ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် အလောင်း အလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာနေ ဦးသော်တာ၊ ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင် တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်ပါသည်။ ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထား စာသင် စေခဲ့သော်လည်း စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက် ခဲ့ရပါသည်။ ဆရာတော် အလောင်း အလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ် တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာ၀ တရားများကို တွေ့ကြုံ ခံစား ခဲ့ရပါသည်။
အိမ်ထောင် ၄- ကြိမ် ပြုခဲ့သည်။ သားကျွေးမှု မယားကျွေးမှု အတွက် အသက် ၄၆-နှစ် အရွယ်အထိ အရက်သမား၊ လောင်းကစားသမား၊ ကြေးစားလူမိုက်၊ ဓားပြဗိုလ် ဘဝတို့ဖြင့် အကုသိုလ် မျိုးစုံ ကျူးလွန်ရင်း အစိုးရ အပြစ်ဒဏ်များလဲ ကျခံခဲ့ရသည်။ တစ်နေ့ ဇနီးသည် ဝယ်လာသော စာမတတ်သည့် စွန်းလွန်း ဆရာတော်ဘုရားကြီး အကြောင်း စာအုပ်ကို ရုပ်ပုံများ ကြည့်ရင်း သတိပဌာန် လေးပါးကို စာလုံးပေါင်း ဖတ်ကြည့်ပြီး ”သူတောင် ရဟန္တာဖြစ်ရင် ငါလဲ ကျင့်ရင် ဖြစ်မှာပဲ” ဟု တရားကျင့်လိုစိတ် စတင် ဖြစ်ပေါ်ခဲ့ပါသည်။ နောက်ဆုံးအကြိမ် ဓားပြတိုက် ရာတွင် ဦးခေါင်းကို ဓားခုတ်ခံရပြီး သံဝေဂ အကြီးအကျယ် ရခဲ့သည်။ ၇-ရက်အကြာ ဒဏ်ရာ သက်သာသော အခါ စွန်းလွန်းစာအုပ် ယူပြီး မှော်ဘီ နှောကုန်းရွာ ကျောင်းလေးကျောင်း သိမ်ထဲတွင် ၉-ပါးသီလ ခံယူကာ တံခါးပိတ်ပြီး ”လူသေလျှင်သေ မသေလျှင် ကိလေသာသေ” ဟု ပြင်းပြသော စိတ်ဖြင့် ဝင်လေ ထွက်လေ နှာသီးဖျား ထိသည်ကို သတိဖြင့် မပြတ်ရှုမှတ်ပါတော့သည်။
ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းကလေး သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာၤနေ့တွင် စတင်၍ သတိပဋ္ဌာန် တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ၁၃၂၁ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် ပထမမဂ်ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင် အောက်တွင် ဒုတိယမဂ်ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ တတိယမဂ် ကိုလည်းကောင်း ရရှိတော် မူပါသည်။
ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြား အဝတ်များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်ကိုသာ ဝတ်ဆင် ပါတော့သည်။ အနာဂတ် ကာလတွင် ဖြစ်ပေါ်လာမည့် အာရုံ နမိတ်ထူး များကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ- နှောကုန်း ကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်း ကုန်းမြေ နေရာတွင် ကြက်ပျံမကျ စည်ကားသော ကျောင်းတိုက်ကြီး ဖြစ်ပေါ် လာလိမ့်မည်။ဤ ကျောင်းတိုက်ကြီးသည် သာသနာ့ မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက် နှီးနှော ကြလိမ့်မည် ဟူသော စကားတော်များ ဖြစ်ပါသည်။ ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် ရဟန်းဝတ်ရန် ဝန်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ ဦးဥက္ကဌ ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။
ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအချိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် စတုတ္ထမဂ်ကို ရရှိတော် မူခဲ့ပါသည်။ စတင် တရားအားထုတ်ချိန်မှ တွက်သော် လပေါင်း- ၂၀ နှင့်၊ ရက်ပေါင်း ၁၃-ရက် ကြာခဲ့သည်။ ၁၃၂၃ခုနှစ် ဝါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် သဲအင်းဂူ ဝိပဿနာ ကမ္မဌာန်း ကျောင်းတိုက်ကြီးကို ကျေးဇူးရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။
ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီးသည် သတ္တဝါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှု ကာဖြင့် မြန်မာပြည် တဝှမ်း အနယ်နယ် အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိ သိမြင်ထားသော တရားများဖြင့် သာမန် သူူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင် ဟောကြား ပြသတော် မူခဲ့ပါသည်။ ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအားလုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ “မှော်ဘီသို့ သွားသော ပေတစ်ရာ လမ်းမကြီး ဖြစ်ပေါ်လာမည်။ လျှပ်စစ်မီးတွေရောက် ရှိလာမည်” ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ် နေပါပြီ။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်း ထမ်းဆောင်တော် မူခဲ့သော ကျေးဇူး တော်ရှင် သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)ဝါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ (၈.၇.၁၉၇၃ ) အချိန်တွင် ဘ၀ သံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ် သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။ မပုပ်မသိုးသော ရုပ်ကလပ်တော်ကို ၃-နှစ် အပူဇော်ခံထားပြီး၊ ပတ္တမြားလုံး အသွင် မျက်ရှင်တော် နှစ်ဆူနှင့် စွယ်တော်တစ်ဆူ ထားရှိခဲ့ ပါသည်။
ဆရာတော်သည် မရမနေစိတ်ဖြင့် ကြိုးစားလျှင် မဖြစ်နိုင်တာ မရှိကြောင်း တရားလိုချင်သော သဒ္ဓါ တရားသာ အဓိက ဖြစ်ကြောင်း ပြသသွားခဲ့သည်။ လူဆိုးလူမိုက် ဘဝမှ ဘုရားပေးသော အမြင့်ဆုံးဘွဲ့ကို ရယူနိုင်သည့် အထိ ဘဝကို ပြောင်းပြန်လှန် ပြခဲ့သည်။ နောင်လာ နောက်သားများ တရားချမ်းသာ ခံစားနိုင်စေရန်လဲ သဲအင်းဂူ ပဋိပတ္တိ သာသနာကို အမွေပေးတော်မူခဲ့ ပါသည်။
သဲအင်းဂူဆရာတော် – Myanmar Wikipedia
ဓမ္မ၏အနှစ်သာရများ ( ၁၈၃ ) – Thet Tun
Discussion about this post