ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)
ပင်လယ် သမုဒ္ဒရာများ နှင့် မြစ်ချောင်းများ အတွင်း ရေပတ်လည် ဝိုင်းနေသော ကျွန်းများသည် ကမ္ဘာရေပြင် အနှံ့တွင် တည်ရှိနေကြသည်။ ကျွန်းများသည် အချို့က နိုင်ငံ၊ အချို့က အပမ်းဖြေစခန်း၊ အချို့က အကျဉ်းထောင် ၊ အချို့က တောရိုင်းမြေ ၊ အချို့က ဘေးမဲ့တော၊ အချို့က စိုက်ခင်း စသည်ဖြင့် အသွင် သဏ္ဍာန် အမျိုးမျိုး ရှိနေကြရာ ထူးထူး ဆန်းဆန်း ကျွန်းများသည် လည်း နေရာအနှံ့တွင် ရှိနေတတ်ကြပေ သည်။ သမုဒ္ဒရာများအတွင်းမှ အချို့သော ကျွန်းများသည် ပင်လယ်ရေ မြင့်တက်လာမှု ကြောင့် နစ်မြုပ် ပျောက်ကွယ် မည့် အန္တရာယ်၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်နေကြရသည်။
၉။ ကျိန်စာသင့်ကျွန်း
အီတလီနိုင်ငံ၌ ပိုင်ရှင်များသည် ကြမ္မာဆိုးများနှင့် ရင်ဆိုင်ကြရပြီးနောက်တွင် ကျိန်စာသင့်နေသည်ဟု သတင်းထွက်သည့် ကျွန်းတစ်ကျွန်းရှိသည်။ နေပယ်ကမ်းလွန်ဒေသရှိ အိုင်စိုလာလာ ဂလိုလာ အမည်ရှိကျွန်းသည် ကျွန်းငယ် နှစ်ခုကို တံတား တစ်စင်း ဖြင့် ဆက်သွယ်ထားသည့် လူသူ နေထိုင်ခြင်းမရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ ထိုကျွန်းကို ပိုင်ဆိုင်ခဲ့ကြသော ပိုင်ရှင်များသည် ကံကြမ္မာ ဆိုးများ နှင့် ရင်ဆိုင်ကြရပြီး အချိန်မတိုင်မီ ကွယ်လွန်ခဲ့ကြရသည်။
၁၉၂၀ ပြည့်နှစ်တွင် ဂလိုလာကျွန်းကို မူလပိုင်ဆိုင်သူ ဆွစ် လူမျိုး ဟန်းစ်ရောင်၏ အလောင်းအား စောင်ဖြင့် ပတ်လျက် တွေ့ခဲ့ကြရသည်။ဟန်းစ်ရောင်ကွယ်လွန်ပြီး လအနည်းငယ် အကြာတွင် ဟန်းစရောင်၏ ဇနီးဖြစ်သူသည် ကျွန်းအနီး ပင်လယ်ပြင် တွင် ရေနစ်သေဆုံးခဲ့သည်။နောက်ထပ်ပိုင်ဆိုင်သူ ဖြစ်လာသူ ဂျာမာန်လူမျိုး အိုတို ဂရန်ဘက်သည် ကျွန်းပေါ်ရှိအိမ် တွင် နေထိုင်စဉ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြန်သည်။ပိုင်ရှင်နောက်တစ်ဦးဖြစ်သူ ဆေးဝါးစက်မှု လုပ်ငန်းပိုင်ရှင် ဆန်းဒေါ့စ်သည်လည်းဆွစ်ဇာလန် စိတ်ရောဂါကု ဆေးရုံတစ်ရုံတွင် တက်ရောက်ကုသမှု ခံယူနေစဉ် မိမိကိုမိမိ အဆုံးစီရင် သွားခဲ့သည်။
