Post By လင်းအိမ်တော်
နတ်ဟူသည် မြန်မာစကား“နာထ”ဟူသော ပါဠိမှ ဆင်းသက်လာသည် ဟု ဝေါဟာရလိနတ္တဒီပနီကျမ်းက ဖွင့်ဆိုထားသည်။ နာထ၏ အနက်အဓိပ္ပါယ်မှာ ကိုးကွယ်ရာဖြစ်သည်။ လောကီ၊ လောကုတ္တရာအကျိုးတို့အတွက် လူသားတို့ကိုးကွယ်ရာဖြစ်သောကြောင့် “နာထ”၊“နာတ်”၊“နတ်”ဟု ခေါ်ဆိုနေကြသည်။ နတ်ကို ပါဠိဘာသာအားဖြင့် “ဒေဝ”ဟု၍၎င်း၊ “ဒေဝတာ”ဟု၍၎င်း ခေါ်ဝေါ်သုံးစွဲခဲ့သည်။
ပဋ္ဌာန်းမူလ ဋီကာကျမ်း ဝိသုဒ္ဓိမဂ် မဟာဋီကာကျမ်းတို့၌-လူသားတို့အား ရာထူးဌာနန ္တရ စသော စည်းစိမ်ဥစ္စာကို ပေးတတ်သူ၊ လူသားတို့ ပူဇော်သက္ကာရကို ခံယူထိုက်သူ၊ အကျိုးတရားပြ၍ ညွှန်ကြားဆုံးမတတ်သူ၊ ပျက်စီးခြင်း ဘေးဒုက္ခအမျိုးမျိုးတို့မှ လွတ်ကင်းသူတို့က ငါတို့ ကိုးကွယ်ရာ ဖြစ်ပေသည်ဟု ကိုးကွယ်ဆည်းကပ် ချီးမွမ်းအပ်သူတို့ ဖြစ်သည်ဟု ဖွင့်ဆိုပြထားပါသည်။
နတ်ပြည်ခြောက်ထပ်
စတုမဟာရာဇ် – နတ်မင်းကြီးလေးပါး စိုးပိုင်သော နတ်ပြည်(ဘူမဋ္ဌ၊ ရုက္ခဋ္ဌ၊ အာကာသဋ္ဌ နတ်တို့သည် စတုမဟာရာဇ် ဘုံ၌ပါဝင်သည်။) ၊ တာဝတိ ံသာ- နတ်တို့သနင်း သိကြားမင်းစံရာ နတ်ပြည်၊ ယာမာ – ဆင်းရဲခြင်းမှ ကင်းသော နတ်ပြည်၊ တုသိတာ-စိတ်၏ နှစ်သက်ပြည့်ဖြိုးခြင်း ရှိသော နတ်ပြည် (အလောင်းတော်နတ်သားတို့ ဘုရားအဖြစ်သို့ရောက်မည့် နောက်ဆုံးဘဝ မတိုင်မီတွင် တုသိသာ နတ်ပြည်တွင် ဖြစ်မြဲ ဓမ္မတာဖြစ်သည်။)၊ နိမ္မာနရတိ-တန်ခိုး ဖန်ဆင်းခြင်း၌ မွေ့လျော်သော နတ်ပြည်၊ ပရနိမ္မိတဝသ၀တ္တီ-တပါးသော နတ်တို့ ဖန်ဆင်းပြီးသော ကာမဂုဏ်၌ အလိုကိုဖြစ်စေ နတ်ပြည်(မာရ်နတ်မင်းနေရာ နတ်ပြည်လည်းဖြစ်သည်)။ စတုမဟာရာဇ် သည် အောက်ဆုံးဖြစ်၍ ပရနိမ္မိတဝသ၀တ္တီ သည် အထက်ဖြစ်သည်။
နတ် စုတေ့ သေဆုံးခြင်း အကြောင်း(၄)ပါး
(၁)အာယုက္ခယ = သက်တမ်းကုန်၍ သေခြင်း၊ (၂)ပုညက္ခယ = ကုသိုလ်ကောင်းမှုကုန်၍ သေခြင်း၊(ကုသိုလ်ကောင်းမှု အနည်းငယ်မျှဖြင့် နတ်ပြည်တွင် လာဖြစ်သော နတ်သားတို့သည် ကုသိုလ်ကောင်းမှုကုန်သောအခါ အစွမ်းသတ္တိ မရှိတော့ဘဲ သက်တမ်းမစေ့ခင် စုတေ့ ရသည်။)(၃)အာဟာရက္ခယ = စားနေကျ သောက်နေကျ အချိန် မစားမသောက်မိ၍ သေခြင်း၊(နတ်သားတစ်ဦးသည် ကာမဂုဏ်ခံစားနေ၍ စားချိန်ကို သတိမရဘဲ တစ်နပ်စာမျှ မစားဘဲနေလိုက်လျှင် နောက်ဘယ်နှစ်ကြိမ်စားစား အသက်မရှည်နိုင်ပေ။)
