ရေးသားသူ – ချစ်ကြည်အေး
ခမာတို့မြေကိုသွားကြဖို့ စီစဉ်ပြီးတဲ့အခါ ကျမ သိပ်ရောက်ချင်နေတဲ့နေရာ တစ်ခုကို ရောက်အောင်သွားမယ် လို့ စိတ်ထဲက တေးထားလိုက်မိပါတယ်။ တကယ်တမ်းကျတော့ ကျမတို့ Siem reapကနေနွမ်ပန်(Phnom Penh)ကို ကားနဲ့ ခြောက်နာရီကျော်ကျော် စီးလာခဲ့ရတာမို့ နွမ်ပန်ရောက်ချိန်မှာ ညနေ နီးပါးလောက်ဖြစ်နေပါပြီ။ ကျမသွားချင်တဲ့ Choeung Ek Genocidal Centerက ညနေ ငါးနာရီခွဲ ပိတ်တယ်ဆိုတာနဲ့ မမီလောက်တော့ပါဘူးဆိုပြီး အတော်လေး စိတ်ဓါတ်ကျသွားပါတယ်။ ဒါပေမဲ့ မီလိုမီငြား မြန်မြန်လေးမောင်းပေးဖို့တော့ ကားသမားကို မေတ္တာရပ်ခံနေခဲ့မိပြန်ပါတယ်။ နောက်ဆုံးမတော့ ကံကောင်းစွာပဲ ပြတိုက်မပိတ်ခင် အချိန်မီ အရောက်သွားနိူင်ခဲ့ကြပါတယ်။
တော်တော်များများ ကြားဖူးပြီးကြမှာပါ။
လူသတ်ကွင်းတဲ့….ကြားလိုက်တာနဲ့တင် မနှစ်မြို့ချင်စရာ။ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ခမာရု ကွန်မြူနစ်ပါတီခေါင်းဆောင် ပိုပေါ့နဲ့အဖွဲ့ဝင်တွေရဲ့ အပြစ်မဲ့ခမာလူမျိုးချင်း ကမ်းကုန်အောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြရာ နေရာများစွာထဲက တစ်ခုဖြစ်တဲ့ Choeung Ek Genocidal Center ပါ။ လူသတ်ကွင်းပေါင်းများစွာထဲကလို့ ပြောရတာက Cambodiaမှာ ပိုပေါ့လက်ထက်က လူသတ်ကွင်းပေါင်း ၃၀၀ကျော်ရှိခဲ့တယ် ဆိုလို့ပါပဲ။ ကျမတို့သွားခဲ့တဲ့ Choeung Ek Genocidal Centerဆိုတာ အရင်တုန်းက တရုတ်သင်္ချိုင်းဟောင်း တစ်ခုကနေ ပိုပေါ့လက်ထက်မှာတော့ S21မှာ ညှင်းပမ်းနှိပ်စက်ပြီးတဲ့သူတွေကို ခေါ်ဆောင်လာပြီး မြှုတ်နှံ သတ်ဖြတ်ရာနေရာတစ်ခု ဖြစ်ခဲ့ရတာ။ ခုတော့ အမှတ်တရပြတိုက်တစ်ခုအနေနဲ့ ခမာတွေရဲ့ ရင်တွင်းဒဏ်ရာပြသရာနေရာ တစ်ခု ဖြစ်နေခဲ့ပါပြီ။
S21 ဆိုတာကတော့ ပိုပေါ့လက်ထက်မှာ ထောင်အဖြစ် အသွင်ပြောင်းခြင်းခံလိုက်ရတဲ့ အထက်တန်းကျောင်းဟောင်း တစ်ခုပါ။ ခုတော့ Tuol Sleng S21 Genocide Museum အဖြစ် ခရီးသွားတွေ သွားရောက်ကြည့်ရှူ့ရာနေရာတစ်ခု ဖြစ်နေခဲ့ပါပြီ။ ကျမတို့ အချိန်မရတာကြောင့် အဲ့ဒီကျောင်းကိုတော့ မရောက်ခဲ့ကြပါဘူး။ နောက်တစ်ခေါက် ထပ်သွားဖို့ အခွင့်သာရခဲ့ရင် ခမာတွေရဲ့ နာကျင်ကြေကွဲမှုတွေကို မျှဝေခံစားဖို့ ကျမ အဲ့ဒီကို အရောက်သွားချင်ပါသေးတယ်။