ဂျာမန် သံမဏိ စီးပွားရေးလုပ်ငန်းရှင် ဘာရွန်ကားလ်လန်ဟိုင်းသည် ကျွန်းပေါ်တွင်နေထိုင်ခဲ့စဉ် သူ၏ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။ ဖိယက် ကားကုမ္ပဏီ အကြီးအကဲ ဂီယာနီ အက်ဂ်နယ်လီ၏ တစ်ဦးတည်သောသားသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်။ ကျွန်းကို ဝယ်ယူခဲ့သူ သန်းကြွယ်သူဌေး ပေါလ်ဂက်တီသည်လည်း မြေးဖြစ်သူ ပြန်ပေးဆွဲခံရ ခြင်း နှင့် ကြုံခဲ့ရသည်။ ကျွန်း၏ နောက်ဆုံးပိုင်ရှင်ဖြစ်သူ ဂရပ်ပွန်းသည်လည်း ၂၀၀၉ ခုနှစ်တွင် အာမခံ လိမ်လည်မှုဖြင့် ထောင်ကျခဲ့ သည်။ ထို အချိန်မှ စ၍ အိုင်စိုလာလာ ဂလိုလာကျွန်းသည် လူသူအသွားအလာနည်းသွားသည့် အစွန့်ပစ်ခံ ကျွန်းတစ်ကျွန်း ဖြစ်လာခဲ့တော့သည်။
၈။ အဆိပ်ကျွန်းမှသည် ယုန်တို့ဌာနေဆီသို့
တစ်ချိန်က အဆိပ်ဓာတ်ငွေ့စက်ရုံများ တည်ရှိခဲ့သောကျွန်းသည် ယခုအခါတွင် ယုန်ရာပေါင်းများစွာတို့ မှီခိုနေထိုင်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံတွင် ဓာတုလက်နက်များ ထုတ်လုပ်ခဲ့သည့် အိုကူနိုရှီးမား ဟူသော ကျွန်း တစ်ကျွန်းရှိခဲ့သည်။ ထိုကျွန်းပေါ်တွင် ဂျပန်စစ်တပ်က ၁၉၂၉ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်းအဆိပ်ဓာတ်ငွေ့ တန်ချိန် ၆၀၀၀ ကျော်ကို လျှို့ဝှက်စွာ ထုတ်လုပ်ခဲ့သည်။
ထိုကာလများအတွင်း အဆိပ်ဓာတ်ငွေ့ စမ်းသပ်ရန် ယုန်ပေါင်းများစွာကို ထိုကျွန်းသို့ ယူဆောင်ခဲ့ကြသည်။ လက်ရှိ ကျွန်းပေါ်တွင်ရှိနေသာ ယုန်များသည် ထိုစဉ်က အဆိပ်ငွေ့ စမ်းသပ်ရန် ယူဆေင်လာသော ယုန်များမှ ပေါက်ဖွားလာကြသည် ဟု ယူဆသူများရှိသကဲ့သို့ အချို့ကလည်း ၁၉၇၀ နှစ်များအတွင်းက ထိုကျွန်းသို့ လာရောက်လည်ပတ်ခဲ့ကြသော ကျောင်း သားလေးများက ယူဆောင်လာသည့် ယုန်များ၏ မျိုးဆက်များဖြစ်သည်ဟုလည်း ယူဆကြသည်။
ယခုအချိန်တွင် အိုကူနိုရှီးမားကျွန်းသည် ခရီးသွား အပမ်းဖြေ စခန်းတစ်ခု အဖြစ်ထင်ရှားနေပြီဖြစ်သည်။ ကျွန်းပေါ်တွင် ဂေါက်ကွင်းငယ် တစ်ကွင်း၊စခန်းချကွင်းပြင် တစ်ခု တို့က လှပသော ပင်လယ်ကမ်းခြေနှင့် အတူ ရှိနေသည်။စွန့်ပစ်ထားသော အဆိပ် ဓာတ်ငွေ့ စက်ရုံဟောင်းသို့ သွားရောက်ကြည့်ရှုနိုင်ကြသကဲ့သို့ ယုန်ချစ်သူများလည်း ယုန်များကို လာရောက်ကြည့်ရှု နိုင်ကြသဖြင့် ခရီးသွားများ အမြဲလာရောက်လည်ပတ်လျက်ရှိနေပေသည်။