(၄)ကောဓာဘိဘဝန = ဒေါသထွက်၍ သေခြင်း၊(နတ်သားများသည် နတ်သမီးများနှင့် ပျော်ပါးနေသောအခါ တခြားနတ်များက လာရောက်ဖက်ပြိုင်တာမျိုး ရှိတတ်သည်။ ထိုအခါ ဖက်ပြိုင်လာသော နတ်ကို ဒေါသထွက်တတ်သည်။ ဒေါသထွက်သောနတ်၏ ကိုယ်ခန္ဓာသည် မီးလောင်သကဲ့သို့ ပူပြီး စုတေ့ရသည်။ ဖက်ပြိုင်သော နတ်ကလည်း ဒေါသထွက်လျှင် စုတေ့ရသည်။ ထို့ကြောင့် မိမိကို ဒေါသထွက်မှန်းသိသည်နှင့် ဒေါသမထွက်ခင် တခြားနေရာသို့ ရှောင်သွားရသည်။ သို့မှသာ အသက်ချမ်းသာရာရ၏။)
ပုဗ္ဗနိမိတ်(၅)ပါး (နတ်သက်တမ်းကုန်တော့မည့်အခါ ပြသည့်နိမိတ်)
နတ်သား၊ နတ်သမီး တစ်ပါးပါး သက်တမ်းကုန်၍ စုတေ့တော့မည် ဆိုလျှင် လူ့တို့၏ အရေအတွက် (၇)ရက်မြောက်တွင် ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်။ (၁)ပဋိသန္ဓေအခါက ပန်ဆင်ခဲ့သော ပန်းများ ညှိုးနွမ်းကုန်ခြင်း၊ (၂)နတ်အဝတ်ပုဆိုးများ ညှိုးနွမ်းကုန်ခြင်း၊(၃)ကိုယ်ခန္ဓာ၏ လက်ကတီးကြားမှ ချွေးများ ယိုထွက်လာခြင်း၊(၄)ကိုယ်ရောင်ကိုယ်ဝါ မှေးမိှန်လာခြင်း၊(၅)နတ်များ၏ နေရာတွင် တည်တည်တံ့တံ့ မနေနိုင် မထိုင်နိုင်ဖြစ်လာခြင်း တို့ဖြစ်သည်။ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်ကို နတ်တိုင်းမသိကြပေ။ ပညာရှိသော နတ်များကသာ သိကြသည်။ ပုဗ္ဗနိမိတ်(၅)ပါး ထင်လာပြီးလျှင် နတ်သက်ကြွေကြသည်။
နတ်တို့မရနိုင်သောကမ္မဋ္ဌာန်းများ (၁၂)ပါး
အသုဘ ၁ဝ-ပါး၊ကာယဂတာသတိ၊အာဟာရေ ပဋိကူလသညာ တို့ ဖြစ်၏၊နတ်ပြည်၌ အာရုံငါးပါးကာမဂုဏ်တရားတို့ လွှမ်းမိုးထားရကား ထိုကမ္မဋ္ဌာန်းများ များကို မရနိုင်ပေ။ နြတ်ဖစ်ခြင်း အကြောင်း ၃-ပါး(နတ်ပြည်ရောက်လိုသူများ ကျင့်ကြံရန် တရားသုံးပါး)- (၁)သစ္စံ ဘဏေ-အမှန်ကိုသာ ဆိုပြောရာ၏၊(၂)န ကုဇ္ဈေယျ-အမျက်မထွက် စိတ်မဆိုးရ၊
(၃)အပ္ပမ္ပိ ဒဇ္ဇာ-တောင်းခံလာက နည်းနည်းဖြစ်ဖြစ် ပေးလှူရာ၏။
အတုလ ဝိဇ္ဇာမယ သိဒ္ဓိကျမ်းလာ နတ်မျိုး ၂-ပါး- (၁)ကမ္မသကနတ်-ဒါန,သီလ,ဈာန်,ဘာဝနာ ကုသိုလ်တို့ကြောင့်ဖြစ်သော နတ်,ဗြဟ္မာများ၊ (၂)ဂန္ဓာရီနတ်-ဆေး, အင်း, မန္တာန်, ပြဒါး,သံ, ကျောက်မျက် ရတနာ စသည်တို့ တန်ခိုးဖြင့် မြေလျှိုးမိုးပျံ နေကြသော ဝိဇ္ဇာဓိုရ်များ။
နတ်ပြည်ခြောက်ထပ်
စတုမဟာရာဇ် ၊ တာဝတိ ံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတဝသ၀တ္တီ
