တစ်ချိန်က နာမည်ကြီးခဲ့တဲ့ TITANIC သင်္ဘောကြီးနစ်မြုပ်ခြင်းမှာ လူသိနည်းတဲ့ နောက်ကွယ်ကအကြောင်းရင်းလေးတွေပါ…။
၂၀ရာစုနှစ်စောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အရမ်းကိုကျော်ကြားတဲ့အမှုအခင်းတစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ တလောက စိတ်ကူးပေါ်လာမိပါတယ်..။ ထိုအကြောင်းအရာကတော့ တိုက်တန်းနစ်ပါပဲ။ တိုက်တန်းနစ်သင်္ဘောကြီး ဘာကြောင့်မြုပ်နစ်သွားရတာလဲ။ ကမ္ဘာမှာအခမ်းနား အကြီးကျယ်ဆုံးဖြစ်တဲ့ ခရီးသည်တင်ယာဉ်သင်္ဘောကြီးတိုက်တန်းနစ်ဟာ ဘာအကြောင်းကြောင့် ပင်လယ်အောက်ကို ပထမဆုံးခရီးမှာတင် စုံးစုံးမြုပ်ခဲ့ရတာလဲဆိုတာကို သေသေချာချာဆန်းစစ်ကြည့်ကြပါစို့ ။
Thomas andrews ဟာ ဒီသင်္ဘောကြီးရဲ့ ဒီဇိုင်နာဖြစ်ပါတယ်..။၁၉၀၆ခုနှစ်မှာ ဒီသင်္ဘောကြီးကို စတင်တည်ဆောက်ခဲ့ပါတယ်။ အိုင်ယာလန်ပြည်နယ်ဆိပ်ကမ်းမှာပါ။ ၁၉၀၉ခုနှစ် မတ်လ၃၁ရက်မှာလုံးဝပြီးစီးသွားတဲ့ အတွက်ကြောင့် လူအင်အား၃၀၀၀ကျော်သုံးပြီး ၃နှစ်ကြာကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ထုထည်အရရော၊ အရည်အသွေးအရရော အရမ်းကိုကြီးမားကောင်းမွန်ပြီး အရမ်းကိုယုံကြည်စိတ်ချရတဲ့ သင်္ဘောတစ်ခုအဖြစ်မှတ်ယူထားပါတယ်။ သင်္ဘောကြီးကို အရည်အသွေးအကောင်းဆုံးစတီးတွေနှင့် ဆောက်လုပ်ထားတာဖြစ်ပြီး ထိုခေတ်ကဒေါ်လာ၇.၅သန်း (ယခုဒေါ်လာသန်း၁၀၀ကျော်)တန်ဖိုးရှိပါတယ် ။
ဒါဟာသမိုင်းကြောင်းကိုခေတ္တကြည့်ရှုတာပါ။ တိုက်တန်းနစ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာကြီးဖြတ်ပြီး လူ ၂၂၀၀ကျော်ကို တင်ဆောင်ကာ ဆောက်သမ်တမ် မှ နယူးယောက်စီးတီးကို ၁၉၁၂ခုနှစ်ဧပြီ လဆန်းပိုင်းမှာ ထွက်ခွာလာခဲ့ပါတယ်။ အဆင့်မြင်တဲ့ဝန်ဆောင်မှု၊ ထုထည်နှင့် ကြီးကျယ်ခမ်းနားမှုတို့ဟာ လူဆင်းရဲတွေအတွက် နေရာမပေးခဲ့ပါဘူး။ လူကုံထံများနှင့် နိုင်ငံရေးဆိုင်ရာအကြီးအကဲများတို့ကို တင်ဆောင်ကာ ထွက်ခွာလာခဲ့ပါတယ်။