၇။ သင်္ဘောပျက်များနှင့် မြင်းရိုင်းကျွန်း
နိုဗာစကိုရှာကမ်းခြေမှ မိုင် ၁၀၀ ကမ်းလွန်ဒေသရှိ ဆေဗယ် ဟု အမည်ပေးထားသော ကျွန်းသည် အတ္တလန်တစ်သင်္ချိုင်းး ဟု ထင်ရှားသည်။ ထိုကျွန်းသည် ၄၂ ကီလိုမီတာ ရှည်လျား၍ ၁.၅ ကီလိုမျှသာ ကျယ်ဝန်းသော်လည်း သင်္ဘောပျက် ၄၇၅ စင်း ရှိနေပြီး ကျွန်းပေါ်တွင် မြင်းရိုင်း အကောင် ၄၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိနေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သင်္ဘောသားများ ကျွန်းပေါ်တွင် ထားရစ်ခဲ့သော မြင်းများ နှင့် သဲကမ်းပါးများတစ်လျောက် သင်္ဘောများ ပျက်ကြရာမှ ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့ကြသော မြင်းများသည် ကျွန်းပေါ်တွင် အသက်ရှင်သန် ပေါက်ပွားလာခဲ့ကြသည်။
ကျွန်းပေါ်တွင် မည်သည့် အပင်ကြီးမှ မရှိဘဲ ပင်လယ်မြက်များ မြက်များကိုရှင်သန်စေသည့် မိုးရေများသာရှိနေသည်။ ဆေဗယ်ကျွန်းပေါ်တွင် မည်သူမျှ အမြဲတစေ အခြေချနေထိုင်ခြင်းမရှိသော်လည်း တစ်ခါတစ်ရံတွင် သင်္ဘောများ ပျက်ရာမှ ရောက်ရှိလာကြသောသင်္ဘောသားများ၊ ထောင်ဒဏ်တစ်ကျွန်းကျခံရသော တရားခံများ ၊ပင်လယ်ဓါးမြများသာ ရောက်လာလေ့ ရှိကြသည်။ သို့သော်လည်း ၂၀၁၃ ခုနှစ် ၊ ဇွန်လ ၂၀ ရက်တွင် ဆေဗယ်ကျွန်းသည် ကနေဒါနိုင်ငံ၏ ၄၃ ခုမြောက် အမျိုးသား ဥယျာဉ်ဖြစ် လာခဲ့ပေသည်။
၆။ စွန့်ပစ်ခံ အရုပ်များကျွန်း
မက္ကဆီကို မြို့တော်အနီး ဇိုချီမိကို တူးမြောင်းအနီးတွင် အရုပ်ကျွန်းဟု လူသိများသည့်(La Isla de las Munecas) ကျွန်း ရှိသည်။ ထိုကျွန်းပေါ်တွင် ဇိုချီမိကို တူးမြောင်းအတွင်း ထူးဆန်းစွာသေဆုံးခဲ့သော မိန်းကလေးငယ်တစ်ယောက်ကို ရည်စူးဖွင့်လှစ် ထားသော ဘုရားဝတ်ပြုကျောင်းတစ်ခု ရှိသည်။ ၁၉၅၀ ပြည့်ုနှစ်ဝန်းကျင်က ထိုကျွန်းတွင်နေထိုင်ခဲ့သူ ဒွန်ဂျူလီယံဆိုသူသည်မက္ကဆီကိုမြို့တော် လမ်းများပေါ်တွင် ထာဝရ ဘုရားရှင်၏ စကားတော်များဝေငှသည်ဟုဆိုကာဟုဆိုကာ လိုက်လံဟောပြောခဲ့သည်။
