လူသတ်သမား ဓါးဝိဇ္ဇာ တစ်ယောက်ဟာ ပြစ်မှု့ကျူးလွန်ပြီးရှောင်တိမ်းနေခဲ့တာ ၁နှစ်ကျော်သွားခဲ့ပါပြီ။ သူဟာ အနယ်နယ်အရပ်ရပ်ကိုလေလွင့် လျောက်သွားနေရင်း တစ်ကိုယ်လုံးလဲစုတ်ပြတ်ပေတူးပြီး သူတောင်းစားတစ်ယောက်လို ဖြစ်နေပါတယ်။
ဒီလိုနဲ့ သူဟာ အေးချမ်းလှတဲ့မြို့လေးတစ်မြို့ကိုရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမြို့လေးကိုသူရောက်လာတော့ သူဟာအရမ်းကိုဆာလောင်နေပါတယ်။ အဲဒီအချိန်မှာပဲ သူဟာသစ်သီးဆိုင်တစ်ဆိုင်ရှေ့ကို ဖြတ်ပြီးလျောက်သွားခဲ့မိပါတော့တယ်။
ဆိုင်ထဲက သစ်သီးအနံဟာသင်းပျံ့မွေးကြိုင်နေပြီး ဆိုင်ရှေ့မှာ လည်းရွမ်းအိပြီး လှပလွန်းတဲ့ ပန်းသီးအလုံးကြီးကြီးတွေ စီထားတာတွေ့မိပါရော ။ သူဟာတံတွေးကို မျိုချပြီး ဆိုင်ရှေ့မှာ ရပ်ပြီးတွေးနေမိခဲ့တော့တယ်။ သူ့မှာ ဝယ်စားဖို့ပိုက်ဆံတွေကလည်းကုန်နေပြီ။ တောင်းစားရမလား ဓါးပြတိုက်ရကောင်းမလားသူတွေးပြ ေးနောက်ဆုံးတော့သူကျွမ်းကျင်တဲ့အလုပ်ကိုပဲ လုပ်ကိုင်လိုက်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။
ဒါနဲ့ ဆိုင်ရှေ့ကိုကပ်သွားကာ သူအိပ်ထဲက သူ့ရဲလက်စွဲတော်ချွန်မြပြီး ထက်လွန်းတဲ့သူ့ဓါးမြောင်ကို ထုတ်ဖို့လက်နိုက်လိုက်ပါတော့တယ်။ အဲဒီ အချိန်မှာပဲသူရှေ့မှာ ပန်းသီး ၂လုံး ၃လုံးထည့်ထားတဲ့ အိပ်ကိုင်ထားတဲ့လက်တစ်စုံဟာ သူ့ကိုကမ်းပေးနေရင်း.. ယူသွားပါ ကျွန်တော်ပိုက်ဆံမယူပါဘူး ..ဆိုပြီး သူ့ကိုလှမ်းပြီးပေးနေပါတော့တယ်။
တကယ်တမ်းတော့ဆိုင်ပိုင်ရှင်က သူ့ကိုစောစောကတည်းက သူဟာပန်းသီးကို ရချင်နေတယ်ဆိုတာကို သတိထားလိုက်မိပြီး ပိုက်ဆံလည်းမရှိရှာဘူးဆိုတာကိုသိနေလို့ပေးတာပါ။
သူဟာတစ်ခဏတာမှင်သက်သွားပြီး စိတ်ထဲမှာလည်း အတွေးပေါင်းစုံတွေးနေမိခဲ့ပါတော့တယ်။ နောက်ဆုံးတော့ အိပ်ထဲက ဓါးမြောင်ရိုးကိုကိုင်ထားတဲ့လက်ကို တစ်ဖြေးဖြေးဖြေလျော့ပြီး ဆိုင်ရှင်ပေးတဲ့ပန်းသီးကိုလှမ်းယူ ပြီး အားရပါးရကိုက်စားလိုက်ပြီးသူ့ကိုပြုံးပြနေတဲ့ ဆိုင်ပိုင်ရှင်မျက်နှာကို ခပ်စိမ်းစိမ်းလှမ်းကြည့်ရင်း ဘာမှမပြောပဲကျောခိုင်းထွက်လာခဲ့ပါတော့တယ်။