ခရီးသည်ဟာ သင်္ဘောနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာကိုမှ သံသယဆိုတာမျိုးမရှိဘဲ သူတို့ကိုယ်ပိုင်အခန်းထဲမှာ အရမ်းကိုဇိမ်ကျကျနဲ့ လိုက်ပါလာခဲ့ပါတယ်။ သင်္ဘောကုန်းပတ်ရဲ့ အောက်ဘက်မှာကတော့ အင်ဂျင်နီယာတို့ရဲ့ နေရာဖြစ်ပြီး ခရီးသည်အခန်းတွေကို ရေနွေးပေးရန်အတွက် ကျောက်မီးသွေးကန်တွေနဲ့ အလုပ်လုပ်နေတာပါ။ သူတို့ အလုပ်လုပ်ရာနေရာဟာ သင်္ဘောကုန်းပတ်ရဲ့ ငါးခန်းမြောက်အခန်းဖြစ်ပါတယ်။
၁၉၁၂ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ၅နာရီမှာတော့ တိုက်တန်းနစ်သင်္ဘောကြီးဟာ တစ်နာရီကို ၂၁မိုင်နှုန်းနဲ့ ခုတ်မောင်းနေတာပါ။ အတ္တလန္တိတ် သမုဒ္ဒရာထဲကိုဝင်လာသည်မှာ အရမ်းကိုနက်နဲလာပြီဖြစ်ပါတယ်။ အရမ်းအေးလှတဲ့ ရာသီဥတုကြောင့် သမုဒ္ဒရာရေတွေဟာ ရေခဲတစ်မျှကို အေးစက်နေပါတယ်။ ရေခဲစလက်လက်လေးတွေတောင် ရေပြင်ပေါ်မှာ ပေါလောပေါ်နေတာကို မြင်နေနိုင်ပါတယ်။ ဒါပေမယ့် ခရီးသည်တွေဟာ နောက်နာရီပိုင်းအတွင်းမှာကြုံတွေ့ရမယ့် ကပ်ဘေးကြီးကို တွေးတောင်မတွေးမိဘဲ ပါတီပွဲတွေ ကျင်းပနေကြပါတယ်။
ဒီအချိန်မှာ သတင်းပိုင်းဆိုင်ရာရယူတဲ့ ကြေးနန်းပညာရှင်ဂျွန်ဖီးလစ်ကတော့ ကြေးနန်းစက်တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတော့တယ်။ ထိုစဉ်မှာ မလှမ်းမကမ်းမှာ ခုတ်မောင်းနေတဲ့ မီးသင်္ဘောဆီမှ သတင်းတစ်ခုက နားကြပ်ထဲကို ဝင်ရောက်လာပါတယ်။ သို့ပေမယ့် ရာသီဥတုကဆိုးရွားနေတာကြောင့် ဘာကိုမှ သဲကွဲစွာမကြားရဘဲ ရေဒီယိုပြတ်ရွေ့လှိုင်းသံ ဗြီးခနဲပဲကြားရတဲ့အတွက်ကြောင့် နားကြပ်းကိုဆွဲချွတ်လိုက်ရပါတယ်။ ထို့နောက် ကြေးနန်းစက်နဲ့ ဆက်လက်အလုပ်ရှုပ်နေပါတော့တယ်။
ရာသီဥတုက ပိုဆိုးရွားလာတာကြောင့် ကနေဒါမှ ကာလီဖိုးနီးယားကိုသွားတဲ့လမ်းမှာကြုံရတဲ့ လမ်းဆုံလမ်းခွကို တိုက်တန်းနစ်သင်္ဘောကြီး ရောက်လာခဲ့ပါပြီ။ တောင်လမ်းနှင့်မြောက်လမ်း၂ခုမှာ တောင်လမ်းသည် ဝေးပြီးလမ်းပိုကောင်းပါသည်။ မြောက်လမ်းကတော့ ခရီးနီးပြီး လမ်းအတန်ငယ်ကြမ်းသောကြောင့် Captain Edward Smith ဟာ တောင်လမ်းကို ရွေးချယ်ခဲ့ပါတယ်။
