ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံသည် မွန် ဝေါဟာရ ဒဂုင်၊ လွုင် တို့က ဆင်းသက်ပြီး ဒဂုံဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။
မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ က်ျာဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပါယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တကုမ်၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာဌာနလည်း ဖြစ်လေသည်။
ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားဖူးစခန်းအဖြစ်သာ တည်ရှိခဲ့ရာမှ အစိုးရရုံးစိုက် မြို့တော်ကြီးအဖြစ်သို့ ရောက်ရှိလာကာ ကမ္ဘာ့အရှေ့ဖျားတွင် ထင်ရှားသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်။
ရန်ကုန်မြို့ကို အေဒီ ၆ ရာစုနှစ်က အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် စတင်တည်ထောင်ခဲ့သည်။ ဒဂုံမြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင်အလောင်းဘုရားသည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။ ဗြိတိသျှတို့သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ – ၂၆) တွင် ရန်ကုန်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် အုပ်ချုပ်ရေးအာဏာကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ၁၈၄၁ ခုနှစ်တွင် မြို့တော်သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။
ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။
၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွါးလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် ရန်ကုန်တက္ကသိုလ် အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။
ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် ဗမာ(ဗမာလူမျိုး)၊ ကရင်၊ တရုတ်၊ အင်္ဂလို ဗမာနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အခြာနေရာ ဖြစ်လာခဲ့သည်။
၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ – ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။
၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် ဗမာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် လက်ရှိ အာဏာသိမ်း စစ်အစိုးရသည် မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း ဗမာအမည်များသို့ ပြောင်းလဲခဲ့သည်။
လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့သည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။
ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ – ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် လက်ရှိစစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့သည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့သည်။
များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ဖျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော်အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့သည်။ အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓါတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့သည်။
ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ ဗမာများ ပိုမိုရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလို-ဗမာများ ထွက်ခွါသွားခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် နိုင်ငံခြားသားများကို ကြောက်ရွံ့သောအစိုးရမှဖိအားပေး၍ ပိုမိုများပြားသော တောင်အာရှသားများကို ထွက်ခွာသွားစေခဲ့သည်။
သို့သော်လည်း အတော်အတန်ကြီးမားများပြားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော ဗမာအုပ်စုတို့ဖြင့် မျိုးမတူသူများလက်ထပ်မှုပြုခြင်း တို့ကြောင့် အင်္ဂလို-ဗမာများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြသည်။
ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟိုအချက်အခြာဖြစ်ခဲ့သည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများပေါ်တွင် မြင်တွေ့ခဲ့ရသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ်သည် ရန်ကုန်မြို့ သို့ ကျရောက်ခဲ့သည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။
၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တစ်ပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့တော်နှင့် အရေးကြီးဆုံးစီးပွားရေးဗဟိုအချက်အခြာ အဖြစ် ဆက်လက်တည်ရှိနေသည်။
Burma’s new capital stages parade”၊ BBC News၊ 27 March 2006။
မောင်ခင်မင် (ဓနုဖြူ)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
Myanmar Wikipedia
Discussion about this post