ထိုစဉ်ကာလများက ဘာသာရေးအယူဝါဒ ထုံးတမ်းများအရ ဆီများဖြင့် သုတ်လိမ်းကာ ဘိသိက်မြှောက်ခံထားရသူများသာ ဘုရားစကားကိုဟောပြောနိုင်သည်ဟု ယူဆကြ သဖြင့် ဒွန်ဂျူလီယံ အား ကြိမ်ဖန်များစွာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး မကောင်းဆိုးဝါးများထွက်သွားစေရန် ဟုဆိုကာ ဒွန်ဂျူလီယံ၏ ခန္ဓာကိုယ်အား အရုပ် ဖုန်ခြစ်တံဖြင့် ခြစ်ပေးခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒွန်ဂျူလီယံသည် ဇနီးနှင့် သားသမီးများကို စွန့်ပစ်ခဲ့ကာ ကျွန်း တွင် အနှစ်ငါးဆယ်ကျော် သွားရောက်နေထိုင်ခဲ့သည်။
ဇိုချီမိကို တူးမြောင်းအတွင်း မိန်းကလေးငယ် ရေနစ်ခြင်းကို သက်သေမပြနိုင်ခဲ့သော်လည်း ဒွန်ဂျူလီယံသည် မိန်းကလေးငယ် သေဆုံးပြီးနောက်ပိုင်းဝယ် မကောင်းဆိုးဝါးများကို ထိန်းသိမ်းထားနိုင်ရန် အရုပ်များကို စုဆောင်းချိတ်ဆွဲထားခဲ့သည်ဟု ဆို သည်။ ဒွန်ဂျူလီယံသည် ၂၀၀၁ ခုနှစ်တွင် ကျွန်းအနီးရှိ ဇိုချိမီကို တူးမြောင်းအတွင်း ရေနစ်သေဆုံးခဲ့သည်။ ဒွန်ဂျူလီယံသည် သူ မသေဆုံးမီက ထို ဇိုချိမီကို တူးမြောင်းအတွင်း မိန်းကလေးငယ် သေဆုံးခဲ့သည်ဟု ထပ်တလဲလဲပြောခဲ့သည်။ ဒွန်ဂျူလီယံ ကွယ်လွန် ပြီးနောက် သူ၏ သားဖြစ်သူက ဖခင်ဖြစ်သူ စုဆောင်းထားခဲ့သော အရုပ်များကို ထိန်းသိမ်းကာ ကျွန်းသို့ လာရောက် လည်ပတ်ကြ သော ကမ္ဘာလှည့် ခရီးသည်များကိုပြသပေးလျက်ရှိသည်။
၅။ အဆိပ်ပြင်းမြွေကျွန်း
အဆိပ်ပြင်းသည့်မြွေများ နေထိုင်ကျက်စားနေသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းသည် ဘရာဇီးလ်နိုင်ငံမြို့တော် မှ မိုင် ၉၀ အကွာတွင် ရှိသည်။မြွေကျွန်းဟု လူသိများသည့် ထိုကျွန်းပေါ်သည် ၁၀၆ ဧကကျယ်ဝန်းကာ ထိုကျွန်း၏ နေရာအနှံ့တွင် မြွေများ အကောင် နှစ်ထောင်မှ ငါးထောင်အထိနေထိုင် ကျက်စားနေကြသည်။ ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်တစ်မျိုး ဖြစ်သည့် ရွှေရောင်လှံဖျားခေါင်း မြွေပွေး(Bothrops insularis) သည် ကျွန်းပေါ်တွင် အများဆုံးနေထိုင်ကျက်စားကြသည်။