သမုဒ္ဒရာကြီးမှာလေငြိမ်နေပြီး တိတ်ဆိတ်နေတဲ့တွက်ကြောင့် ကပတိန် စမစ်ဟာ အရာရာပုံမှန်ပဲလို့ ယူဆပြီး ၈နာရီနှင့် အိပ်ရာဝင်ခဲ့ပါတယ်။ သင်္ဘောဝမ်းတွင်းမှာတော့ အင်ဂျင်နီယာတွေဟာ ငါးခန်းမြောက်အခန်းမှာ ခရီးသည်တွေ အေးချမ်းလှတဲ့ရာသီမှာ ရေပူသုံးနိုင်ဖို့ ကျောက်မီးသွေးကန်တွေကို အပူပေးလျက်ပေါ့။
ဒီလိုနဲ့ပဲ ဆယ်နာရီကျော်လာခဲ့တဲ့အခါမှာတော့ ကံကြမ္မာဆိုးကြီးဟာ စတင်လာခဲ့ပါပြီ။ သမုဒ္ဒရာ ရေပြင်ကြီးက ငြိမ်သက်ဆဲပါပဲ။ လမိုက်ညဖြစ်တဲ့အတွက်ကြောင့် တိမ်ညိုတိမ်မဲတွေက ကောင်းကင်မှာ အပြည့်ပါပဲ။ ဒီချိန်မှာ သင်္ဘောခေါင်းပိုင်းမှာ အရက်သောက်ရင်း အအေးဒဏ်ကိုအံတုပြီး ပတ်ဝန်းကျင် အကဲခတ်ရသူ သင်္ဘောစောင့်နှစ်ယောက်ကတော့ တာဝန်ကျေပွန်စွာ တချက်မှမငိုက်မြည်းပဲ နေကြပါတယ်။
သူတို့ဟာ အမှောင်ထဲမှာ တလက်လက်ထနေတဲ့အရာတစ်ခုကို မျက်စိရှေ့တည့်တည်မှာ မြင်နေရပါတယ်။ ဒါပေမယ့်သူတို့ဟာ ဘာမှန်းမခွဲခြားနိုင်ကြပါဘူး။ လမိုက်ညနှင့် ပတ်ဝန်းကျင် အေးခဲမှုက အမြင်အာရုံကိုမှုန်ဝါးစေနေပါတယ်။ သူတို့က သောကြာကြယ်လက်နေတယ်လို့ပဲ ဲယူဆကြပါတယ်။ အေးဆေးနေကြတာပေါ့။ သို့ပေမယ့် နောက်ဆယ်မိနစ်ခန်းအကြာမှာတော့ သူတို့စီးနင်းနေတဲ့ တိုက်တန်းနစ် သင်္ဘောကြီးထက် ၃ဆလောက်ပိုမိုထုကြီးတဲ့ ရေခဲတောင်ကြီးဟာ အမှောင်ထုထဲမှ ဘွားခနဲပေါ်လာပါပြီ။ သူတို့နှစ်ဦးလည်း အသက်ရှုရပ်မတတ် အံ့သြသွားကာ သင်္ဘောစက်ခေါင်းထဲရှိ သင်္ဘောသားတွေကို နှိုးပါတော့တယ်။
စမစ်ဟာလည်း ချက်ချင်းပဲ ထလာပါတော့တယ်။ ရေခဲတောင်ကြီးဟာ သူတို့နှင့် ဘယ်လောက်မှကို မကွာတော့ပါဘူး။ တနာရီ ၂၁မိုင်အရှိန်နဲ့ တည့်တည့်သာ ဝင်ဆောင့်လိုက်လျှင် ပြောစရာမရှိအောင် တစ်စီပျက်စီးသွားမှာသေချာပါတယ်။ ကပ္ပတိန်စမစ် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချခဲ့ပါတယ်။ ညာဘက်သို့ မလှည့်ပဲဘယ်ဘက်သို့ ချက်ချင်းလှည့်ရှောင်ရန် အမိန်ပေးခဲ့ပါတယ်။ ပဲကိုင်သူကလည်း ချက်ချင်းလှုပ်ရှားပါတော့တယ်။
