်။ ဒီမြို့ရဲ့ ထူးခြားချက်ကတော့ တခြားခေတ်မီမြို့တော်တွေမှာ မရှိတတ်တဲ့ ကြီးမားတဲ့ ပန်းခြံကြီးတစ်ခု ရှိနေတာပါ။ ဒီပန်းခြံကြီးကိုတော့ central park လို့လူသိများကြပြီး နယူးယောက်မြို့ Manhattan မှာ ရှိပါတယ်။ ထူးထူးခြားခြား ခေတ်အမီဆုံးဆိုတဲ့ မြို့ရဲ့အလယ်ခေါင်မှာတည်ရှိပြီး လူ နဲ့ သဘာဝအလှကို ဆက်စပ်ပေးထားတဲ့နေရာဆိုရင်လည်း မမှားပါဘူး။
ဒီပန်းခြံကြီးကို ၁၈၅၇ခုှစ်က စတင်ပြီး ပြုစုပျိုးထောင်ခဲ့တာပါ။ မြေဧကပေါင်း ၇၇၈ဧကပေါ်မှာတည်ဆောက်ခဲ့ပြီး အဲဒီအချိန်က ဒေါ်လာ ၅သန်း ခန့်ကုန်ကျခဲ့ပါတယ်။ တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်တွေရဲ့အမည်ကတော့ Frederick Law Olmsted နဲ့ Calvert Vaux တို့ဖြစ်ပါတယ်။ တစ်နှစ်ခန့်တည်ဆောက်ခဲ့ပြီး ၁၈၅၈ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အတွင်းမှာ ဆက်လက်တည်ဆောက်ခဲ့ပြီး ၁၈၇၃မှာတော့ ပိုမိုကြီးထွားလာပြီး ၈၄၃ဧက(၁.၃ စတုရန်းမိုင်) အထိရှိလာတာဖြစ်ပါတယ်။
ပန်းခြံတည်ဆောက်စဉ်မှာ ဧရိယာထဲမှာ ပါဝင်တဲ့ ရွာတစ်ရွာလုံးကို ဖယ်ရှားခဲ့ရပါသေးတယ်။ Seneca ဆိုတဲ့ ၁၉ရာစု အလယ်ပိုင်းလောက်က ရှိခဲ့တဲ့ အာဖရိကန်-အမေရိကန် လူမျိုးတွေရဲ့ရွာဖြစ်ပါတယ်။ ၁၈၆၀ အထိ ဦးခေါင်းမည်းသိုးတွေရဲ့ ကျက်စားရာနေရာတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Prospect Park ပန်းခြံကို ရွေ့ပြောင်းခံခဲ့ရပါတယ်။
သစ်ပင်ပေါင်း ၂၆၀၀၀ ကျော် စိုက်ပျိုးထားပြီး ၁၇၀၀ကျော်က အမေရိကန် elms ပင်တွေဖြစ်ပါတယ်။ အခြားအပင်ငယ်လေးတွေကို စုပေါင်းရေတွက်မယ်ဆိုရင်တော့ ၂သိန်း ၇သောင်းခန့်ရှိမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရှဉ့်တွေ ၊ မြောက်အမေရိကရှဉ့် ၊ ရက်ကွန်း ၊ အမေရိကန်သားပိုက်ကောင်အငယ်စား နဲ့ ငှက်အမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ စုစုပေါင်း လူသွားလမ်းအရှည်ပေါင်း ၅၈ မိုင်ခန့်ရှိပါတယ်။ အရှည်ဆုံးပတ်လမ်းကြောင်းတစ်ခုတည်းတင် ၆.၁မိုင်ရှိပါတယ်။
ဒီပန်းခြံထဲမှာ လူလုပ်ရေကန် ၇ကန်လည်း ပါဝင်ပါသေးတယ်။ လမ်းလျှောက်တဲ့သူများ အပန်းဖြေအနားယူဖို့အတွက် လမ်းဘေးတစ်ချက်စီမှာ ထိုင်ခုံပေါင်း ၉၀၀၀ကျော်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ မြင်ကွင်းတွေ လန်းဆန်းစေဖို့ ရုပ်တုပေါင်း ၅၁ရုပ် ၊ တံတားခုံး ပေါင်း ၃၆ ခု နဲ့ ရေပန်း ၁၀၀ကျော်ကိုလည်း တည်ဆောက်ထားပါတယ်။ ကစားကွင်းတွေ ၊ ပြဇာတ်ရုံ ၊ တိရစ္ဆာန်ရုံ နဲ့ပြတိုက်တွေရှိတအပြင် လူပေါင်း ၁သန်းဝန်းကျင် တစ်ပြိုင်နက် Live Show ပွဲကြည့်နိုင်တဲ့နေရာလည်းရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ရုပ်ရှင်ကားတွေထဲမှာ ထည့်သွင်းအရိုက်ခံရဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။
အမေရိကန် Interior ဌာနက နိုင်ငံသမိုင်းအထိမ်းအမှတ်နေရာတစ်ခုအဖြစ်သတ်မှတ်ပြီး ၂၀၁၇မှာတော့ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ယခုလက်ရှိလည်း အကျိုးအမြတ်မယူအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Central Park ထိမ်းသိမ်းရေးအဖွဲ့လက်အောက်မှာ ထားရှိပြီး ပန်းခြံကြီး အမြဲစိမ်းလန်းနေစေဖို့ ၂၄နာရီမပြတ် စနစ်တကျထိမ်းသိမ်းနေဆဲဖြစ်ပါတယ်။ နှစ်စဉ်လည်ပတ်သူပေါင်း ၂၅သန်း ကျော် ရှိတဲ့ အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။
VIDEO
Discussion about this post