ဒီစာအုပ်ရဲ့ စာမျက်နှာတွေဟာ ဝါကျင့်ကျင့် ဖြစ်နေပြီး စာမျက်နှာတွေပေါ်မှာတော့ စာတွေပုံတွေကို အသေးစိတ်ရေးခြစ် ထားပါတယ်။ စုစုပေါင်း စာရွက်ရေ ၃၆ ရွက်သာ ပါဝင်တဲ့ ဒီစာအုပ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၃၀ ကျော်ပေးရတယ်ဆိုတော့ မသိသေးတဲ့ မိတ်ဆွေများအဖို့ အနည်းငယ်တော့ အံသြမိကြမှာပါ။ ဒီစာအုပ်ကတော့ Codex Leicester အမည်နဲ့ ကမ္ဘာကျော်တဲ့ လက်ရေးမူကြမ်း စာအုပ်ဖြစ်ပါတယ်။
တကယ်တော့ ဒီစာအုပ်ဟာ ရောင်းချခဲ့စဉ်တန်ဖိုးနဲ့တွက်ရင် ဈေးအကြီးဆုံး စာရင်းမှာ နံပါတ် ၃ နေရာမှာပဲ ရှိပါတယ်။ နံပါတ် ၁ နေရာမှာတော့ ၁၉ရာစု အမေရိကန်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ Joseph Smith ရဲ့ Book of Mormon စာအုပ်က ရပ်တည်နေပြီး ဒီစာအုပ်ကို ၂၀၁၇ ခုနှစ်က ဒေါ်လာ ၃၅သန်း နဲ့ ရောင်းချခဲ့ပါတယ်။ နံပါတ် ၂ နေရာမှာတော့ ၁၁ရာစု တရုတ်နိုင်ငံရေး နဲ့ သမိုင်းပညာရှင် Zeng Gong ရဲ့ သူငယ်ချင်းထံပေးတဲ့စာ အမည်နဲ့ စာအုပ်ဖြစ်ပြီး ဒီစာအုပ်ကိုတော့ ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၇၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
အပေါ်က နှစ်အုပ်ပြီးမှ Codex Leicester စာအုပ်ဖြစ်ပြီး သူ့ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈ သန်းဖြစ်ပါတယ်။ ဒါဆိုရင် တတိယနေရာမှာပဲ ရှိနေတဲ့ ဒီစာအုပ်ကို ဘာကြောင့် ဈေးအကြီးဆုံးလို့ ဆိုရသလဲ ဆိုရင်တော့ အချိန်ကွာခြားချက်ကြောင့်လို့ ဖြေရမှာပါ။ ဒီစာအုပ်ကို ဒေါ်လာ ၃၀ ဒသမ ၈ သန်းနဲ့ ရောင်းချခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆နှစ်ခန့်(၁၉၉၄ခုနှစ်) က ဖြစ်ပါတယ်။ အဲဒီအချိန်က ဈေးနှုန်းကို ၂၀၁၉ ခုနှစ်ဈေးနှုန်းနဲ့ တွက်မယ်ဆိုရင်တော့ ဒီစာအုပ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၅၃သန်းကျော် ဖြစ်သွားမှာပါ။ ဒါကြောင့် ဒီစာအုပ်ကို ဈေးအကြီးဆုံး စာအုပ်လို့ ဆိုရခြင်းပါ။
Codex Leicester လက်ရေးမူကြမ်းစာအုပ်ကို ရေးတဲ့သူကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ အီတလီ စွယ်စုံရပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီဖြစ်ပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လီယိုနာဒို ဒါဗင်ချီဟာ ပန်းချီ ပန်းပု အနုပညာမှာသာမက ဗိသုကာပညာ ၊ ခန္ဓာဗေဒ ၊ သိပ္ပံ ၊ အင်ဂျင်နီယာ စတဲ့ နယ်ပယ်ပေါင်းစုံမှာ ထူးချွန်ခဲ့ပြီး သူ့တသက်တာမှာ ခေတ်ရှေ့ပြေးတဲ့ တီထွင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့သူပါ။ ဒါကြောင့်လည်း သမိုင်းတလျှောက် အထူးချွန်ဆုံးပါရမီရှင် စာရင်းတွေမှာ သူ့နာမည်က အမြဲလိုလိုပါနေရခြင်းပါ။
Codex Leicester စာအုပ်ကို ပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီဟာ ၁၅၁၀ ခုနှစ် တဝိုက်က ရေးသားခဲ့တာဖြစ်ပြီး သူရေးခဲ့သမျှ လက်ရေးမူကြမ်းတွေထဲက တအုပ်ဖြစ်ပါတယ်။ စာအုပ်ဆိုတာထက် သူလေ့လာတွေးတော တွေ့ရှိသမျှ အကြောင်းအရာတွေကို အသေးစိတ်မှတ်တမ်းတင်ထားတဲ့ သိပ္ပံဒိုင်ယာရီ စာအုပ် ဆိုရင် ပိုမှန်မှာပါ။ ဒီစာအုပ်မှာ စာရွက်ပေါင်း ၃၆ ရွက် စာမျက်နှာ ၇၂ မျက်နှာ ပါရှိပြီး အရွယ်အစားက ၂၉x၂၂ စင်တီမီတာ ဖြစ်ကာ သားရေအဖုံးနဲ့ အုပ်ထားပါတယ်။