နောက်၃ရက် ကျော်သွားတော့ အဲ့ဒီ တရားခံပြေးဟာ ဆိုင်ရှေ့ကိုထပ်ရောက်လာတယ် ဆိုင်ရှင်ကလည်းဘာမှမပြောပဲပြုံးပြုံးရွင်ရွင်နဲ့ ပဲ သစ်သီးတွေ သူ့ကိုလှမ်းပေးလိုက်ပြန်ပါတယ်။ သူကလည်းဘာမှမပြောပဲ နဂိုအတိုင်းပဲလှမ်းယူပြီးကျောခိုင်းထွက်လာခဲ့ပြန်ပါတယ်။
တစ်နေ့ ညနေမှာဆိုင်ရှင်ဟာဆိုင်သိမ်းနေတုန်း သူ့သစ်သီးတွေကြား သတင်းစာတစ်စောင်ကိုတွေ့တာနဲ့ကောက်ကိုင်ကြည့်တယ်။ သတင်းစာ ရဲ့စာမျက်နှာပေါ်မှာ သူမြင်ဖူးတဲ့ မျက်နှာပိုင်ရှင်ဟာ အလိုရှိနေတဲ့လူဆိုးတစ်ယောက်ဖြစ်ပြီး သတင်းပေးနိုင်တဲ့သူအတွက် ဆုငွေထုတ်ထားတာကိုတွေ့လိုက်တယ်။ သူဖတ်ကြည့်လိုက်တော့ နိုင်ငံတော်ရဲတပ်ဖွဲ့က သူသစ်သီးတွေပေးနေခဲ့တဲ့ ရာဇဝတ်သားကို ဆုငွေကြီးကြီးထုတ်ထားပြီး လိုက်လံဖမ်းဆီးနေတာကို ဖတ်မိသွားပါတော့တယ်။
ဆိုင်ပိုင်ရှင်ဟာ တွေဝေသွားခဲ့ပါတော့တယ် အတွေးပေါင်းများစွာနဲ့ စဉ်းစားနေရင်း နောက်ဆုံး တော့ အကျိုးအကြောင်း အသိတရားတွေနဲ့ဆင်ချင်ပြီး ခပ်လှမ်းလှမ်းကဖုန်းဆိုင်ကို လှမ်းလာခဲ့ပါတော့တယ်။ ရဲတွေဟာ အဲ့ဒီရာဇဝတ်ပြေး သစ်သီးဆိုင်ကိုပြန်လာလိမ့်မယ်လို့တွက်ချက်ပြီးဆိုင် နဲ့ အနီးတဝိုက်မှာကင်းတွေ အင်အားချထားပြီးစောင့်နေခဲ့ကြပါတော့တယ်။
ဒီလိုနဲ့တစ်ရက်…နှစ်ရက် ….သုံးရက် အချိန်တွေသာ ကုန်သွားတယ်။ လူသတ်သမားရဲ့အရိပ်အယောင်တောင်မတွေ့ကြရပါဘူး။ ဒါပေမဲ့ ၄ရက်မြောက်နေ့ရောက်လာတော့ ဆိုင်ရှေ့ကိုလူသတ်သမားဟာရောက်ရှိလာပါတော့တယ်။သူဟာဆိုင်ရှေ့ခပ်လှမ်းလှမ်းမှာရပ်ပြီး ဆိုင်ပတ်ဝန်းကျင် ကိုအကဲခတ်နေပါတယ်။ တစ်ခုခုထူးခြားမှုရှိနေတယ်ဆိုတာကိုလည်းသူသိနေပါတယ်။
သူဟာဆိုင်ထဲကိုလှမ်းမဝင်ပဲရပ်နေတဲ့အတွက် စောင်ဆိုင်းနေတဲ့ရဲတွေရော ပုံစံမပျက်နေနေတဲ့ ဆိုင်ရှင် ပါ ရင်တွေတထိတ်ထိတ်နဲ့ အသက်ရှုရပ်မတတ် ရင်ခုန်နေပါတော့တယ်။ မတော် လိုရိပ်မိသွား ပြီး သွားလာနေတဲ့လူတွေကိုလှမ်းဖမ်း ဓါးစာခံလုပ်ပစ်မှာထပ်မံထွက်ပြေးလွတ်မြောက်သွားမှာကိုစိုးရိမ်နေကြပါတယ်။