စတုမဟာရာဇ်
ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ ဟူသောနတ်မင်းကြီးလေးပါးကို ပါဠိလို `စတုမဟာရာဇ´ ဟုခေါ်၏။(စတု=လေးယောက်သော+ မဟာရာဇ= နတ်မင်းကြီး)ထို နတ်မင်းကြီးလေးပါးကို ဆည်းကပ်ခစားရသည့် လက်အောက်ခံနတ်တို့မှာ `စတုမဟာရာဇိက´ ဟုခေါ်သည်။ နတ်မင်းကြီးလေးပါး နှင့် စတုမဟာရာဇိကနတ်တို့၏ နေရာဘုံကို ပါဠိလို စာတုမဟာရာဇိကာ မြန်မာလို စာတုမဟာရာဇ်ဘုံ (သို့မဟုတ်) စာတုမဟာရာဇ်နတ်ပြည်ဟု ခေါ်ဆိုသည်။
ဤဘုံ၌ – သကြားမင်း ကိုယ်စား ဓတရဋ္ဌ နတ်မင်း ၊ ဝိရူဠက နတ်မင်း ၊ ဝိရူပက္ခ နတ်မင်း ၊ ကုဝေရ နတ်မင်း ဟူ၍ နတ်မင်းကြီးလေးပါး အုပ်စိုးသည်။ဓတရဋ္ဌနတ်မင်းကြီးသည် ငွေရောင်တောက်ပသောမြင့်မိုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက် ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင်၌ ပဋိသန္ဓေနေကြသော နတ်များ) အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
ဝိရူဠကနတ်မင်းကြီးသည် မြရောင်တောက်ပသော မြင့်မိုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ္ဘာန်(ကြီးမားသော ဝမ်းဗိုက်နှင့် ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါနဝရက္ခိုသ်)အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။ဝိရူပက္ခနတ်မင်းကြီးသည် ဖန်ရောင်တောက်ပသော မြင့်မိုရ်တောင်၏ နောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။ကုဝေရနတ်မင်းကြီးသည် ရွှေရောင်တောက်ပသော မြင့်မိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ်တောင် (မြင့်မိုရ်တောင်ထက်ဝက်အမြင့်ရှိ) ထိပ်မှစ၍ မြင့်မိုရ်တောင် အောက်ခြေထိ ကျယ်ပြန့်သည်။ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿ၀ဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူကြီးဖြစ်သည်။စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။
ကုဝေရနတ်မင်းကြီး