Choeung Ek Genocidal Centerကို ဝင်ဝင်ချင်းမှာပဲ ပတ်ပတ်လည်မှာ မှန်တွေနဲ့ ကာရံဘောင်ခတ်ထားတဲ့ စေတီပုံစင်ပေါ်က အရိုးခေါင်းတွေ တောင်လိုပုံထားတာ တွေ့လိုက်ရတယ်။ အရိုးခေါင်းပေါင်း ၅၀၀၀ကျော်ရှိတယ်လို့ ဆိုပါတယ်။ တွေ့ရသမျှ အရိုးခေါင်းခွံတွေဟာ တစ်ခုမှ အကောင်း မရှိပါဘူး။ ကွဲအက်ရာတွေနဲ့၊ ကြေမွနေတဲ့ အပိုင်းအစတွေနဲ့ရယ်။ အနီးကပ်ကြည့်ဖို့ အထဲကိုတံခါးဖွင့်ဝင်လိုက်တာနဲ့ ဆိုးရွားတဲ့ အနံ့တစ်ခု (ထုံးချောက်နံ့လိုလို ပုပ်အဲ့အဲ့) နှာခေါင်းထဲ တိုးဝှေ့ဝင်လာတာမို့ အသက်အောင့်ရင်း ကြည့်ခဲ့ရတယ်။ အဲဒီမှာရှိတဲ့ အရိုးခေါင်းပေါင်း ၅၀၀၀ကျော်ဟာ တကယ်တော့ ပိုပေါ့တို့ သတ်ခဲ့ကြတဲ့ ခမာလူမျိုးအရေအတွက်ရဲ့ အဖျားအနားလောက် ရှိသေးတာရယ်။
ကွင်းကြီးတစ်ခုလုံးထဲ လျှောက်ကြည့်ကြပြန်တော့ နေရာတော်တော်များများမှာ Massive Grave Yard လို့ခေါ်တဲ့ သေသူတွေကို အစုလိုက်အပြုံလိုက် မြှုတ်နံှထားရာနေရာတွေ အများကြီးတွေ့ခဲ့ရတယ်။ စုစုပေါင်း ၁၂၉နေရာရှိပါတယ်။ သေသူတွေလို့သာ ပြောရတယ်၊ တကယ်တော့ မသေမရှင်တွေရော၊ သေအံ့မူးမူးတွေရော၊ အရှင်လတ်လတ်တွေပါ အကုန် စုပုံမြှုပ်နံှခဲ့ရာနေရာ ဖြစ်ပါသတဲ့။ မသေမရှင်တွေနဲ့ သေအံ့မူးမူးတွေတဲ့…သူတို့ ဘယ်လောက်တောင်မှ မချိမဆန့် ခံစားသွားခဲ့ကြရှာမလဲ၊ ကျမ နာနာကျင်ကျင် တွေးကြည့်မိပါရဲ့။
လူသတ်သစ်ပင်-Killing Tree ဆိုတာကိုလည်း တွေ့ခဲ့ရတယ်။ ကလေးသူငယ်တွေ၊ မိန်းမတွေကို ခြေနှစ်ချောင်းကကိုင်ပြီး မသေမချင်း ပင်စည်နဲ့ လွဲှရိုက် သတ်ဖြတ်ခဲ့ကြတဲ့ အပင်ပါ။ ကြားရတာနဲ့တင် ရင်ထဲ စူးကနဲ နာကျင်သွားခဲ့ရစေပါတယ်။ ရက်စက်လိုက်ကြတာဆိုတာထက် ပိုတဲ့ စကားလုံးများရှိရင် ပြောလိုက်ချင်ပါသေးတယ်…။ အဲဒီသစ်ပင်ကတော့ လူသတ်ကွင်းထဲမှာ တွေ့ခဲ့ရသမျှထဲ ရင်ထဲအထိရှဆုံး နေရာပါပဲ။