သင်္ဘောကြီးဟာ တဖြည်းဖြည်း ရေခဲတောင်ကြီးနှင့် နီးကပ်လာလေ သင်္ဘောစက်ခေါင်းထဲကလူတွေ ပြာယာခတ်ကာ jesus ကိုတကြ၊ မျက်စိမျက်နှာတွေပျက်ကြပါတော့တယ်။ ခရီးသည်တွေကတော့ ဘာမျှမသိကြပါဘူး။ နှစ်ခြိုက်စွာအိပ်မောကျနေကြပါတယ်။ တစ်နာရီကို ၂၁.၅မိုင်နှုန်းနဲ့ ရေခဲတောင်ကြီး၏ ဘယ်ဘက်သို့ ရွေ့နေခဲ့ပေမယ့် အသိနောက်ကျခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးမှာမလွတ်ခဲ့ဘဲ သင်္ဘောကြီးရဲ့ ညာဘက်ခြမ်းနှင့် ရေခဲတောင်ကြီးကို ပွတ်ဆွဲသွားပါတော့တယ်။
ထိုအခါမှ ကပ္ပတိန် စမစ်လဲ သက်ပြင်းချနိုင်ပြီး သင်္ဘောသားများလည်း လက်ဝါးချင်းရိုက်ကာ ပျော်ရွှင်စွာအော်ဟစ်လိုက်ကြပါတယ်။ ခရီးသည်များတော့ အတန်ငယ် လှုပ်ခတ်သွားတာကိုတော့ သတိထားမိလိုက်ပြီး ပြန်လည်အိပ်ကြပါတော့တယ်။ သို့ပေမယ့် တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ညာဘက်ဝမ်းပိုင်းအခြမ်းမှာ ၁၂ပေ ပတ်လည် အပေါက်ကြီး ၆ပေါက် ဖြစ်သွားတာကတော့ သတိမထားမိကြပါဘူး။ ချက်ချင်းပဲ ထိုအပေါက်တွေထဲကို ရေလုံးတွေလိမ့်ဝင်လာတာကို ထင်းထင်းကြီးမြင်နေရတာတော့ သင်္ဘောဝမ်းခန်းထဲက အင်ဂျင်နီယာတွေပါ။ (အစပထမတုန်းက ရေခဲတောင်တိုက်မိတာကြောင့် ပေါက်သွားတဲ့ အပေါက်ကြီးဟာ မီတာ ၉၀ (ပေ ၃၀၀ကျော်) တောင်ရှိတယ်လို့ ဆိုကြပေမယ့် သင်္ဘောပျက်ကို လက်တွေ့တွေ့ရှိပြီးတဲ့အချိန်မှာတော့ ၁၂ပေ ပတ်လည် အပေါက် ၆ပေါက်သာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်)
ထိုရေတွေဟာ သင်္ဘောထဲကို ဆယ်မိနစ် ၁၄ ပေအနက်နှုန်းနဲ့ကိုဝင်လာတာပါ။ အင်ဂျင်နီယာခေါင်းဆောင် လူစီးယန်နဲ့ သူ့အင်ဂျင်နီယာတွေဟာ ချက်ချင်းကို ရေစုပ်စက်တွေနဲ့ ရေတွေကိုသင်္ဘောပြင်ဘက်သို့ ထုတ်နေရပါတယ်။ နာရီဝက်ကြာလ့ို စမစ်သင်္ဘောအောက်ခန်းထဲကို ဆင်းလာတော့ သင်္ဘောကြီးရဲ့ ခန်းငါးခန်းဟာ ရေအောက်သို့စုံးစုံးမြုပ်သွားခဲ့ပြီးဖြစ်ပါတယ်။ စမစ်အချိန်နာရီဝက်တွင်းမှာ ဒီလို အခန်းငါးခန်းလုံးမြုပ်သွားရတာကို ဘယ်လိုမှမယုံနိုင်ဖြစ်ရပါတယ်။ ဒီတိုင်းသာဆိုရင် နောက်၂နာရီ အတွင်းမှာ အေးစက်လှတဲ့ အတ္တလန္တိတ်ထဲကိုထိုးဆင်းတော့မှာဖြစ်ပါတယ်။
