ကမ္ဘာကျော် ကားကုမ္ပဏီဖြစ်တဲ့ ပေါ်ရှေးကုမ္ပဏီဟာ ၉၀နှစ်တွေတုန်းက Porsche 550 ဆိုတဲ့ အလန်းစားကားမော်ဒယ်ကို ထုတ်ခဲ့ပါတယ်။
ဒီကားကို ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား James Dean က ဝယ်စီးခဲ့ပါတယ်။ သူဟာ ကားခရေစီတစ်ယောက်ဖြစ်သလို ကားမောင်းအလွန်ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။
သူ့ရဲ့ကားနံပါတ်က ၁၃၀ ဖြစ်ပြီး little bastard လို့နာမည်ပေးထားပါတယ်။
James Dean ရဲ့ ကားကိုမြင်သွားတဲ့ သူ့မိတ်ဆွေသရုပ်ဆောင်တစ်ဦးဖြစ်သူ Alec Gunness က ကားကိုကြည့်ပြီးနိမိတ်မကောင်းသလို ခံစားရကြောင်း ၊ ဆက်စီးရင် ၁ပတ်အတွင်းသေနိုင်ကြောင်း ၊ ဆက်မစီးဖို့ တားပါတယ်။
James Dean က လက်မခံခဲ့ပါဘူး။ နောက်တစ်ပတ်တိတိအကြာမှာပဲ အဲဒီကားနဲ့ အက်ဆီးဒင့်စ်ဖြစ်ကာ James Dean သေဆုံးခဲ့ပါတယ်။
James Dean သေဆုံးမှုကလည်း ထူဆန်းပါတယ်။ မျက်နှာချင်းဆိုင်က ကားတစ်စီးကို မိုင် ၈၀နှုန်းအရှိန်နဲ့တိုက်ပြီး သေဆုံးခဲ့တာပါ။
ကျွမ်းကျင်သူများရဲ့ပြောကြားချက်အရ James Dean ဟာ ကားကိုမြင်ကတည်းက ရှောင်လို့ရတဲ့အကွာဝေးမှာရှိတယ်လို့ ဆိုပါတယ်။
ကားမောင်းအလွန်ကျွမ်းကျင်တဲ့ James Dean ဘာလို့ရှောင်လို့ မရခဲ့သလဲ ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
James Dean မိတ်ဆွေတစ်ယောက်ဟာ အဲဒီကားကို ပြန်ရောင်းဖို့အတွက် ဝပ်ရှော့တစ်ခုကိုအပ်ခဲ့ပါတယ်။
ပြင်နေစဉ်မှာပဲ အလုပ်သမားတစ်ယောက်ပေါ်ကို ကားပြုတ်ကျပြီးခြေထောက်ကျိုးသွာပါတယ်။
အဲဒီကားကို ဒေါက်တာနှစ်ယောက်ဖြစ်တဲ့ Troy MacHenry နဲ့ William Eschrid က ပြန်လည်ဝယ်ယူခဲ့ပါတယ်။
ကားဝယ်ပြီး မကြာမီမှာပဲ MacHenry အသတ်ခံရကာ Eschrid က မသေရုံတမယ် အပြင်းအထန်ဒါဏ်ရာ ရခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် James Dean သေဆုံးမှုတည်းက နာမည်ကြီးခဲ့တဲ့ဒီကားဟာ ပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။
အဲဒီနောက် ကယ်လီဖိုးနီးယား Highway patrol မှ ပြုလုပ်တဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြပွဲမှာ ပြသခဲ့ပါတယ်။
ပြပွဲအတွင်းမှာပဲ little bastard ကားကိုထည့်ထားတဲ့ ဂိုဒေါင်ဟာမီးလောင်ပြီးနောက် ပြပွဲပျက်သွားခဲ့ပါတယ်။
အဆောက်အဦးလောင်သွားခဲ့ပေမယ့် မီးက ကားကိုတော့မလောင်ခဲ့တာကတော့ ထူးဆန်းပါတယ်။