အဲ့အချိန်မှာပဲ လူသတ်သမားဟာ ဘယ်သူမှ တွေးထင်မထားတဲ့ အပြုအမူ လုပ်ရပ်တစ်ခု ကိုလုပ်လိုက်ပါတော့တယ်။ သူဟာ အိပ်ထဲကဓါးမြောင်တွေကို ထုတ်ပြီး ရှေ့ကိုပစ်ချလိုက်ပြီး လက်နှစ်ဖက်ကိုမြောက်ပြီး အဖမ်းခံဖို့အဆင်သင့်ပြင်လိုက်ပါတော့တယ်။ ရဲတွေလဲချက်ချင်းဝိုင်းလိုက်ကျပြီးလက်ထိပ်ခတ် ဖမ်းဆီးလိုက်ကြပါတော့တယ်။
အဖမ်းခံလိုက်ပြီးတော့မှ လူသတ်သမားကပြောတာ ကျွန်တော် ဆိုင်ပိုင်ရှင်နဲ့ခဏလေးလောက်စကားပြောပါရစေ..တဲ့။ ရဲတွေ ဝိုင်းထားရက်သားနဲ့ လူသတ်သမားဟာဆိုင်ပိုင်ရှင်ရှေ့ကိုသွားပြီး…စကားတစ်ခွန်းပြောလိုက်ပါတော့တယ်။ “အဲဒီသတင်းစာဟာ ကျွန်တော်ကိုယ်တိုင်လာချထားပေးတာပါ အထဲမှာစာပါပါသေးတယ်” ..လို့ပြောပြီး ရဲတွေခြံရံပြီး အချုပ်ကားနဲ့အတူ ကျေကျေနပ်နပ်နဲ့ ပြုံးပြုံးကြီး လိုက်ပါသွားခဲ့ပါတော့တယ်။
ဆိုင်ပိုင်ရှင်ဟာ သတင်းစာကို ပြန်ပြေးသွားရှာပြီး အသဲအသန်လှန်ကြည့်လိုက်တဲ့အခါ နေရာလွတ်လေးတစ်နေရာမှာ လူသတ်သမားရေးထားတဲ့စာကိုဖတ်လိုက်မိပါတော့တယ်။ စာထဲမှာက
“ကျွန်တော် အခုလိုရှောင်ပြေးပုန်းရှောင်နေရတဲ့ ဘဝကြီးကို ငြီးငွေ့လွန်းခဲ့လှပါပြီ။ ကျွန်တော်ဘဝကိုဘယ်လိုဆက်လက်လျောက်လှမ်းရမလဲဆိုတာ ဒွိဟဖြစ်ရွေးချယ်နေတုန်းမှာ မိတ်ဆွေရဲ့စေတနာနဲ့ ပန်းသီးလေးဟာ ကျွန်တော်ကို
အလင်းရောင်ရပြီး ကြည်နူးစေခဲ့ပါတယ်။ အရမ်းကိုကျေးဇူးတင်ပါတယ် အခုကျွန်တော်ကို သတင်းပေးလို့ရလာတဲ့ဆုငွေကို ကျွန်တော်ရဲ့ကျေးဇူးဆပ်ခြင်းအဖြစ်လက်ခံပေးပါ ခင်ဗျာ”
ကောင်းမွန်တဲ့ စေတနာမေတ္တာ စိတ်ဓါတ်ဟာ မကောင်းတဲ့စိတ်ထားရှိသူတွေရဲ့ စိတ်ထဲ တွေးထင်မထား နိုင်လောက်အောင်ကို ပိုသာသွားစေတတ်ပါတယ်။ ကောင်းတာလုပ်တဲ့အခါ ကောင်းတာတွေပြန်မရောက်လာသေးပေမဲ့ ဘေးဆိုးတွေက ကင်းစင်သွားကြပါပြီ။ မကောင်းမှု့တွေလုပ်တဲ့အခါ မကောင်းတာတွေတန်ပြန်မရောက်လာသေးပေမဲ့ လာဘ်လာဘ နဲ့ ကောင်းတဲ့ကံတွေ ရှောင်ပြေးသွားခဲ့ကုန်ကြပါပြီ။
လွပ်လပ်မှုဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့။
Via : သင်သိရင် သင်ချမ်းသာလိမ့်မယ်
Discussion about this post