ရွှေရောင်လှံဖျားခေါင်း မြွေပွေး၏ အဆိပ်သည် အခြားကုန်းတွင်းအဆိပ်ပြင်းမြွေဆိပ်များထက် သုံးဆမှ ငါးဆအထိ ပြင်းထန် ကာ လူ့အသားများကို အရည်ဖြစ်သွားစေနိုင်သည်ဟု ဆိုကြသည်။ မြွေများသည် ကျွန်းသို့ ရောက်လာကြသော ငှက်များကို စားသုံး ကာ ရှင်သန်ကြသည်။ ငှက်အများစုတို့သည် တစ်နေရာမှ တစ်နေရာသို့ပျံသန်းရွှေ့ပြောင်းကြရာတွင် ဂရန်ဒီကျွန်းတွင် နားခို လေ့ ရှိကြ သဖြင့် ရွှေရောင်လှံဖျားခေါင်း မြွေပွေးများအတွက် အစာရေစာ ဖူလုံစွာရရှိပြီး မြွေအကောင်ရေ တိုးတက်များပြား လျက်ရှိ နေ သည်။ ဘရာဇီးလ်နိုင်ငံ ရေတပ်မတော်က ထိုကျွန်းသို့ သွားရောက်ခွင့်ကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားသော်လည်း မြွေဆိပ် အန္တရာယ်ကိုသုတေသနပြုကြသည့် အချို့သော သိပ္ပံပညာရှင်များကိုမူ ခြွင်းချက်ဖြင့် သွားရောက်ခွင့်ပြုထားသည်။
၄။ မနှစ်မြို့စရာ သုခဘုံ
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင်ရှိသော ပါမိုင်ရာသည် မှင်သက်မိလောက်အောင် ဆွဲဆောင်မှုကောင်းသော အလှအပများဖြင့် ပြည့်စုံသည့် ချမ်းမြေ့ဖွယ်သုခဘုံလေးတစ်ခုအဖြစ်ထင်ရှားသကဲ့သို့ မကောင်းဆိုးဝါးများ နှိုးဆွနေသည့် နေရာ တစ်ခု အဖြစ်လည်း လူသိများပေသည်။ စင်စစ်အားဖြင့် ပါမိုင်ရာသည် သန္တာကျောက်တန်းကျွန်းစု တစ်ခုမျှသာ ဖြစ်ပေသည်။ ကျွန်း၏ အလယ်တွင်ရေ အောက်၌ မြုပ်နေသည့်ရှေးဟောင်း မီးတောင်၀ တစ်ခုကို သန္တာကျောက်တန်းများက ဝိုင်းရံထားသည်။
ဟာဝိုင်ယီကျွန်းနှင့် ဆာမိုယာ ကြားတွင် ရှိနေသည့် ပါမိုင်ရာသည် လူသားများ အတည်တကျ အခြေချနေထိုင်ခြင်းမရှိသည့် တောရိုင်းမြေတစ်ခု လည်း ဖြစ်သည်။ ၁၇၉၈ ခုနှစ်တွင် တွေ့ရှိခဲ့သော ပါမိုင်ရာသည် သဘာဝလွန် ဖြစ်ရပ်များ၊ ထိတ်လန့်ဖွယ် အတွေ့အကြုံများ၊ ရှင်းမပြနိုင် သည့် အဖြစ်ထူး များနှင့် ပြည့်နေခဲ့ပေသည်။ ၁၉၇၇ ခုနှစ်တွင် ပါမိုင်ရာကျွန်းသို့ ရောက်ရှိခဲ့သော ရွက်လှေစီးသမား ရစ်ချတ်တေလာက ပါမိုင်ရာသည် တစ္ဆေကျွန်းဟူသည် ထက်ပင် ပိုလွန်ကြောင်းပြောဆိုခဲ့သည်။ ယခုအခါ၌ ပါမိုင်ရာကျွန်းပေါ်သို့ ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင်အချို့သာ တစ်ခါတစ်ရံလာရောက်လေ့ရှိကြသည်။
၃။ သန်းကြွယ် ကဏန်းကျွန်း