S21-အကျဉ်းထောင်က သေမိန့်ကျအကျဉ်းသားတွေကို အားရအောင်နှိပ်စက်ရိုက်နှက်လို့ ဝတဲ့အခါ ညစဉ် ၈နာရီ-၉နာရီလောက်ကျမှ ထရပ်ကားတစ်စီးပေါ်တင်ပြီး Choeung Ekမှာ အပြီးသတ်စုပုံမြှုတ်နှံဖို့ ခေါ်ဆောင်လာလေ့ရှိတယ်။ အကျဉ်းသားတွေကိုတော့ မျက်လုံးမှာ အဝတ်စည်းပြီး ထောင်ပြောင်းရွှေ့ချုပ်ဖို့ဆိုတာမျိုးလောက်သာ အသိပေးထားတာပါ။ ဒါမှလည်း ကားပေါ်မှာ ငြိမ်ငြိမ်သက်သက် လိုက်လာကြမှာကိုး။ Choeung Ekရောက်တဲ့အခါ ကားပေါ်မှာ အစောင့်ပါလာတဲ့ တာဝန်ရှိသူတွေက အကျဉ်းသားတွေကို ကားပေါ်က ဆင်းစေပြီး နာမည်စာရင်းစစ်ပါတယ်။ အဲဒီနာမည်စာရင်းက ဘရာသာနံပါတ်ဝမ်းလို့ခေါ်တဲ့ ပိုပေါ့ရဲ့ အမိန့်အရ သေဒဏ်ပေးရမဲ့ လူတွေရဲ့ နာမည်စာရင်းပါပဲ။ အဲဒီစာရင်းအတိုင်း ဟုတ် မဟုတ် နာမည်ခေါ် လူစစ်ပြီးမှ သတ်ဖြတ်မြုပ်နှံဖို့ ပြင်ဆင်ကြတာပါ။
အကျဉ်းသားတွေကို အုပ်စုငယ်လေးတွေခွဲပြီး မျက်နှာမှာ အဝတ်စည်းလို့ တွင်းဝမှာ ဒူးတုတ်ထိုင်စေပါတယ်။ လက်ကိုလည်း နောက်ပြန်ကြိုးတုတ်ထားပါသေးတယ်။ ပြီးမှ လည်မြိုကို ပိုင်းလို့ အသေသတ်ပြီး ကြိုတင်တူးထားတဲ့တွင်းထဲ ကန်ချတာမျိုးနဲ့ လက်စတုံးလုပ်ပစ်ကြပါသတဲ့။ အဲဒီလို သတ်ဖြတ်ရာမှာ သေနပ်ကို သုံးလေ့မရှိဘဲ ဓား ဒါမှမဟုတ် ချွန်ထက်တဲ့ အသွားရှိတဲ့ လက်နက်တွေကိုသာ သုံးလေ့ရှိကြပါတယ်။ တွင်းထဲမှာ ကမ်မီကယ်အဆိပ်တစ်မျိုးလည်း ထည့်သွင်းထားပါသေးတယ်။ အဲဒီ ကမ်မီကယ်က မသေမရှင်ဖြစ်နေသူတွေကို သေစေပြီး၊ သေပြီးသွားတဲ့အခါမှာ အပုပ်နံ့ အနံ့ဆိုးတွေ မထွက်စေရအောင် ထည့်ထားခြင်း ဖြစ်ပါသတဲ့။ အနီးအနားပတ်ဝန်းကျင်ကို အနံ့ဆိုးတွေ မထွက်အောင်ပါပဲ။
ညညတွေဆို သစ်ပင်တစ်ပင်ပေါ်မှာ စပီကာကြီးတခုကို မြို့ဘက်မျက်နှာလှည့်ပြီး သီချင်းသံတွေ ခပ်ကျယ်ကျယ် ဖွင့်ထားလေ့လည်းရှိသတဲ့။ လူသတ်ကွင်းက ကယ်ပါယူပါ ငရဲတမျှ အော်ဟစ်ညည်းတွားသံတွေကို မြို့ဘက်ကနေ မကြားစေရအောင်ပါ။ အဲဒီအပင်ကိုတော့ Magic Tree လို့ အမည်ပေးထားပါတယ်။