ကုဝေရနတ်မင်းကြီးကို `ဝေဿ၀ဏ်နတ်မင်းကြီး´ဟူ၍လည်း ခေါ်ဆိုကြသည်။ ဤစတုမဟာရာဇ် နတ်မင်းကြီးများ တွင် ကုဝေရ ခေါ် ဝေဿ ဝဏ်နတ်မင်းကြီးမှာ အလွန်တန်ခိုးကြီး၏။ လောကတွင် အကြီးမြတ်ဆုံးလက်နက်ကြီး လေး မျိုးကို အသီးသီးပိုင်ဆိုင်ကြသည့် တန်ခိုးရှင်ကြီး လေးဦးရှိသည်။သိကြားမင်းက ဝဇီရ စိန်လက်နက်(ဝရဇိန်လက်နက် ဟုလည်းခေါ်ကြသည်)၊ ဝေဿ၀ဏ်နတ်မင်းက သံတင်းပုတ်လက်နက်၊ ယမမင်းက မျက်စောင်းလက်နက်၊ အာဠာဝကဘီလူးကြီးက ဘွဲ့ဖြူနတ်ပုဆိုးလက်နက် တို့ကို အသီးသီးပိုင်ဆိုင်ကြကြောင်း သုတ္တနိပါတ်၊ အာဠာဝကသုတ်၌ ပါရှိလေသည်။
ဝေဿ ဝဏ်နတ်မင်းကြီးသည် သောတာပန်မဖြစ်မီ ပုထုဇဉ်ဖြစ်စဉ်က အမျက်ထွက်သဖြင့် သံတင်းပုတ် လက်နက်ကြီးကို ပစ်လွှတ်လိုက်လျှင် နတ်ဘီလူးထောင်ပေါင်းများစွာတို့၏ ဦးခေါင်းများ ပြတ်ကျကုန်ပြီး ဝေဿ ဝဏ်နတ်မင်းကြီး၏ နှစ်တောင်ထွာအရပ်၌ တဖန်ပြန်၍ ရပ်တည်ကြသည်ဟု အာဠာဝကသုတ် အဖွင့်၌ ဖွင့်ဆိုထားပေသည်။ဝေဿ ဝဏ်ခေါ် ကုဝေရနတ်မင်းကြီး၏ ရှေ့အတိတ်အကြောင်းကား ကဿပဘုရားရှင် ပွင့်တော်မူပြီးနောက် ဗာရာဏသီပြည်တွင် ကုဝေရမည်သော ပုဏ္ဏားသူကြွယ်သည် ကြီးကျယ်သောကြံခင်းများ စိုက်ပျိုး၍ ကြံရည်ကြိတ်စက် ခုနှစ်လုံးကိုဝယ်ယူကာ ကြံရည်ဆိုင် ခုနှစ်ဆိုင်ဖွင့်သတဲ့။
ကြံခင်းများမှ ရရှိကြသော ကြံတို့ကို ထိုကြံရည်ကြိတ်စက်များဖြင့် ကြိတ်ပြီးကြံရည်များကို ရောင်းချလေသည်။ ထိုကြံရည်ဆိုင် ခုနှစ်ဆိုင်အနက် ကြံရည်တစ်ဆိုင်မှ ရရှိသည့် အမြတ်အစွန်းများကို လာလာသမျှ လူအပေါင်းအား ပေးလှူ၍ ကုသိုလ်ကောင်းမှုပြူ၏။ထိုကြံရည်ဆိုင်မှာ အခြားကြံရည်ဆိုင်များထက် ရောင်းကောင်းသဖြင့် အမြတ်အစွန်း ပိုမိုရရှိသည်ဟု ဆိုပေသည်။ ထို့ကြောင့် ကုဝေရပုဏ္ဏားသည် သဒ္ဓါယုံကြည်စိတ် ပိုမိုထက်သန်လာကာ အခြားကြံရည်ဆိုင်များမှ ရရှိသည့် အမြတ်အစွန်းတို့ကိုပါ အလှူဒါနပြုလေသည်။ ဤသို့လျင် ကြံရည်ဆိုင် ခုနှစ်ဆိုင်လုံးမှ ရရှိသော အမြတ်အစွန်းတို့ကို အနှစ်နှစ်သောင်းကာလပတ်လုံး ပေးလှူခဲ့သည်။ (ထိုအချိန်မှာ လူတို့၏သက်တမ်းသည် အနှစ်နှစ်သောင်းတမ်း ဖြစ်သည်။)
ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ စတုမဟာရာဇ်နတ်ပြည်၌ ကုဝေရမည်သော နတ်မင်းဖြစ်လေ၏။ နောင်သောအခါ ဝိဿ ဏမည်သော မင်းနေပြည်တော်၌ မင်းအဖြစ်ကို ရရှိသောကြောင့် မင်းနေပြည်တော်ကို အစွဲပြုကာ ဝေဿ ဝဏ်နတ်မင်း ဟူ၍လည်း ခေါ်ကြသည်။နတ်ဘီလူးတို့၏ အကြီးအမှူးဖြစ်သောကြောင့် နတ်ဘီလူးအပေါင်းခြံရံကာ ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်ပျော်ပါးစွာ နေထိုင်သည်။ ထိုနတ်မင်းကြီး လေးယောက်တို့မှာ ခွန်အားဗလကြီးသည့် သားတော် ကိုးကျိပ်တစ်ယောက်စီ ရှိကြသည်။