အိန္ဒိယ သမုဒ္ဒရာအတွင်းမှ သြစတြေလျ ရေပိုင်နက်အတွင်းရှိ ခရစ္စမတ်ဟု အမည်ပေးထားသောကျွန်းကို ၁၆၄၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ ၁၃၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ခရစ္စမတ်ကျွန်း၏ ၆၃ ရာခိုင်နှုန်းကို သြစတြေလျနိုင်ငံ အမျိုးသား ဥယျာဉ်ကစောင့်ရှောက်ထားသည်။ ထိုကျွန်းတွင် နေထိုင်ကျက်စားလျက်ရှိသည့် ကဏန်းနီများ၏ သဘာ၀ သစ်တောအတွင်းဂေဟ စနစ်ကို ထိန်းသိမ်းထားခြင်းလည်းဖြစ်ပေသည်။ ကျွန်းပေါ်ရှိ ကဏန်း မျိုးစိတ် ၁၄ ခုရှိသည့် အနက် တွင် ကဏန်းနီတို့က အများဆုံးဖြစ်သည်။
သာမာန် အချိန်များတွင် ယင်းတို့သည် သစ်တောအတွင်း ကျင်းများတွင်နေထိုင်ကြသော်လည်း မိုးရာသီရောက်လျှင် ပင်လယ်ပြင်သို့ ဥဥရန် ထွက်ခွာသွားကြမြဲဖြစ်ပေသည်။ နှစ်စဉ် ပင်လယ်ပြင်သို့ ထွက်ခွါကြသည့် ကဏန်းများသည် ကောင်ရေ သန်း ၁၂၀ နီးပါးရှိသည်။ ပင်လယ်ပြင် သို့ရောက်ရှိရန် ကျင်းများမှ ၅ မိုင် ကျော် ကုန်းလမ်းခရီးကို သွားကြရသဖြင့် သစ်တောအတွင်းမှ ပုရွက်ဝါများ၏ တိုက်ခိုက်မှုများနှင့် ရေဓာတ်ဆုံးရှုံးမှုများ ကြောင့် ကဏန်းနီများ အများအပြားသေဆုံးကြရသည်။
ကဏန်းများသည် ပင်လယ်အတွင်းသို့ရောက်သည်နှင့် မိတ်လိုက်ကြကာ အဖိုများက သစ်တောသို့ ပြန်လာကြသည်။ အမများက ပင်လယ်တွင်းမှာပင် သန်းနှင့် ချီသော ကဏန်းပေါက်များကို ပေါက်ဖွားကာ မသေပဲကျန်ရှိသော ကဏန်းများနှင့် အတူ ခရစ္စမတ်ကျွန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ဤသို့ဖြင့် ဂေဟစနစ်သည်သစ်တောအတွင်းပုံမှန် လည်ပတ်လျက်ရှိနေ ပေ သည်။
၂။ မီးတောင်ထိပ်ဝကျွန်း
ဖိလိပိုင်နိုင်ငံတွင် အလွန် ထူးခြားသည့် ကျွန်းတစ်ကျွန်းရှိရာ ထိုကျွန်းသည် သက်ရှိ မီးတောင်တစ်ခု၏ အဝတွင်ရှိနေသည်။ လူဇုန်ကျွန်းရှိ တာအယ်လ် ဟု အမည်ပေးထားသော မီးတောင်အိုင်တစ်ခုအတွင်းရှိနေသည့် ထိုကျွန်းကို ဖိလစ်ပိုင်တို့က ဗာလကန် ဟု ခေါ်ကြသည်။တာအယ်လ် သည် အကြိမ်ပေါင်း ၃၃ ကြိမ် ပေါက်ခဲ့ဖူးသော မီးတောင်တစ်ခုဖြစ်သည်။ဖိလိပိုင်နိုင်ငံတွင် ဒုတိယ အကြိမ်အများဆုံးပေါက်ကွဲခဲ့ဖူးသော သက်ရှိမီးတောင်တစ်ခုလည်းဖြစ်သည်။