လူသတ်ကွင်းထဲ လှည့်လည်ကြည့်နေစဉ် တစ်လျှောက်လုံး ကျမနားထဲမှာ သေသူတွေရဲ့ ညည်းတွားသံ၊ ကယ်ပါ ယူပါ အော်ဟစ် ရုန်းထွက်သံတွေတောင် ကြားမိသလိုလို။ နံဘေး ဝန်းကျင်မှာ မကျွတ်မလွတ်ကြသေးသူတွေရဲ့ ဝိဉာဉ်တွေများ ကျမတို့အပေါ် စီးမိုးကြည့်နေသလိုလို။ အတွေးနဲ့တင် ကျမ တကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ဖြန်းကနဲ ထခဲ့မိတာ အခါခါရယ်။
ဒီရက်စက်မှုတွေရဲ့ လက်သည်က ပိုပေါ့-Pol Pot နဲ့ သူ့ရဲ့ ခမာရု-Khmer Rouge ကွန်မြူနစ်ပါတီရဲ့ နိူင်ငံ ပြန်လည်ထူထောင်ရေးစီမံကိန်းကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ နိူင်ငံတစ်နိုင်ငံမှာ တန်းတူညီမျှမှုတွေ ရှိစေဖို့ဆိုရင် လူတိုင်းဟာ တန်းတူအဆင့်အတန်းမှာ ရှိနေရမယ်။ ဉာဏ်ရည်ကအစ၊ ပိုင်ဆိုင်မှုအဆုံး အများသူငါထက် သာလွန်နေသူတွေကို အမျိုးဖြုတ်ပစ်မှရမယ်။ ဒီလို သုတ်သင်ရှင်းလင်းရေးလုပ်ဖို့အတွက် အစကနေ ပြန်စကြရမယ်။ အဲဒီလို သုညကနေ ပြန်စကြမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ စတင်ခဲ့တဲ့နှစ်ကို Year Zeroလို့ တွင်စေခဲ့တယ်။
အဲဒီ Year Zero ဆိုတဲ့ နိူင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ထဲမှာ ရွှေငွေ ဥစ္စာပစ္စည်း ဝတ်သူတွေ၊ သူတို့ အစိုးရရဲ့သဘောထားကို ဆန့်ကျင်မဲ့ အရိပ်အခြေရှိသူတွေ၊ ပညာတတ်တွေ၊ (သူ့အယူအဆက ပညာတတ်တဲ့ကောင်တွေဟာ အာဏာကို ပြန်လည်ထိုးကော်မဲ့သူတွေလို့ ဆိုတယ်။ မျက်မှန်တပ်သူဆိုရင်ပဲ စာဖတ်နာတဲ့ကောင်၊ ကလိန်ကကျစ်ကျမဲ့၊ လည်ပတ်လွန်းမဲ့၊ ဉာဏ်များမဲ့အကောင်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ရမဲ့ စာရင်းထဲသွင်းတော့တာ) အဲသလိုလူူတွေကို အကုန်လုံး အရှင်မထားဘဲ သတ်မိန့်ပေးပြီး သတ်စေခဲ့တယ်။ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတာလို သူတို့ သံသယရှိလာရင် မိသားစုဝင်အကုန် ကလေးကအစ ရှင်းလင်းသတ်ဖြတ်ပစ်ခဲ့ကြတယ်။
