ပုံကိုကြည့်ပြီးတော့ သဲကန္တာရဟာ ရောင်စုံဖြစ်နေတယ်လို့ ထင်မိကောင်းထင်မိမှာပါ။ တကယ်တော့ ဒီပုံတွေဟာ ပုံမှန်သဲကန္တာရ တစ်ခုရဲ့ မတူညီတဲ့ အချိန်တွေမှာ ကျရောက်တဲ့နေအလင်းရောင်ကွဲပြားမှုကို အခြေခံပြီး ဓာတ်ပုံဆရာ တစ်ယောက်က လက်စွမ်းပြရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပါတယ်။ အာဖရိကတိုက် မော်ရိုကိုနိုင်ငံရဲ့ သဲကန္တာရဒေသကပုံရိပ်တွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ လူသားတွေအပေါ် အတော် သက်ရောက်မှုရှိပြီး အလင်းရဲ့ဆင့်ကဲ ဖြစ်စဉ်အချို့ကနေပဲ သဘာဝလောကကြီးဟာ မူရင်းအခြေအနေနဲ့ အတော်ကိုကွဲပြားသွားခဲ့ရပါတယ်။
အမှန်တကယ်လည်း ကမ္ဘာမြေကြီးရဲ့ အပြာရောင်ကောင်းကင်ဟာ သဲကန္တာရအတွင်းရှိ သဲတွေကို အနီရောင်၊ လိမ္မော် ရောင်၊ ခရမ်းရောင်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ယခု မြင်တွေ့ခဲ့ရတဲ့ပုံတွေဟာ အီတလီနိုင်ငံ၊မီလန်မြို့ကဓာတ်ပုံဆရာ Luca Tomboli ရဲ့ လက်ရာတွေဖြစ်ပြီး နေရောင်ခြည်မှာရှိတဲ့ ကွဲပြားတဲ့ရောင်စဉ်ပြောင်းလဲမှုကို အခြေခံပြီး ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ကို ကျရောက်တဲ့နေရောင်ခြည်ကိုပဲ ရှုထောင့် တစ်နေရာတည်းကနေ ကွဲပြားတဲ့ရိုက်ချက်တွေကိုအသုံးပြုပြီး ကန္တာရဒေသမှာ လာရောက်ရိုက်ကူးခဲ့တဲ့ဒီပုံတွေဟာ မြင်တွေ့ရသူအဖို့ အံ့သြမင်သက် ခဲ့ရပါတယ်။
မော်ရိုကိုနိုင်ငံ အရှေတောင်ပိုင်းမှာတည်ရှိတဲ့ Merzouga နဲ့ Ouzina ဒေသတွေမှာ(၂၀၁၅)ခုနှစ်နွေရာသီက ရိုက် ကူးခဲ့တဲ့ဒီပုံတွေဟာ ယနေ့အချိန်မှာတော့ မော်ရိုကိုရဲ့ ခရီးသွားလုပ်ငန်းကို အတော်လေးသက်ရောက်မှုရှိနေပါပြီ။ ဓာတ်ပုံဆရာ Tomblini ဟာ မူလကသဲကန္တာရ ရှုခင်းတွေကို မှတ်တမ်းတင်ဖို့ရည်ရွယ်ချက်နဲ့ ရောက်ရှိလာခဲ့ရာမှ အလင်းရဲ့ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဲကန္တာရအခြေအနေ ကိုစတင်သတိထားမိခဲ့ပါတယ်။
အထူးသဖြင့်နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အလင်းပြောင်းလဲမှုတွေကို မိမိရရ ရိုက်ကူးနိုင်ဖို့ Tomblini ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် Tombliniဟာ နေဝင်ချိန်မတိုင်မီ (၄)နာရီအချိန်လောက်ကတည်း က သူရဲ့ကင်မရာကို အဆင်သင့်တပ်ဆင်ပြီး စောင့်စားနေခဲ့ပြီး ရိုက်ကူးခဲ့ရပါတယ်။
Tomblini ရဲ့ပုံတွေဟာ လူမှုကွန်ယက်ကိုဖြန့်ချိလိုက်တဲ့အချိန်ကတည်းက လူအများရဲ့ စိတ်ပါဝင်စားမှုကို အများအပြားရရှိခဲ့ပြီး နောက်ပိုင်းမှာ သတင်းဌာနတွေက လာရောက် မေးမြန်းရလောက်တဲ့ အထိအောင်မြင်လာခဲ့ပါတယ်။ နည်းပညာနဲ့ဖန်တီးထားခြင်း မဟုတ်ပဲ သဘာဝအတိုင်းရိုက်ကူးခဲ့တဲ့ Tomblini ရဲ့ဓာတ်ပုံစီးရီးဟာ ပညာရှင်များစွာရဲ့ အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။
Wertn သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာTombliniက ဒီလိုဖြေခဲ့ပါတယ်။
