ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ နှစ်ရာလောက်တုန်းက နာမည်ကြီး တူရိယာလုပ်တဲ့ ပညာရှင်ကြီးတစ်ယောက်က တယောကလေး ၃လက် လုပ်ခဲ့ပါသတဲ့။ သစ်ပင်ကြီးတစ်ပင်တည်းက ရတဲ့ သစ်သားနဲ့ တစ်ချိန်တည်းမှာ တယော ၃လက် လုံးကို တစ်ပြိုင်တည်း လုပ်ခဲ့တာမို့ တယောကလေးတွေဟာ တစ်လက်နဲ့ တစ်လက် ထပ်တူလို့ မဆိုနိုင်တဲ့တိုင် သာမန်လူတွေဆိုရင် မခွဲခြားနိုင်အောင် တူပါသတဲ့။ တူရိယာပညာရှင်ကြီးက အဲဒီတယောကလေး ၃လက်ကို ဆိုင်ကြီးတစ်ဆိုင်မှာ တင်ရောင်းတယ်။
ပထမတယောကလေးကို တယောထိုးပြီး အသက်မွေးဝမ်းကျောင်းနေသူ တယောပညာရှင် တစ်ယောက်က ဝယ်သွားတယ်။ သူ့မှာ အခြား တယောတွေ အများကြီး ရှိပေမယ့် ဒီတယောကလေးကတော့ အသံမတူဘူးဆိုပြီး သင့်တော်တဲ့ ပွဲတွေမှာ နေ့တိုင်းလိုလို လူတွေကို ဖျော်ဖြေဖို့ သုံးတယ်။ နှစ်ပေါင်းကြာတော့ တယောကလေးလည်း သုံးပါများလွန်းတော့ ပျက်သွားပါသတဲ့။ တယောပျက်ကလေးကို တယောပညာရှင်က အပျက်အစီးတွေထားတဲ့ စတိုခန်းထဲမှာ ထည့်ထားတယ်။
ဒုတိယတယောကလေးကို လာဝယ်တဲ့သူကတော့ သူဌေးကလေး။ တယောထိုးတတ်လို့ ဝယ်တာမဟုတ်ဘူး။ ဂီတ ဝါသနာပါတယ်၊ တယောသံကို နှစ်ခြိုက်တယ်၊ တူရိယာပညာရှင်ကြီးရဲ့ လက်ရာကိုလည်း လေးစားတယ်။ ဒါကြောင့် နောင်အခါ အချိန်ရရင် တယောထိုး သင်ဖြစ်ချင်လည်း သင်ဖြစ်မှာ၊ အဲဒီအခါ သုံးဖြစ်ချင် သုံးရတာပေါ့ဆိုပြီး ငွေပိုနေလို့ ဝယ်ထားတဲ့ သဘောပါပဲ။
ဒါပေမယ့် သူဌေးကလေးက သူဌေးကြီးသာ ဖြစ်လာတယ်၊ တယောထိုးသင်တဲ့ဆီ မရောက်ဘူး။ နောက်ဆုံး သေသာသွားတယ်။ သူဝယ်ထားတဲ့ တယောကလေးကို သုံးပြီး တစ်ခါမှ ပီပီပြင်ပြင် တယောထိုးမသွားနိုင်ခဲ့ဘူး။ တယောကလေးကတော့ ဗူးထဲမှာ အသစ်အတိုင်း ရှိနေပါသတဲ့။ ရှေးဟောင်းလက်ရာဆိုပြီး တန်ဖိုးတွေတောင် တက်နေသေးသတဲ့။
နောက်ဆုံးကျန်နေတဲ့ တယောကလေးကိုတော့ ဝါသနာရှင် လူငယ် တစ်ယောက်က ဝယ်သွားပါသတဲ့။ သူ့ခမျာ တယောကလေးကို ကြိုက်ပေမယ့် ပထမ နှစ်ယောက်လို ချက်ချင်း မဝယ်နိုင်ရှာဘူး။ ငွေမပြည့်လို့ ဈေးကိုလည်း ဆစ်သေးတယ်။ စုထားတဲ့ငွေတွေ ရှိသမျှ သွားရှာထုတ်လာရတဲ့အပြင် သူငယ်ချင်းတွေဆီကလည်း ချေးငှားလာရ သေးတယ်။ နောက်ဆုံးတော့ ဝယ်နိုင်သွားတယ်ဆိုပါတော့။