လူပေါင်း ၁.၇ သန်းခန့်ဟာ ပိုပေါ့နဲ့ သူ့အစိုးရရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ကြရတယ်။ အဲဒီအချိန်က ပိုပေါ့အစိုးရလက်ချက်နဲ့ သေဆုံးခဲ့ရသူပေါင်းဟာ ကဗ္ဓောဒီးယားနိူင်ငံ စုစုပေါင်းလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။ လူသတ်စက်လို့ ခေါ်တွင်တဲ့ Killing Machine ကို တီထွင်ခဲ့ကြတယ်။ လျှောလို နိမ့်မြင့်သစ်သားချပ်ပေါ်မှာ အနိမ့်ဖက်ကို ခေါင်းထားပြီး အိပ်စေတယ်။ လက်ခြေတွေကို သံကွင်းတွေနဲ့ မလှုပ်နိူင်အောင် တွဲခတ်ထားတယ်။ ပြီးမှ မျက်နှာပေါ် ရေတစိမ့်စိမ့် လောင်းချစေတယ်။ ရုန်းရင်းကန်ရင်း လက်ပြတ်ထွက်သူတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပိုပေါ့ကိုယ်တိုင်ဟာလည်း ကျောင်းဆရာဟောင်းတစ်ယောက်ပါ။ ဗီယက်နာမ် လျို့ဝှက်ဧဂျင့် တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သူ့မှာ စာရွက်စာတမ်း အထောက်အထားတွေရှိတယ်လို့ ခမာရုရဲဘော်ရဲဘက် တစ်ယောက်ဖြစ်တဲ့ Ta Mok က ထွက်ဆိုခဲ့တယ်။ အဲဒီအချိန်က ကဗ္ဓောဒီးယားနဲ့ ဗီယက်နာမ်ကြား စစ်ပွဲတွေ၊ ခမာဖြူ ၊ ခမာနီ၊ ခမာပြာရယ်လို့ ပြည်တွင်းမှာ ကွဲပြားနေကြတာတွေ၊(မှတ်ချက် ခရိုနီ ခရိုဖြူ ခရိုပြာများ လုံးဝ မဟုတ်) မင်းသားကြီးသီဟာနုနောက်ပိုင်းမှာ ဟွန်ဆန်အာဏာရသွားတာတွေ အဲသလိုအခြေအနေတွေနဲ့ ခမာတို့ရဲ့ နိူင်ငံရေးအခြေအနေတွေ ဟာ ပွေလီရှုပ်ထွေးလို့ နေခဲ့ပါတယ်။ ဟွန်ဆန်ကိုယ်တိုင်လည်း ပထမပိုင်းမှာ ပိုပေါ့အဖွဲ့ဝင်ဖြစ်ခဲ့ ရာက နောက်ပိုင်းကျမှ ပိုပေါ့လုပ်ရပ်တွေကို ရိပ်စားမိလာတာကြောင့် ခမာရုထဲက ထွက်ပြေးလွတ်မြောက်ခဲ့သူပါ။
ပိုပေါ့ခေတ်တစ်ခုလုံးမှာ ကြောက်စရာသိပ်ကောင်းတဲ့အချက်က အယူအဆမှား၊ အတွေးအခေါ်မှားသူလက်ထဲ ရောက်သွားတဲ့ အချုပ်အချာအာဏာပါပဲ။ အာဏာလက်ကိုင်ထားပြီး ထင်ရာစိုင်းခဲ့တဲ့အဖြစ်ဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ခမာလူမျိုးတွေနေရာက ကျမ ဝင်ရောက်ခံစားမိခဲ့ပါတယ်။ နာကျင်လိုက်တာရှင်။ အဲဒီအချိန်တုန်းက အိမ်တိုင်း အိမ်တိုင်းတွေမှာ ပိုပေါ့လက်ချက်နဲ့ မိသားစုဝင်တွေ မဆုံးရှုံးဖူးတဲ့သူရယ်လို့ မရှိလောက်ဘူး။ အိမ်တိုင်းအိမ်တိုင်းမှာ သူ့အပူ ကိုယ့်အပူတွေနဲ့ သူ့ ကိုယ်မကယ်နိူင်၊ ကိုယ့် သူမကယ်နိူင် ဖြစ်ခဲ့ကြမှာ။