ထိုသားတော်တို့၏ အမည်ကို မိမိတို့၏ အရှင် သိကြားမင်း၏ အမည်အတိုင်း `က္ကန္ဒ´ ဟုချည်း အမည်တစ်ခုတည်းပေးထားကြသည်ဟု သုတ်ပါ ထေယျပါဠိတော်၊ အာဋာနာဋိယသုတ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ ဟောကြားဖွင့်ဆိုထားပေသည်။ ထိုနတ်မင်းကြီးလေးပါးတို့သည် လောကကြီးကို စောင့်ရှောက်နေကြသည့် နတ်မင်းကြီးများဖြစ်သောကြောင့် `စတုလောကပါလ´ နတ်မင်းကြီးများြကြီးများဖြစ်ကြောင်း ပေတဝတ္တုပါဠိတော်နှင့် အဋ္ဌကထာ တို့မှာ ဟောကြားဖွင့်ဆိုထားပါသည်။
ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿ ဝဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူူကြီး ဖြစ်သည်။ စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။ လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။ လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။
တာဝတိ ံသာနတ်ပြည်
မာဃလုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှုပြုဖော်ပြုဖက် ဖြစ်သော (၃၃) ယောက်သော သူတို့၏နေရာဖြစ်သော ဘုံကို တာဝတိ ံသာနတ်ဘုံဟု ခေါ်သည်။တာဝတိ ံသာနတ်ပြည်သည် မြင့်မိုရ်တောင်ထိပ်၌ တည်သောကြောင့် စတုမဟာရာဇ်နှင့် ယူဇနာ ၄၂,၀၀၀ ကွာဝေးသည်ဟု ဆိုကြသည်။တာဝတိ ံသာနတ်ပြည်၏ တည်နေပုံမှာ ယူဇနာတစ်သောင်း ကျယ်ပြန့်သည်။ထိုနတ်ပြည်၌ တံခါးပေါင်း တစ်ထောင်ရှိ၍ အရှေ့တံခါးနှင့် အနောက်တံခါး၊ တောင်နှင့် မြောက်တံခါးတို့သည် ယူဇနာတစ်သောင်း ကွာဝေးသည်။
နတ်ပြည်၏အလယ်တွင် ရတနာခုနှစ်ပါးနှင့် စီချယ်ထားသော ယူဇနာတစ်ထောင် မြင့်သော ဝေဇယန္တာပြာဿ ဒ်ကြီး တစ်ခုရှိသည်။ထို ပြာဿ ဒ်ကြီးကို ယူဇနာသုံးရာ မြင့်သော ထီးတံခွန်တို့ဖြင့် ဝိုင်းရံထားလျက် ရှိလေသည်။ထို့ပြင် ယူဇနာငါးဆယ်ကျယ်သော နန္ဒာရေကန်နှင့် နတ်သစ်ပင်၊ ပန်းပင်တို့ဖြင့် ဝေဆာသော ယူဇနာခြောက်ဆယ်ရှိသော ဥယျာဉ်ကြီး(၅)ခု တို့သည်လည်း သာယာကြည်နူးဖွယ် ရှိသည်။
ဥယျာဉ်တော် ၅ ခု