ဒီကားကို အထူးအဆန်းအနေနဲ့ အထက်တန်းကျောင်းတစ်ခုမှာပြသခဲ့ပါတယ်။
ပြသနေစဉ်မှာပဲ ကားတင်တဲ့စင်ကျိုးကျကာ ကျောင်းသားတစ်ယောက်ကို အပြင်းအထန်ထိခိုက်ကာ တင်ပဆုံရိုးကျိုးသွားခဲ့ပါတယ်။
အဲဒီကားကို ထရပ်ကားတစ်စီးနဲ့ သယ်ဆောင်သွားခဲ့ပါတယ်။
အဲဒီကားမောင်းတဲ့ဒရိုက်ဘာဟာ မောင်းနေစဉ်မှာပဲ ကားထဲက ထွက်ကျကာ သူမောင်းလာတဲ့ထရပ်ကားရဲ့ ကြိတ်ခြင်းကို ခံရပြီးသေဆုံးခဲ့ပြန်ပါတယ်။
နောက်လူတစ်ယောက်ထပ်ဝယ်ပါတယ်။ အဲဒီလူမောင်းနေစဉ်မှာပဲ ကားဘီးနှစ်ဘီးလုံး တစ်ပြိုင်နက်ပေါက်သွားပြီး အက်ဆီးဒင်စ့်ဖြစ်ကာ ဆေးရုံတင်ခဲ့ရပါတယ်။
ကားလေးရဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် နာမည်ကြီးသထက်ကြီးလာခဲ့သလို ပြပွဲပေါင်းများစွာပြခဲ့ပါတယ်။
ဒါပေမယ့် ၁၉၅၉ခုနှစ်ရဲ့ တစ်နေ့မှာတော့ ကားကလေးဟာ သူ့ဘာသာနေရင်း အပိုင်းပိုင်းဖြစ်သွားပါတယ်။
အရင်အက်စီးဒင့်စ့်ပေါင်းများစွာကြောင့် အပိုင်းပိုင်းကွဲထွက်နေတာကို ဂဟေဆောက်ထားရက်နဲ့ အခုလို အပိုင်းပိုင်းကွဲထွက်သွားတာဖြစ်ပါတယ်။
ကားရဲ့အစိတ်အပိုင်းတွေကို ဆက်ကာ မီယာမီပြပွဲတစ်ခုမှာ ထပ်ပြခဲ့ပြန်ပါတယ်။
ပြပွဲပြီးတဲ့အခါမှာတော့ ထရပ်ကားတစ်စီးနဲ့ ကားကလေးရဲ့ အစိတ်အပိုင်းတွေကို တင်ပြီး ပြန်လွှတ်ခဲ့ပါတယ်။ နောက်ဆုံးပိုင်ဆိုင်သူက Barris ဆိုသူဖြစ်ပါတယ်။
အဲဒီပြန်လွှတ်လို့ ကားထားရမယ့်နေရာရောက်လို့ ထရပ်ကားကို ဖွင့်ကြည့်တဲ့အခါ ကားကလေးဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတော့တယ်။
လူတွေကတော့ ဒါဟာ ပိုင်ရှင်ဖြစ်သူ Barris ရဲ့ဖျောက်ဖျက်မှုလို့ ယုံကြည်ကြပါတယ်။ အဲဒီအချိန်ကစလို့ ကားလေးရဲ့ သတင်းကိုလုံး၀ မကြားရတော့ပါဘူး။
၂၀၀၆ခုနှစ်မှာတော့ လူတစ်ယောက်ဟာ Illinois က Volo ကားပြတိုက်ကို ဆက်သွယ်လာခဲ့ပါတယ်။
ကားလေးဟာ ဝါရှင်တန် Whatcom Countyက အဆောက်အဦးတစ်ခုထဲမှာရှိကြောင်း ၊ ကားလေးရှိတဲ့နေရာကိုပြရင် ဒေါ်လာ ၁သန်းပေးရမယ်ဖြစ်ကြောင်း ဆက်သွယ်လာတာပါ။
Volo ကားပြတိုက် ဟာ ဒေါ်လာ ၁သန်းပေးဖို့ အခက်အခဲမရှိပါဘူး။
ဒါပေမယ့် ၁၉၆၀ခုနှစ် ကားလေးပျောက်ဆုံးသွားချိန်က ပိုင်ဆိုင်သူဟာ Barris ဖြစ်တာကြောင့် သူတို့ပေးခဲ့ရင်တောင်မှ သူတို့ဟာပိုင်ဆိုင်သူဖြစ်နိုင်ဖို့ မသေချာပါဘူး။
ဒီလိုနဲ့ကားကလေးဟာ ယခုထက်တိုင် ဘယ်နေရာမှာရှိမှန်း ဘယ်သူ့လက်ထဲမှာမှန်း မသိပဲ ပျောက်ဆုံးနေရဆဲဖြစ်ပါတော့တယ်။
Discussion about this post