လီယိုနာဒိုဒါဗင်ချီဟာ ဒီစာအုပ်ထဲမှာ သူလေ့လာတွေးမိသမျှ နက္ခတ်ဗေဒဆိုင်ရာ အကြောင်းအရာတွေနဲ့အတူ ရေရဲ့ဂုဏ်သတ္တိ ၊ ကျောက်သားတွေနဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအကြောင်း ၊ လရဲ့တောက်ပမှု ၊ လေ နဲ့ အာကာသအလင်း စတဲ့အကြောင်းအရာတွေအပြင် အခြားအကြောင်းအရာပေါင်းများစွာကို ရေးသားထားခဲ့တာဖြစ်ပါတယ်။ ဒီလိုရေးသားရာမှာ စာတွေနဲ့အတူ စက်ဝိုင်း ၊ တြိဂံ ၊ တည်နေရာ ၊ မျဉ်းဖြောင့် ၊ ပုံကြမ်း စတဲ့ သရုပ်ဖော်ပုံတွေကိုလည်း အသေးစိတ် ရေးဆွဲထားခဲ့ပါတယ်။ အထင်ကရ ပုဂ္ဂိုလ်ကြီးတယောက်ရဲ့ ရှားပါးပစ္စည်းဖြစ်တာကြောင့် ဒီစာအုပ်ရဲ့တန်ဖိုးဟာ ဒီလောက်ကြီးရခြင်း ဖြစ်ပါတယ်။
ဒီစာအုပ်အမည်ကို Codex Leicester လို့ပေးထားရတာကတော့ ပိုင်ဆိုင်တဲ့သူနဲ့ သက်ဆိုင်ပါတယ်။ ၁၇၁၉ ခုနှစ်က ဒီစာအုပ်ကို ဝယ်ယူပိုင်ဆိုင်ခဲ့သူက သောမတ်စ်ကုတ်ဒ် ဆိုသူဖြစ်ပြီး သူဟာ အင်္ဂလန်ပြည် Leicester လက်စတာရဲ့ အမတ်ကြီး ဖြစ်လာခဲ့ခြင်းနဲ့အတူ စာအုပ်ဟာလည်း ဒီအမည်ရခဲ့တာပါ။ ဒီစာအုပ်ဟာ ၁၉၈၀ ခုနှစ်မှာတော့ လက်စတာမိသားစုထံကနေ အမေရိကန် လုပ်ငန်းရှင် နဲ့ အနုပညာစုဆောင်းသူ Armand Hammer ထံ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်က တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ သန်း (၂၀၁၉ ဈေးနဲ့ဆိုရင် ၁၅ ဒသမ ၈ သန်း) နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ဆီရောက်ရှိခဲ့ချိန်မှာတော့ ဒီမှတ်စုစာအုပ်ကို Codex Hammer လို့ အမည်ပြောင်းခဲ့ပါသေးတယ်။
ဒီစာအုပ်ကို ၁၉၉၄ ခုနှစ် နယူးယောက်မှာ ပြုလုပ်တဲ့ Christie’s လေလံပွဲမှာ စံချိန်တင် ဈေးနှုန်းနဲ့ ဝယ်ယူသူ တဦးပေါ်လာခဲ့ပါတယ်။ သူကတော့ အခြားသူမဟုတ်ပါဘူး။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ သူဌေးကြီး ဘီဂိတ်စ်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈ သန်းပေးကာ ဝယ်ယူခဲ့တာပါ။ ဘီဂိတ်စ်ဟာ ဒီစာအုပ်ထဲက စာမျက်နှာအချို့ကို စကန်ဖတ်ကာ သူ့ကုမ္ပဏီထုတ် ဝင်းဒိုးတွေမှာ screen saver နဲ့ wallpaper တွေအဖြစ် ထည့်သွင်း အသုံးပြုစေခဲပါသေးတယ်။
ဝယ်ယူပြီးခဲ့တဲ့နောက် ဒီစာအုပ်ထဲက တရွက်ချင်းစီကို မှန်ဘောင်တွေနဲ့ခတ်ကာ ကမ္ဘာတလွှားက မြို့ကြီးအချို့မှာ တနှစ်ခန့် လှည့်လည်ပြသခဲ့ပါသေးတယ်။ နောက်ပိုင်းမှာလည်း သြစတြေးလျ ၊ ပြင်သစ် ၊ ဂျပန် ၊ အိုင်ယာလန် နဲ့ အမေရိကန်က ပြတိုက်ကြီးတွေမှာ ဆက်လက်ပြသခဲ့သလို ၂၀၁၈ ခုနှစ် ဖလော့ရင့်မြို့မှာကျင်းပတဲ့ လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်ခြင်း နှစ် ၅၀၀ ပြည့်ပွဲမှာလည်း ၃လကြာ ပြသခဲ့ပါသေးတယ်။
သူဌေးကြီး ဘီဂိတ်စ် အနေနဲ့ ဒီမှတ်စုစာအုပ်ကို တန်ဖိုးကြီး ဝယ်ယူခဲ့ရခြင်းကတော့ သူ့အနေနဲ့ လီယိုနာဒိုဒါဗင်ချီကို အလွန်လေးစားသလို လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ဝန်းကျင်က တွေးခေါ်နိုင်မှုကို အံသြမိကြောင်း ၊ အံသြဖွယ်ကောင်းလောက်အောင် တော်ပြီး စူးစမ်းတီထွင်နိုင်လွန်းတဲ့ ပညာရှင်ကြီးကို အများသူတွေ ပိုမို သတိထားမိစေဖို့ အခုလို ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီစာအုပ်ကို အမေရိကန်နိုင်ငံ ဝါရှင်တန် ၊ မက်ဒီနာမြို့ ဝါရှင်တန်ရေကန်ကြီး အနီးမှာရှိတဲ့ ဘီဂိတ်စ်ရဲ့ စံအိမ် ကိုယ်ပိုင်စာကြည့်တိုက်မှာ ဂုဏ်ယူစွာ ထားရှိထားတယ်လို့ သိရပါတယ်။
Discussion about this post