(၁) နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၁ဝဝဝ)ကျယ်၍ နတ်တို့နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။(၂) ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ ဖက်သက်အဖျော်ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။(၃) စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ (၅ဝဝ)ကျယ်၍ အာသာဝတီနွယ်နီနတ်ပန်းဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့်ဝင်ထွက်ရာဥယျာဉ်တော်။(၄) မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် ယူဇနာ (၅ဝဝ)ကျယ်၍ နတ်သားနတ်သမီးတို့ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။(၅) မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ လှပဆန်းကြယ်နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိသည်။
ထို့အပြင် တာဝတိ ံသာနတ်ပြည်တွင် ပင်လယ်ကသစ်ပင်ဟူ၍ ရှိပါသည်။ပင်လယ်ကသစ်ပင်မှာ အဝန်း ယူဇနာသုံးရာ၊ လုံးပတ် တစ်ဆယ့်ငါးယူဇနာ၊ အမြင့် ယူဇနာတစ်ရာရှိသည်။ထိုအပင်ရင်း၌ ယူဇနာအားဖြင့် အလျားခြောက်ဆယ်၊ အနံငါးဆယ်၊ ထု တစ်ဆယ့်ငါးယူဇနာရှိသော ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ တည်ရှိသည်။
ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ သည် လယ်ခေါင်ရမ်းပွင့် အရောင်အသွေးကဲ့သို့ နီတွေးသောအရောင် အဆင်းရှိသည်။ ၎င်းသည် အလွန်နူးညံ့သော ကမ္ဗလာဖြစ်၍ သိကြားမင်းထိုင်လျှင် ကိုယ်တစ်ဝက်မြုပ်၍ ထလျှင်ပြန်၍ ပြည့်မြဲပြည့်သော ကမ္ဗလာ ဖြစ်ပါသည်။တာဝတိ ံသာ၌ ကုသိုလ်ကောင်းမှုပြုရန် စူဠာမဏိစေတီတော် ရှိပါသည်။ ထိုစေတီတော်သည်ယူဇနာတစ်ရာမြင့်သော မြသားစေတီတော်ဖြစ်သည်။ မြတ်စွာဘုရား၏ ဆံတော်၊ မကိုဋ်တော်သာမက လက်ယာအထက်စွယ်တော်ပါ ကိန်းဝပ်တည်ရှိပေသည်။
သုဓမ္မာ
သုဓမ္မာ အမည်ရှိ နတ်သဘင် ဓမ္မာရုံကြီးလည်း ရှိသည်။ သုဓမ္မာဇရပ်ကြီး၌ နတ်တို့၏ အစည်းအဝေးများကို အောက်ပါအကြောင်းလေးပါးကြောင့် ကျင်းပပြုလုပ်ကြသည်။(၁) ဝဿူ ပနာယိက သင်္ဂဟတ္ထံ၊ ဝါဆိုသံဃာတော်တို့ကို ချမ်းသာစွာတရား အားထုတ်နိုင်ရေးအတွက် စောင့်ရှောက် ပေးဖို့ရန် ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌စည်းဝေးကာတိုင်ပင်စေခြင်း၊(၂) ပဝါရဏာသင်္ဂဟတ္ထံ၊ ပဝါရဏာပွဲတို့၌ သံဃာတော်များချမ်းသာစွာပြုနိုင်ရေးအတွက် တာဝန်ပေးရန်အစည်းအဝေးပြုခြင်း၊