အဲဒီအချိန်မှာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျမရဲ့စိတ်နှလုံးဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ခမာလူမျိုးတွေရယ်၊ ကျန်ရစ်သူမိသားစုဝင်တွေရယ်နဲ့အတူ တစ်ထပ်ထဲ ဖြစ်တည်နေခဲ့တယ်။ ခမာရယ် မြန်မာရယ် ခွဲခြားမမြင်နိူင်တော့ဘဲ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား၊ လက်နက်ရှိနဲ့ လက်နက်မဲ့ လူတန်းစား နှစ်ရပ်ရယ်လို့ပဲ ခံစားမိခဲ့ရတယ်။
၁၉၉၈-ပိုပေါ့တစ်ယောက် သေဆုံးချိန်မှာတော့ ဘယ်သူမှတောင် မသိလိုက်ရဘဲ တောစပ်လေးတစ်ခုမှာ အလောင်းကို ရှာတွေ့ခဲ့ကြရတာပါ။ ဥပဒေကြောင်းအရ အပြစ်ပေးတာကို မခံလိုက်ရပေမဲ့ သေဆုံးချိန်မှာ ဘယ်လိုဆိုးဆိုးဝါးဝါးရှိခဲ့လိမ့်မယ်ဆိုတာကိုတော့ ခန့်မှန်းနိူင်ခဲ့ကြပါတယ်။ တီဗီသတင်းတွေကနေ လူသတ်ကွင်းမှာ အဓိက သတ်ဖြတ်မှုတွေကို တာဝန်ယူလုပ်ဆောင်ခဲ့ကြတဲ့ Nuon Chea-ဘရားသား နံပါတ် ၂နဲ့ Duch တို့ရဲ့ ထွက်ဆိုမှုတွေကို ကြည့်ခဲ့ရပါသေးတယ်။ အံ့သြစရာတော့ မဟုတ်ပါဘူး၊ သူတို့ထွက်ဆိုခဲ့တာတွေက သူတို့မှာ အပြစ်မရှိကြောင်း၊ တာဝန်အရ ကျေပွန်အောင် အထက်အမိန့်ကို နာခံခဲ့ရတာသာဖြစ်လို့ နောင်တမရကြောင်း မတုန်မလှုပ်ပြောခဲ့ကြပါတယ်။
ဒီပိုစ့်က ကျွန်မရေးထားတာ အတော်ကြာနေပါပြီ။ ရေးရင်းနဲ့ မောမောလာလွန်းလို့ စာကြမ်းတွေထဲ ထိုးထည့်ထားတာ။ ခုမှပဲ ပြန်ထုတ်ပြီး အချောသတ်၊ ပုံတွေဖြည့်ပြီးတင်လိုက်ရပါတယ်။ ကြားသိနေပြီးသားတစ်ခု ဖြစ်နိူင်ကောင်းပေမဲ့ ရေးပြီးသားလည်း ဖြစ်တာမို့ရယ် ဘလော့ဂ်ပေါ်မှာ တင်သိမ်းထားချင်တာရယ်ကြောင့်လည်း ပါပါတယ်။
ပိုစုံတဲ့ စာတွေနဲ့ ပုံတွေဖတ်ချင် ကြည့်ချင်ရင်တော့ အောက်ကလင့်ခ်တွေမှာ သွားဖတ်နိူင်ကြပါတယ်။
https://www.rustycompass.com/cambodia-travel-guide-37/phnom-penh-7/see-and-do-14/tuol-sleng-s21-genocide-museum-129#.WdmlJFuCzIV
https://commons.wikimedia.org/wiki/Category:Choeung_Ek
http://www.killingfieldsmuseum.com/s21-victims.html
Backpacking in Cambodia: Choeung Ek Genocidal Center – “Killing Fields”
ချစ်ကြည်အေး
Discussion about this post