” ကျွန်တော်မော်ရိုကို ကိုစရောက်တော့ ဒီနိုင်ငံရဲ့ ကန္တာရရှုခင်းတော် တော်များများဟာ စွဲဆောင်မှုရှိတယ်လို့ ခံစားမိပါတယ်။ ကျွန်တော်က ပြုပြင်ရယူထား တဲ့ပုံတွေထက် သဘာဝအတိုင်းဖြစ်ပေါ်တဲ့ပုံတွေကိုသာ မှတ်တမ်းတင်ရိုက်ကူးလိုတာပါ။ ဒါကြောင့် ကားတစ်စီးနဲ့ မော်ရိုကိုရဲ့ ကန္တာရဒေသတော်တော်များများကို ခရီးထွက်ပြီး ရှုခင်းပုံတော်တော်များများကို မှတ်တမ်းတင်ခဲ့ပါတယ်။
အလင်းနဲ့ အမှောင် ကြားရိုက်ကူးမှုတွေကို ယခင်တည်းကကျွန်တော်အကြိမ်များစွာ ရိုက်ကူးခဲ့ဖူးပါတယ်။ ရှုခင်းနဲ့ လူပုံ(ဒါမှမဟုတ်)တွဲလျက်အနေအထားတွေကိုပေါ့။ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲ မှုဟာ အလင်းရောင်ကြောင့်ဆိုတာ အခြေခံအားဖြင့်သိထားပေမဲ့ Merzouga နဲ့ Ouzina ဒေသတွေက ကန္တာရတွေမှာတော့ ကျွန်တော်ကိုယ်တိုင်တောင် အံ့သြမင်သက်ရတဲ့ အဲဒီဓာတ်ပုံစီးရီးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။
ပုံတွေအားလုံးကိုတော့ ကန္တာရအတွင်းက သဲသောင်ခုံတစ်ခုပေါ်မှာ (၄)နာရီကျော်ကြာအောင် စောင့်ဆိုင်းရင်းမှတ်တမ်းတင် ခဲ့တာပါ။ ဒီအချိန်တွင်းမှာ စားချိန်၊ သောက်ချိန်နဲ့ မျက်စိကို ခေတ္တအနားပေးတဲ့ အချိန်တွေကလွဲလို့ ပတ်ဝန်းကျင်ရှုခင်းကိုပဲအဓိက အာရုံစိုက်ခဲ့တာပါ။ ရိုက်ကူးရေး ကာလတစ်ခုလုံးမှာလည်း ကျွန်တော်ရဲ့ စိတ်အာရုံတစ်ခုလုံးဟာ ရိုက်ကူးရမယ့် ပတ်ဝန်းကျင် အတွင်းမှာ နစ်မြောနေခဲ့ရတာပါ။
နေရောင်က ဖြာကျတဲ့ အလင်းဟာ တဖြည်းဖြည်းပြောင်းလဲချိန်မှာတော့ ကျွန်တော်လိုချင်တဲ့ ပုံကောင်းကောင်းတွေကို ရရှိနိုင်ပြီလို့ ကျွန်တော်ဦးနှောက်ကအချက်ပြခဲ့ပြီး ယခုမြင်တွေ့နေရတဲ့ ရောင်စုံ ကန္တာရတွေကို မှတ်တမ်းတင်လိုက်နိုင်ပါတယ်။ ရိုက်ကူးရေးပြီးဆုံး ချိန်မှာတော့ နေအလင်းရောင်ဟာ တစ်စွန်းတစ်စသာကျန်နေခဲ့ပြီး ကျွန်တော်ကားမှာ တပ်ဆင်ထားတဲ့ GPSကို အသုံးပြုပြီး တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။”
Tomblini ဟာ နာမည်ကျော် သဘာဝဓာတ်ပုံဖန်တီးသူဖြစ်ပြီး မော်ရိုကိုမှာသာမက အမေရိက အရှေပိုင်း အခြားအာဖရိကနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသတွေအထိ သွားရောက်ပြီး ကန္တာရရှုခင်းတွေကို ဖန်တီးမှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ မိဘတွေကိုယ်တိုင်က ခရီးသွားဓာတ်ပုံဆရာတွေ ဖြစ်ကြပြီး Tomblini ငယ်စဉ်က ပင်မိ ဘတွေရဲ့ ခရီးသွားမှတ်တမ်းတွေကို လေ့လာရင်း ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာဖို့ ဝါသနာပါလာခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်လာခဲ့ပြီး သဘာဝလွန် ပုံရိပ်တွေအပါအဝင်၊ များစွာသော ဓာတ်ပုံဆိုင်ရာ ဖန်တီးမှု တွေကြောင့် နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။
Discussion about this post