(၃) ဓမ္မ သဝနတ္ထံ- တရားနာရန်အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊(၄) ပါရိ စ္ဆတ္တက ကိဠာနု ဘဝနတ္ထံ၊ ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေး ပြုလုပ်ကြခြင်း။တာဝတိ ံသာမှ အထက်ယာမာ စသောနတ်ပြည်များ၌ကား အာကာသဋ္ဌ (ဝါ) “အာကသဇိုဝ်း” နတ်များသာ ရှိကြသည်။ဤဘုံတွင် သိကြားမင်းနှင့် ပဇာပတိ၊ ဝရုဏ ဤသာန စသော (၃၃)ပါးသော နတ်မင်းကြီးတို့ စံနေကြသည်။တာဝတိ ံသာနတ်သက်သည် အနှစ်(၁၀၀၀)ဖြစ်သည်။လူတို့၏ နှစ်အရေအတွက် သုံးကုဋေခြောက်သန်းရှိသည်။လူတို့၏ နှစ်(၁၀၀)သည် တာဝတိ ံသာနတ်၌ (၁)ရက် ဖြစ်သည်။
ယာမာနတ်ပြည်
ဆင်းရဲဒုက္ခမှ ကင်းကြသော နတ်ချမ်းသာများ နေရာဘုံဖြစ်သည်။ တာဝတိ ံသာ၌ သိကြားမင်းရှိသကဲ့သို့ ယာမာဘုံတွင်လည်း `သုယာမနတ်မင်း´ အုပ်ချုပ်သည်။ယင်းနတ်မင်းသည် သိကြားမင်းရာထူးကိုလည်းရသည်။ယာမာနတ်သက်သည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၂၀၀၀)ရှိသည်။လူတို့၏အရေအတွက်အားဖြင့် (၁၄)ကုဋေ(၄)သန်းရှိသည်။လူတို့၏ နှစ်(၂၀၀)သည် ယာမာနတ်ပြည်၌ (၁)ရက် ဖြစ်သည်။
တုသိတာနတ်ပြည်
ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံကြ၍ နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။ထိုဘုံ၌ဖြစ်ကြသောနတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက်ပျော်ပါးနေကြရသောကြောင့် တုသိတာနတ်ဘုံဟု ခေါ်သည်။သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။
ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ “သေတကေတု”မည်သောနတ်မင်း ဖြစ်လေသည်။ ဘုရားအလောင်း၏မယ်တော် စသည့် သူတော်ကောင်းပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ်သည်။အနာထပိဏ်သူဌေးသည် ဤ တုသိတာနတ်ဘုံတွင်နတ်သားဖြစ်ရသည်။တုသိတာနတ်သက်သည် နှစ်ပေါင်း(၄၀၀၀)ရှိသည်။လူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၅၇)ကုဋေ နှင့် ခြောက်သန်းရှိသည်။လူတို့၏ နှစ်(၄၀၀)သည် တုသိတာနတ်(၁)ရက် ဖြစ်သည်။
နိမ္မာနရတိနတ်ပြည်
