ဖောင်တိန်ဘလူးဟာ ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီမြို့ရဲ့ တောင်ဘက် ၃၄မိုင်ခန့် အကွာမှာ တည်ရှိတဲ့ သမိုင်းဝင်မြို့တမြို့ ဖြစ်ပါတယ်။ ဒီမြို့ထင်ရှားရခြင်းကတော့ ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး သစ်တောတခုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီတောအုပ်ကြီးဟာ ဧက ၅၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ လူဦးရေ ၁သောင်းကျော်သာ နေထိုင်တဲ့ ဒီမြို့ရဲ့ နောက်ထပ်ထင်ရှားတဲ့အရာတခုကတော့ ဖောင်တိန်ဘလူးနန်းတော်ကြီး ဖြစ်ပါတယ်။
ဒီနန်းတော်ကြီးဟာ ပြင်သစ်ပြည်ရဲ့ အကြီးဆုံး နန်းတော်တွေထဲက တခုဖြစ်ပြီး ပြင်သစ်ပြည်ကို အုပ်စိုးခဲ့တဲ့ မင်းဆက်ပေါင်းများစွာဟာ ဒီနန်းတော်ကြီးမှာ နေထိုင်သွားခဲ့ကြတာဖြစ်ပါတယ်။ ၁၂ ရာစု သတ္တမမြောက် လူဝီဘုရင်လက်ထက်ကနေ ၁၉ ရာစု တတိယနပိုလီယံလက်ထက်ထိ တိုင် ဖြစ်ပါတယ်။ အထင်ရှားဆုံး နေထိုင်သူကတော့ ပြင်သစ်ဘုရင် နပိုလီယံရယ်လို့ ကျော်ကြားတဲ့ နပိုလီယံ ဘိုနာဘတ်ဖြစ်ပါတယ်။ ဒီတခါတော့ ဒီနန်းတော်ကြီးရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေတွေထံ ဝေမျှသွားပါမယ်။
၁၂ ရာစုကတော့ ဒီနန်းတော်ကြီးရဲ့ နေရာမှာ ခံတပ် ရဲတိုက် တခုသာ ရှိခဲ့ပါတယ်။ ဒီရဲတိုက်ဟာ ပြင်သစ်ဘုရင်တွေ အမဲလိုက်တဲ့အခါ အဓိက စခန်းချတဲ့နေရာလည်းဖြစ်ပါတယ်။ အဲဒီအချိန်က ရဲတိုက်ရဲ့ ပတ်လည်မှာတော့ တောအုပ် နဲ့ စမ်းချောင်းတွေ ရှိနေပါတယ်။
ရဲတိုက်ရဲ့နာမည်ကိုတော့ de Bliaud လို့ခေါ်တဲ့ စမ်းချောင်းတခုရဲ့ နာမည်ကနေ ရယူထားတာဖြစ်ပါတယ်။ ၁၆ ရာစု ပထမ ဖရန်စစ်ဘုရင်လက်ထက်မှာတော့ ဗိသုကာအကျော် Gilles Le Breton က ရီနေဆွန်းခေတ်စတိုင်နဲ့ နန်းဆောင်တွေကို တည်ဆောက်မွမ်းမံခဲ့ပါတယ်။
ဒုတိယဟင်နရီ ၊ စတုတ္ထဟင်နရီ ၊ လူဝီ ၁၃ စတဲ့ ဘုရင်တွေလက်ထက်မှာလည်း သူတို့စိတ်ကြိုက်နန်းဆောင်တွေကို ဆက်တည်ဆောက်ခဲ့ရာကနေ ဖောင်တိန်ဘလူးနန်းတော်ကြီးဟာ အလွန်ကြီးမားလာခဲ့တာဖြစ်ပါတယ်။ ၁၈ ရာစုမှာ ဖြစ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကာလမှာတော့ ဒီနန်းတော်အဆောက်အအုံကြီးဟာ ဖျက်ဆီးခြင်း မခံရပေမယ့် ရှိသမျှ ပရိဘောဂတွေဟာ လေလံတင်ပြီး ရောင်းစားခံခဲ့ရပါတယ်။
အဲဒီနောက်တော့ ဒီနန်းတော်ကြီးဟာ Seine-et-Marne ဌာနရဲ့ ဗဟိုစစ်သင်တန်းကျောင်း ဖြစ်ခဲ့ပါသေးတယ်။ နပိုလီယံ ဟာ ပြင်သစ်ဧကရာဇ်ဖြစ်လာခဲ့ချိန်မှာတော့ နန်းတော်အဖြစ် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ နပိုလီယံဟာ ရောမကို ရောက်ခဲ့ရာကနေ ရောမရဲ့ ဗိသုကာအနုပညာတွေကို အလွန်သဘောကျခဲ့ပြီး အစိတ်အပိုင်းတော်တော်များများကို ရောမအနုပညာတွေနဲ့ စီခြယ်စေခဲ့တဲ့အပြင် ဥယျာဉ်ကိုလည်း ထည့်သွင်းတည်ဆောက်စေခဲ့ပါတယ်။