ယခုအချိန်မှာ ၁၂နာရီရှိနေပါပြီ။ ၂နာရီထိုးလျှင် တိုက်တန်းနစ်ရေအောက်ရောက်ပါပြီ။ စမစ်လဲပြာယာခတ်ရပါပြီ။ မလှမ်းမကမ်းမှာ ခုတ်နှင်နေတဲ့ ကာလီဖိုးနီးယားမီးသင်္ဘောကြီးကို လှမ်းအကူအညီတောင်းဖို့ ဂျွန်ဖီးလစ် ကို မှာကြားရပါတော့တယ်။ ကြေးနန်းပညာရှင်ဂျွန်ဖီးလစ်မှာ အကူအညီလှမ်းယူရန် အကြောင်းကြားသော်လည်း မီးသင်္ဘောမှာ တိုက်တန်းနစ်နှင့် ၈၈မိုင်အကွာမှာရှိနေပါတယ်။ ထို့ကြောင့် လာရောက်ကယ်ဆယ်လျှင် အနည်းဆုံးလေးနာရီတော့ကြာမြင့်မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။
စမစ်မှာ သင်္ဘောတစ်ခုလုံး လိုက်လံကြေညာပြီး ခရီးသည်တွေကို အသက်ကယ်ယာဉ်နှင့် အောက်သို့ ချပေးရပါတော့တယ်။ နာရီဝက်ထပ်ကြာတော့ သင်္ဘောရဲ့ ဒုတိယနဲ့ တတိယထပ်ထဲကို ရေတွေအလုံးလိုက်ဝင်လာတာကြောင့် ထိုအထပ်မှ ခရီးသည်များ အပေါ်ဆုံးထပ်သို့ ပြေးတက်ကြပါတော့တယ်။ ၂၂၀၀သော လူတွေကို တင်ဆောင်ဖို့ အသက်ကယ်ယာဉ်အလုံအလောက်မပါလာခဲ့ပါ။ ကပ္ပတိန်က မိမိ၏ တိုက်တန်းနစ် သင်္ဘောကြီးကို ယုံကြည်မှုပိုကဲလွန်းသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်္ဘောအပေါ်ဆုံးထပ်မှာ ခရီးသည်ထောင့်ငါးရာ၏ ပွက်လောရိုက်အောင် ဆူညံသံတို့နှင့် ကမ္ဘာပျက်သလိုရှိနေပါတယ်။
အသက်ကယ်သင်္ဘောများမလုံလောက်သောကြောင့် အမျိုးသမီးနှင့်ကလေးများသာ ယာဉ်ပေါ်သို့ လိုက်ပါခွင့်ပေးပြီး ယောကျ်ားသားများကတော့ ဇနီးသည်နှင့် ကလေးတို့၏ မျက်နှာကိုအားရအောင်ပင် မကြည့်လိုက်ရဘဲ ကျန်ခဲ့ရပါတယ်။ အမျိုးသမီးများမှာလည်း သူတို့၏ခင်ပွန်းသည်နှင့် ခွဲခွာရချိန်မှာ သူ့သားလေးကို “ဖေဖေ့ကို ဘိုင့်ဘိုင်လို့ ပြောလိုက်လေ” ဟုသာ ပြောနိုင်ပြီး သင်္ဘောကြီးအောက်သို့ မျက်ရည်တွေနှင့် ဆင်းခဲ့ရပါတော့တယ်။