နိမ္မာနရတိနတ်ပြည်သည် တုသိတာနတ်ဘုံ၏အထက် ယူဇနာ(၄၂၀၀၀)ကွာသော ကောင်းကင်ပြင်တွင် ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်များနည်းတူ ပန်းဆိုင်းဆွဲသကဲ့သို့ တည်ရှိသည်။ထိုပြည်ရှိနတ်တို့သည် ပင်ကိုယ်ရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားလိုကြသည့်အခါ မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျဖန်ဆင်း၍ မွေ့လျော်လေ့ရှိသော နတ်များဖြစ်ကြသည်။
အောက်နတ်ပြည်လေးထပ်တိ့ု၌ အမြဲတမ်းထားသော ကိုယ်ပိုင်ဇနီးမောင်နှံ ရှိကြသကဲ့သို့ နိမ္မာနရတိနတ်ပြည်၌လည်း အမြဲတမ်း ဇနီးမောင်နှံများ ရှိကြသည်။ ထိုနတ်တို့သည် အပိုအလွန် စည်းစိမ်ခံစားလိုမှသာ မိမိတို့လိုရာ အဆင်း၊ အသံစသည်တို့ကို ကိုယ်တိုင်ဖန်ဆင်းကြ၍ ထိုဖန်ဆင်းသော အာရုံ၌ပင် မွေ့လျော်ပျော်ပိုက် နေတတ် ကြသည်။
ထို့ကြောင့် ထိုနတ်တို့ကို `နိမ္မာနရတိ´နတ်များဟုခေါ်ကြသည်။(နိမ္မာန=လိုရာစည်းစိမ်ကို မိမိဘာသာ ဖန်ဆင်း၍ + ရတိ=မွေ့လျော်ကြသည့် နတ်များ၏ဘုံ)မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ မိဘုရားဟောင်း ဖြစ်ဖူးကြသော မနာပကာယိကာ မည်သော နိမ္မာနတိနတ်သမီးတို့သည် အရှင်အနုရုဒ္ဓါမထေရ်ထံ လာကြ၍ အမျိုးမျိုး ဖန်ဆင်းပြကြသတဲ့။
ထိုနတ်ပြည်ကို အုပ်ချုပ်သောနတ်မင်းကား “သုနိမ္မိတနတ်မင်းကြီး” ဖြစ်သည်။ဝိသာခါကျောင်းအမသည် နိမ္မာနရတိနတ်ပြည်တွင် သုနိမ္မိတနတ်မင်းကြီး၏ နတ်မိဖုရားဖြစ်ရသည်။ထိုနတ်တို့၏သက်တမ်းသည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း (၈၀၀၀)ရှည်၍ လူသားတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၂၃၀)နှင့် လေးသန်း ရှိ၏။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။
ပရနိမ္မိတဝသ၀တ္တိနတ်ပြည်
မိမိတို့အလိုရှိရာကို ကိုယ်တိုင်မဖန်ဆင်းဘဲ အစေအပါးနတ်များ၏ အလိုက်သိစွာ စိတ်တိုင်းကျ ဖန်ဆင်းပေးသော ကာမဂုဏ်စည်းစိမ်ချမ်းသာကို စံစားကြသော နတ်တို့၏ စံရာဘုံဖြစ်သည်။“ဝသ၀တ္တိနတ်မင်း”က အုပ်ချုပ်သည်။ဤနတ်ဘုံမှာ မြတ်စွာဘုရားကိုပင် အမြဲတမ်း လိုက်လံနှောက်ယှက်လေ့ရှိသော မာရ်နတ် မင်းသည်လည်း သီးသန့်စံလျက်ရှိသည်။ပရနိမ္မိတဝသ၀တ္တိ နတ်သက်သည် နှစ်ပေါင်း(၁၆၀၀၀)ရှိသည်။လူတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၉၂၁)နှင့် ခြောက်သန်း ရှိ၏။လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတဝသ၀တ္တိ နတ်ပြည်၏ တစ်ရက်ဖြစ်သည်။
Discussion about this post