၁၉ ရာစု လူးဝစ်ဖိလစ် လက်ထက်မှာလည်း အကြီးစားပြုပြင်မွမ်းမံမှုတွေ ထပ်လုပ်ခဲ့ပါသေးတယ်။ တတိယနပိုလီယံလက်ထက်နောက်ပိုင်းမှာတော့ ဒီနန်းတော်ကြီးဟာ ပရပ်ရှားတို့ရဲ့ လက်အောက်ကို ကျရောက်ခဲ့ရပြန်ပါတယ်။ တတိယ ပြင်သစ် သမ္မတနိုင်ငံ စနစ်နဲ့ အုပ်ချုပ်ခဲ့ချိန်မှာတော့ အုပ်ချုပ်သူခေါင်းဆောင်တွေရဲ့ စံအိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။
၁၉၂၇ ခုနှစ်မှာတော့ နိုင်ငံတော်ပြတိုက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာတော့ ဂျာမန်တို့လက်အောက်ရောက်ခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း Western Union ၊ နေတိုး စတဲ့အဖွဲ့အစည်းတွေရဲ့ ဌာနချုပ် ဖြစ်ခဲ့ပါသေးတယ်။
အကျယ်အဝန်း ၁၃၀မြေဧက ပေါ်မှာတည်ဆောက်ထားတဲ့ ဒီနန်းတော်မှာ အခန်းပေါင်း ၁၅၀၀ကျော် ရှိနေပါတယ်။ ဧည့်ခန်းတွေ ၊ ခန်းမကြီးတွေ ၊ ဘုရင် ဘုရင်မတွေရဲ့ နန်းဆောင်တွေ ၊ မှူးမတ်တွေရဲ့ အခန်း ၊ ကဇာတ်ရုံ ၊ ဝတ်ပြုခန်းမ ၊ ပြခန်း ၊ လျှောက်လမ်းခန်းမရှည်ကြီး တွေအပြင် အရှေ့တိုင်း အနုပညာ လက်ရာတွေကိုပြသထား တရုတ်ပြတိုက် တခုလည်း ဒီနန်းတော်ကြီးထဲမှာ ရှိနေပါသေးတယ်။
ဥယျာဉ်ကိုတော့ အမဲလိုက် နတ်ဘုရားမ ဒိုင်ယာနာကို ရည်ညွှန်းပြီး ဒိုင်ယာနာဥယျာဉ်လို့ အမည်ပေးတည်ဆောက်ထားပါတယ်။ ဒါအပြင် ရေကန်ကြီး တခုအပြင် အလှဖန်တီးတည်ဆောက်ထားတဲ့ လိုဏ်ဂူတွေနဲ့ ရေပန်းတွေလည်း ရှိနေပါသေးတယ်။ နန်းတော်အတွင်းဘက်မှာတော့ အီတလီ ၊ ပြင်သစ် ဂန္တဝင် ပန်းချီ ၊ ပန်းပု ၊ ဗိသုကာ အကျော်အမော်ကြီးတွေဖြစ်တဲ့ Rosso Fiorentino ၊ Francesco Scibec da Carpi ၊ Luca Penni ၊ Benvenuto Cellini စသူတို့ရဲ့ အနုပညာမြောက်လှတဲ့ အလှဆင် ဖန်တီးမှုပေါင်းများစွာ ရှိနေပါတယ်။
နန်းတော်ကြီးထဲမှာ စစ်ဘုရင် နပိုလီယံနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို သီးသန့်ပြသထားတဲ့ နပိုလီယံပြတိုက်လည်း ရှိပါသေးတယ်။ ဒီပြတိုက်မှာတော့ နပိုလီယံ နဲ့ မိသားစုဝင်တွေရဲ့ ရုပ်ပုံပန်းချီတွေ ၊ ဘွဲ့တံဆိပ်တွေ ၊ အသုံးအဆောင်တွေ ၊ ဝတ်စုံတွေ ကို စုဆောင်းပြသထားပါတယ်။
နှစ်ရာနဲ့ချီသက်တမ်းရှိပြီဖြစ်တဲ့ ဒီနန်းတော်အဆောက်အအုံကြီးကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ပြီး ခမ်းနားလှတဲ့ ပြင်သစ် ဗိသုကာ အနုပညာ လက်ရာတွေကြောင့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ နပိုလီယံရဲ့ အနှစ်သက်ဆုံးနန်းတော်ဖြစ်တဲ့ ဒီအဆောက်အအုံကြီးဟာ ယနေ့အခါမှာတော့ ကမ္ဘာတလွှားက ခရီးသွားတွေ လာရောက်ကြည့်ရှု့လေ့လာရတဲ့ နေရာတခု ဖြစ်လာပါပြီ။
Discussion about this post