၁နာရီကျော်သွားတော့ အသက်ကယ်လှေတွေလဲ ကုန်သွားပြီး ယောကျ်ားသားများ၊ အဘိုးအဘွားများ၊ ကပ္ပတိန်အဖွဲသားများ၊ သင်္ဘောစောင့်များ ဘုရားတရားကိုတပြီး သူတို့သင်္ဘောကြီးမြုပ်နစ်မယ့် ဘဝရဲ့ နောက်ဆုံးအချိန်ကို မျက်လုံးမှတ်ပြီး နေရပါတော့တယ်။ အမျိုးသမီးနှင့်ကလေးများအားလုံးလည်း လိုက်ပါမသွားနိုင်ခဲ့ပါ။ အသက်ကယ်လှေမှာ အရမ်းကို နည်းနေပါတယ်။ ကံကြမ္မာဆိုးကြီးက ၁နာရီ မိနစ်လေးဆယ်မှာ လျှပ်စစ်မီးတွေကိုဖြတ်ပစ်လိုက်ပါပြီ။
တိုက်တန်းတစ်သင်္ဘောကြီးမှာ ဦးပိုင်းမှာ နစ်ပြီး ပဲပိုင်းဘက်သို့ ထောင်တက်သွားသောကြောင့် သင်္ဘောပေါ်မှလူများ အထက်သို့ ပြေးတက်ကြပါတော့တယ်။ သို့သော်လည်း ထောင်မတ်လွန်းသေကြောင့် မလှမပပြုတ်ကျပြီး သေဆုံးကြပါတော့တယ်။ စမစ် ခန့်မှန်းထားသလိုပါပဲ။ သင်္ဘောကြီးဟာ၂နာရီတွင်းမှာပဲ အမျိုးကောင်းသားသမီးများ လူကုံထံများ၊ မင်းမျိုးမင်းနွယ်ပေါင်းများစွာကို အေးစက်လှတဲ့ အတ္တလန္တိတ်သမုဒ္ဒရာအောက်သို့ ဆွဲခေါ်သွားပါတော့တယ်။
ကျန်ရှိနေခဲ့တဲ့ အသက်ကယ်လှေပေါ်က ခရီးသည်များမှာလည်း ရာသီဥတုဒဏ်ကြောင့် တဖြုတ်ဖြုတ်ရေထဲသို့ ပြုတ်ကျပြီးသေပွဲဝင်ကြရပါတယ်။ မနက်၅နာရီမှာတော့ Carpathia မီးသင်္ဘောကြီးဆိုက်ရောက်လာပြီး အသက်ကယ်လှေများပေါ်မှ လူ ၇၀၀ ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်..။ စုစုပေါင်း လူဦးရေ ၂၂၀၀ကျော်မှာ ၁၅၀၀ကျော် သေဆုံးပြီး ၇၀၀ ခန့်သာ အသက်ရှင်ခဲ့ပါတယ်။ တိုက်တန်းနစ်နဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီတွေအများကြီးရှိပါတယ်။ ဇာတ်ကားထဲကတော့ အကျော်ကြားဆုံးပေါ့…………..။
ဒီအထိသည်းခံပြီး ဖတ်ပေးတဲ့စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့မှာပါ..ဆက်လက်ပြီးတော့ နစ်မြုပ်ရတဲ့အကြောင်းအရင်းတွေကို ပြောပြပါတော့မယ်။
ပထမဆုံးအချက်ကိုတော့ ဘယ်သူ့ကိုစရမလဲဆိုရင်.. သင်္ဘောစောင့်နှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မလှမ်းမကမ်းမှာတင်ရှိနေတဲ့ ရေခဲဆောင်ကို လှမ်းမမြင်နိုင်ခဲ့ပါဘူး။ အရက်ရှိန်ကြောင့်လား ဆိုတော့လည်းမဟုတ်ပါ။ သူတို့မှာ သင်္ဘောစောင့်တိုင်း ကိုင်ဆောင်ကြတဲ့ မှန်ပြောင်းအဘယ်ကြောင့်မပါရတာပါလဲ?