အဲဒီ ဆင်းရဲသားလူငယ်က တယောကလေးကို အင်မတန် တန်ဖိုးထားတယ်။ ငွေမလောက်လို့ ဗူးကလေးတောင် မဝယ်နိုင်ပေမယ့် နေ့စဉ် တယုတယ မပျက်အောင် ကိုင်တယ်။ နောက်တော့ နိုင်ငံသိ ကမ္ဘာသိ တယောပညာရှင်ကြီး တစ်ယောက်ဖြစ်လာတဲ့အထိ တယောကလေးကို သုံးသွားတယ်။ အခုတော့ အဲဒီ တတိယ တယောကလေးကို ပြတိုက်ကြီးတစ်ခုမှာ တယောပညာရှင်ကြီး ဘယ်သူဘယ်ဝါ တစ်သက်လုံး သုံးခဲ့တဲ့ တယောကလေး ဆိုပြီး အရေးတယူ ပြသထားပါသတဲ့။
အလုပ်ဝင်စ လူငယ်တွေလည်း အဲဒီ တယောကလေး ၃လက်လိုဘဲ လုပ်ငန်းခွင် ၃မျိုးကို ရောက်သွားနိုင်ပါတယ်။ ပထမ လုပ်ငန်းခွင်မျိုးကတော့ ကိုယ့်လို အရည်အချင်းမျိုးတွေ ရှိနေတဲ့ သူတွေ အများအပြားနဲ့ အတူတွဲပြီး အလုပ်တွေ မအားမလပ်အောင် လုပ်ရတဲ့ ပတ်ဝန်းကျင်မျိုးပါ။ အလုပ်သာများတာ၊ ဘာမှ ကြီးပွားတိုးတက်ဖို့တော့ လမ်းမရှိဘူး။ အလုပ်ရှင်ကလည်း ကိုယ့်ကို ဘာမှ ထူးထူးခြားခြား တန်ဖိုးထားတာ မဟုတ်ဘူး။ ကိုယ်မရှိလည်း ဒီအလုပ်တွေကို အခြားသူကို ခိုင်းမှာဘဲ။ လုပ်ရည်ကိုင်ရည် နည်းနည်းတော့ ကွာချင်ကွာမယ်၊ ဒါပေမယ့် စကားထဲ ထည့်ပြောရလောက်တဲ့ စွမ်းဆောင်ချက်မျိုး ထုတ်မပြနိုင်တဲ့ လုပ်ငန်းခွင်မျိုးပါ။ `
ဒီလုပ်ငန်းခွင်မျိုးမှာဘဲ တစ်သက်လုံး ကျင်လည်နေမယ်ဆိုရင်တော့ ပထမ တယောကလေး ပျက်တော့ စတိုခန်းထဲ ရောက်သွားသလို ဆံဖြူသွားကျိုး မျက်စိမှုန်လာတဲ့အခါ လူရာသွင်း ခံရတော့မှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် အဲဒီအလုပ်မျိုးက ကြံကြိတ်စက်နဲ့ တူတယ်။ ကြံချောင်းကို ဒီအတိုင်းကြိတ်၊ နှစ်ချိုးချိုးပြီးကြိတ်၊ လေးချိုးချိုးပြီးကြိတ်၊ ရှစ်ချိုးချိုးပြီးကြိတ်၊ ကြိတ်လို့ပြီးရင်တော့ အမှိုက်ပုံးထဲ ပစ်လိုက်သလို အဲဒီအလုပ်က လူတွေလည်း ရှိသမျှ ကာယဉဏအင်အားတွေ ကုန်တဲ့အခါ အသက်ပြည့်လို့ အငြိမ်းစားပေးတယ်ဆိုပြီး ထုတ်ပစ်ခံရမှာဘဲ။ အဲဒီအခါမှာ အရွယ်ကောင်းတုန်းက စုထားဆောင်းထားတာ မရှိလို့ကတော့ အခန့်မသင့်ရင် စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်သွားတတ်တယ်။
ဒုတိယလုပ်ငန်းခွင်မျိုးကတော့ လူတကာ လိုချင်ကြတဲ့ လခကောင်း အလုပ်ကောင်းလို့ အများသိထားကြတဲ့ အလုပ်တွေကို ဆိုလိုပါတယ်။ ဘာမှလည်း ပင်ပင်ပန်းပန်း မလုပ်ရဘူး။ အဖွဲ့အစည်းရဲ့ အရှိန်နဲ့ မှိန်းပြီး တောက်တောက်ပြောင်ပြောင် နေနိုင် သွားနိုင်တယ်။ ဒါပေမယ့် သူဌေးတစ်ခါမှ ထိုးမသွားတဲ့ တယောလို တစ်သက်လုံး ကိုယ်စွမ်းဉဏ်စွမ်း ထုတ်ခွင့် မရဘဲ ဖြစ်တတ်တယ်။
