ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ကတော့ အားလုံးသိကြတဲ့အတိုင်း နီပေါက ဧဝရက်တောင်ဖြစ်ပြီး အမြင့်ဆုံးမီးတောင်ဆိုရင်တော့ Ojos del Salado အိုဟိုစ်ဒဲဆာလားဒို မီးတောင်ကို ညွှန်ပြရမှာပဲဖြစ်ပါတယ်။ ဒီမီးတောင်ကတော့ တောင်အမေရိကတိုက် ချီလီ နဲ့ အာဂျင်တီးနားတို့ရဲ့နယ်စပ် အင်ဒီးစ်တောင်တန်းမှာ ပါဝင်ပါတယ်။ ချီလီနိုင်ငံက Copiapó မြို့ရဲ့ ၁၈၄ ကီလိုမီတာကွာဝေးတဲ့ နေရာမှာတည်ရှိနေတာဖြစ်ပါတယ်။
Ojos del Salado ကတော့ စပိန်နာမည်ဖြစ်ပြီး eyes of salt ဆားရဲ့မျက်လုံးများ လို့အဓိပ္ပါယ်ရပါတယ်။ ဒီအဓိပ္ပါယ်ကတော့ တောင်ပေါ်မှာရှိနေတဲ့ မျက်လုံးပုံသဏ္ဍာန်ဆားကန် ကို ရည်ညွှန်းခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီတောင်ဟာ ကမ္ဘာပေါ်က မီးတောင်တွေထဲမှာ အမြင့်ဆုံးတောင်ဖြစ်သလို အမေရိကမှာလည်း Aconcagua တောင်ပြီးရင် ဒုတိယအမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။
Ojos del Salado တောင်ဟာ မီးတောင်ရှင်အမျိုးအစားဖြစ်ပြီး အမြင့်ပေ ၂၂၆၁၅ပေ မြင့်ပါတယ်။ အာတာခါမာသဲကန္တာရ အနီးမှာရှိနေတာကြောင့် ခြောက်သွေ့တဲ့တောင်တစ်တောင်ဖြစ်ပေမယ့် တောင်ထိပ်ပိုင်းမှာတော့ အမြဲတစေ ပေအနည်းငယ်ထိထူတဲ့ နှင်းတွေရှိနေတတ်သလို မုန်တိုင်းကြီးတွေလည်း တိုက်ခတ်နေတတ်လေ့ရှိပါတယ်။
တောင်ရဲ့အရှေ့ပိုင်းအမြင့်ပေ ၂၀၉၆၀ မှာတော့ မီးတောင်ရေကန်တစ်ခုရှိနေပြီး ဒီကန်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးရေကန်လည်းဖြစ်ပါတယ်။ ကန်ရဲ့အကျယ်ကတော့ ပေ ၃၃၀ခန့် ရှိပြီး ကန်ရဲ့ပျမ်းမျှအနက်ကတော့ ၁၅ပေကနေ ပေ ၃၀ အတွင်းရှိနိုင်ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရတော့ ဒီမီးတောင် နောက်ဆုံးအကြိမ် သိသာထင်ရှားစွာပေါက်ကွဲခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ခန့်မှာဖြစ်တယ်လို့ သိရပေမယ့် ၁၉၉၃ ခုနှစ်ကတော့ ပြာအနည်းငယ်လွင့်ခဲ့ဖူးတဲ့ အသေးစားပေါက်ကွဲမှု ဖြစ်ရပ်တော့ဖြစ်ခဲ့ဖူးပါတယ်။
တောင်ထိပ်မှာတော့ တောင်ထွတ်က ၂ခုဖြစ်နေပြီး အမြင့်ပေကတော့ မဆိုသလောက်ကလေးပဲ ကွာပါတယ်။ ပထမတောင်ထွတ်က အနောက်ခြမ်းချီလီနိုင်ငံဘက်မှာ ရှိနေပြီး ဒုတိယတောင်ထွတ်ကတော့ အရှေ့ခြမ်းအာဂျင်တီးနားဘက်မှာရှိနေပါတယ်။ အတိအကျဆိုရင်တော့ ချီလီဘက်က တောင်ထွတ်က ၂၁လက်မခန့်ပိုမြင့်နေပါတယ်။
မီးတောင်ရှင်လို့သတ်မှတ်ထားပေမယ့် ပေါက်ကွဲနိုင်ချေမရှိသလောက်နည်းတာမို့ တောင်တက်သမားတွေဟာ ဒီတောင်ကို မကြာခဏ တက်ရောက်လေ့ရှိပါတယ်။ တောင်ရဲ့အမြင့်ပေတော်တော်များများကို လွယ်လွယ်ကူကူတက်ရောက်လို့ ရပေမယ့် တောင်ထိပ်အထိတက်မယ်ဆိုရင်တော့ ကြိုးလို နည်းပညာအထောက်အပံ့တွေလိုအပ်သလို နှင်းမုန်တိုင်းဒါဏ်နဲ့ ကျောက်ခဲ နှင်းခဲ ပြိုကျတာတွေကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
ဒီမီးတောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူတွေကတော့ ပိုလန်တောက်တက်သမားတွေဖြစ်တဲ့ Alfred Szczepański နဲ့ Justyn Wojsznis ဖြစ်ပြီး ၁၉၃၇ ခုနှစ်မှာ တက်ရောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ တောင်ထိပ်အမြင့်ပေတော်တော်များများအထိ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ တက်နိုင်တာကလည်း ဒီတောင်ရဲ့ထူးခြားမှုဖြစ်ပါတယ်။ ကားနဲ့တက်ရောက်စံချိန်တင်ထားသူတွေကတော့ Matthias Jeschke ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့ဟာ ၂၀၀၅ခုနှစ်တုန်းက တောင်ရဲ့အမြင့်ပေ ၁၉၇၁၇ အထိကို Toyota Landcruiser 90 ကားနဲ့ တက်ရောက်နိုင်ခဲ့ကြပါတယ်။
နေရာအများစုက ခြောက်သွေ့နေပေမယ့် အပင်မျိုးစိတ်ပေါင်း ၅၀၀ကျော်အပြင် တောကြောင် ၊ မြွေပါ ၊ မြေခွေး ၊ လင်းနို့ စတဲ့တိရစ္ဆာန်တွေနဲ့ ငှက်မျိုးစိတ်ပေါင်းများစွာဟာ ဒီတောင်ရဲ့ဝန်းကျင်ဒေသမှာ ပေါက်ရောက်နေထိုင်ကြပါတယ်။ ဒီတောင်ကို တက်ရောက်ဖို့အသင့်တော်ဆုံးအချိန်အဖြစ်သတ်မှတ်ထားတာကတော့ နွေရာသီကာလဖြစ်ပြီး အဲဒီအချိန်မှာ တောင်ထိပ်က နှင်းထုလျော့နည်းနေပြီးအန္တရာယ်ဖြစ်နိုင်ချေနည်းပါးလို့ ဖြစ်ပါတယ်။
Discussion about this post