မီးတောင်၏ ထိပ်ဝတွင် ဇလုံနှင့်တူသော ချိုင့်ခွက်တစ်ခုရှိကာ ထို ချိုင့်ခွက်ထဲတွင် ရေများရှိနေပြီး ထိပ်ဝက ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် မီးတောင် ထိပ်ရှိ ရေအိုင်များထဲတွင် အကြီးဆုံးဖြစ်ပေသည်။ ယင်းရေအိုင်၏ အလယ်တွင် သေးငယ်သော ဗာလကန်ကျွန်းက တည်ရှိ နေသဖြင့် ဗာလကန်ပွိုင့်(Valcan Point)ဟုခေါ်ကြသည်။ ဗာလကန်သည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်ရှိ ကန်တစ်ကန်အတွင်းမှ ကျွန်းတစ်ကျွန်းအဖြစ် ထင်ရှားလျက်ရှိသည်။
၁။ ကြောင်ကံကောင်းတို့ကျွန်း
တာရှီရိုဂျီမာကျွန်းကို ကြောင်ကျွန်းဟု လူသိများကြသည်။ ဂျပန်နိုင်ငံ ၊ မီယာဂျီ စီရင်စု၊အိရှိနိုမာကီ မြို့အနီးတွင် တည်ရှိ သည်။ကျွန်းပေါ်တွင် လူနေအိမ်ခြေ ၁၀၀ ကျော်ရှိပြီး အများစုမှာ သက်တမ်းနှစ် ၆၀ ကျော်နေသည့် အိမ်များဖြစ် သည်။ တာရှီရိုဂျီမာ ကျွန်း မှ အိမ်များကို ကြောင်များကသာ အများဆုံးပိုင်ဆိုင်ထားကြသည်။ ဂျပန်နိုင်ငံ သမိုင်းတွင် ၁၈ ရာစု အလယ်မှ ၁၉ ရာစုအလယ် အတွင်း ၊ အီဒို ခေတ်တွင် ကြောင်များ ထိုကျွန်းသို့ စတင်ရောက်ရှိလာခဲ့ကြသည်။
ထိုစဉ်က ကျွန်းပေါ်တွင် ပိုးစာပင်များ စိုက်ပျိုးခဲ့ရာ ကြွက်များကို နှိမ်နှင်းရန် စိုက်ပျိုးရေးသမားများက ကြောင်များကို သယ်ယူလာခဲ့ကြသည်။ကျွန်းပေါ်တွင် ပိုးစာပင်စိုက်ပျိုးခြင်းလုပ်ငန်း များရပ် ဆိုင်းသွားချိန်တွင် ကြောင်များ အမြောက်အများ ကျန်ရစ်နေခဲ့သည်။ထိုအချိန်မှစ၍ ကျွန်းပေါ်တွင် လူဦးရေ နည်းပါးသွား သော်လည်း ကြောင်ကောင်ရေမှာမူ များစွာတိုးတက်ခဲ့သည်။ ယခုအခါတွင် တာရှီရိုဂျီမာကျွန်းသည် ငါးဖမ်းလုပ်ငန်း ဖြစ်ထွန်းလျက်ရှိရာ ငါးဖမ်းသများများက ကြောင်များကို အစာကျွေး မွေးမြူထားကြသည်။
ကြောင်များကို အစာကျွေးမွေးခြင်းသည် ကံကောင်းစေသည်ဟု ငါးဖမ်းသမားများက ယုံကြည်ကြသည့်အပြင် ယင်းတို့၏ ကြောင်များအတွက် ဘုရားဝတ်ပြုဆောင်တစ်ခုကိုပင် ဆောက်လုပ်ထားပေသည်။ နှစ်စဉ် ဧပြီလနှင့် နိုဝင်ဘာလများတွင် ကမ္ဘာလှည့် ခရီးသည်များကို တာရှီရိုဂျီမာကျွန်းသို့ လာရောက်လည်ပတ်ခွင့်ပြုထားသည်။ ကြောင်ပုံစံ အိမ်ခန်းများတွင် တစ်ညတာ တည်းခိုခွင့်ပြုသည်။ သို့သော် အရေးကြီးသော ကန့်သတ်ချက်မှာမူ ခွေးများကို လုံး၀ ခေါ်ဆောင်မလာရန် ဖြစ်ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
သုတစွယ်စုံမဂ္ဂဇင်း
Discussion about this post