အသိုင်းအဝိုင်း အားကိုးနဲ့ အသက်ကြီးလာတဲ့အခါ ဘယ်ရာထူးမှာ ဘယ်နှနှစ် တာဝန်ထမ်းဆောင် ခဲ့သူကြီးလို့ အများအမြင်မှာ ဂုဏ်တင့်ပေမယ့် ကိုယ့်ဖာသာ အတွေ့အကြုံ မယ်မယ်ရရ မရှိမှန်း သိနေလို့ အသက်ကြီးလေ အတုအယောင်ကြီး တစ်ယောက်လို၊ လူဖြစ်ကျိုး မနပ်ခဲ့သလို ခံစားရလေ ဖြစ်တတ်တယ်။ ဘာဘဲဖြစ်ဖြစ် နေတတ်ရင်တော့ ကောင်းတဲ့ လုပ်ငန်းခွင်မျိုးပါဘဲ။
တတိယလုပ်ငန်းခွင်မျိုးကတော့ လက်ရှိအချိန်မှာ ဘယ်သူမှ မလုပ်ချင်တဲ့ လုပ်ငန်းငယ်ကလေးတွေ ဖြစ်နေပေမယ့် နောင်အခါ ထိပ်တန်းကို ရောက်နိုင်တဲ့ အလားအလာ ရှိနေတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ အဲဒီအလုပ်မျိုးက ဆွဲဆောင်မှုတော့ မရှိတတ်ဘူး။ လစာကမကောင်း၊ ခံစားခွင့်က မရှိရတဲ့အထဲ ပိတ်ရက်တွေမှာလည်း အလုပ်လုပ်ရတတ်သေးတယ်။ အဖွဲ့အစည်းက သေးတဲ့အတွက် ဘယ်မှာလုပ်တယ်ဆိုပြီး ဂုဏ်ယူလို့လည်း မရဘူး။ အခြား အရည်အချင်း ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း မခန့်ထားနိုင် ဖြစ်တတ်တယ်။
ဒါပေမယ့် ကိုယ့်လက်ထဲမှာ အဖွဲ့အစည်းရဲ့ အကောင်းအဆိုးကို ဖန်တီးနိုင်စွမ်း ရှိတယ်။ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း တန်ဖိုးထားပြီး အသိအမှတ်ပြုတယ်။ ဆင်းရဲသား လူငယ်က နိုင်ငံသိ ကမ္ဘာသိ တယောပညာရှင်ကြီး တက်ဖြစ်သလို လုပ်ငန်းငယ် ကလေးက ကမ္ဘာသိ လုပ်ငန်းကြီး ဖြစ်လာလို့ကတော့ ကိုယ့်အတွက် အစစအရာရာ မပူပင်ရတော့ ရုံတင် မကဘူး။ နာမည်ပါကြီးမယ့် အနေအထားဖြစ်တယ်။
တကယ်တော့ လက်တွေ့ အလုပ်လုပ်တဲ့အခါ အလုပ်တစ်ခုကို တစ်သက်လုံး လုပ်စရာ မလိုပါဘူး။ ပိုကောင်းတဲ့ အလုပ်တွေ့ရင် ပြောင်းလုပ်ကြတာပါဘဲ။ အရေးကြီးတာက ဘယ်လို အလုပ်မျိုးက ကိုယ်နဲ့ သင့်တော်သလဲ။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ။ အဲဒီလို အလုပ်မျိုးရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အမြဲလေ့လာပြီး လိုအပ်တာတွေကို လေ့လာ ဖြည့်ဆည်းနေဖို့ပါဘဲ။
ကြံကြိတ်စက်လို အလုပ်မျိုးမှာ အတွေ့အကြုံယူ၊ သူဌေးရဲ့ တယောလို အလုပ်မျိုးကနေ အိုစာမင်းစာ စုဆောင်းပြီး ကမ္ဘာကျော်မယ့် လူငယ်ရဲ့ တယောနဲ့ တူတဲ့ အလုပ်မျိုးကို ရှာလုပ်နိုင်ရင် ကောင်းမှာဘဲလို့ စဉ်းစားမိပါတယ်။
ဆရာသုတ
JOB seekers Journal
Discussion about this post