ပတ်ဝန်းကျင်အကဲခတ်တဲ့ သင်္ဘောစောင့်တိုင်းဟာ ပင်လယ်ပြင်ကိုဖြတ်ကြည့်ရာမှာ အဝေးကြည့်မှန်ပြောင်းမပါရင် အလွယ်တကူမမြင်နိုင်ကြတာသဘာဝပါ။ ထိုရက် လကလည်း မထွက်ဘူး၊ ပတ်ဝန်းကျင်ကလေအေးတွေကလဲ မျက်လုံးထဲကို တဖျတ်ဖျတ်တိုက်နေမယ်။ သူတို့ မျက်လုံးမြင်နိုင်စွမ်းအားကို တိုက်ခိုက်တဲ့အရာတွေ အများကြီးရှိနေပါတယ်။ သူတို့ ဘာကြောင့် မှန်ပြောင်းမသုံးကြသလဲ။ သူတို့သာ ရေခဲတောင်ကို ကြယ်လို့ မထင်မှတ်ခဲ့ရင်၊ စောစီးစွာ ရေခဲတောင်ရှိမှန်းကြိုသိခဲ့ရင် သင်္ဘောကြီး လွတ်မှာပါ။ သေချာပါတယ်။
သူတို့ကိုချည်းအပြစ်တင်လို့လည်း မရပြန်ဘူးဗျ။ ဒုတိယအချက်ကတော့ ကြေးနန်းပညာရှင် ဂျွန်ဖီးလစ်ပါ။ အမှန်တကယ်တော့ ကာလီဖိုးနီးယားမီးသင်္ဘောကြီးက ရေခဲတောင်ရှိကြောင်း သတင်းပို့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာရေဒီယိုလှိုင်းသံ (ဗြီးဆိုသောအသံ)ကြောင့် နားကြပ်ကိုချွတ်ပစ်လိုက်ပြီး သတင်းကိုပြန်လည်နားထောင်ခြင်းမရှိဘဲ သူလုပ်ချင်တာသာ လုပ်နေခဲ့ပါတယ်။ သူသာသတင်းကိုလက်ခံရရှိခဲ့လျှင် ရေခဲတောင်နှင့်ဝေးရာ မြောက်ဘက်လမ်းသို့ စောစီးစွာသွားနိုင်မှာ သေချာပါတယ်။
တတိယအနေနဲ့ကတော့ အခန်း ၄နဲ့ ၅ မှာရှိတဲ့ ကျောက်မီးသွေးတွင်းတွေပါ။ ထိုတွင်းတွေထဲကထွက်လာတဲ့ အပူပမာဏတွေဟာ အခန်းနံရံ တွေကို ကြွပ်ဆတ်စေပါတယ်။ ကျောက်မီးသွေးတွင်းတွေသာမရှိရင် နာရီဝက်အတွင်းမှာ ငါးခန်းလုံး ရေလျှံသွားစရာအကြောင်း မရှိပါဘူး။ ကပ္ပတိန်စမစ် အံ့သြရဆုံးအဖြစ်အပျက်တစ်ခုလဲ ဖြစ်ပါတယ်။ လူစီယန်နဲ့အင်ဂျင်နီယာတွေကို ဝါးမြိုပစ်တဲ့အချက်လဲဖြစ်ပါတယ်။ ထိုတွင်းတွေသာမရှိလျှင် နာရီဝက်မှာ ရှေ့ခန်း၃ခန်းသာမြုပ်မည်ဖြစ်ပြီး ရေစုပ်စက်နဲ့ နိုင်နင်းစွာ ထုတ်နိုင်ပြီး ကာလီဖိုးနီးယားမီးသင်္ဘောကို စောင့်ဆိုင်းနိုင်ကောင်းပါတယ်။
နောက်ဆုံးအချက်ကတော့ သံကြွပ်မှိုတွေပါပဲ။ သင်္ဘောကိုတည်ဆောက်ရာမှာ အိုင်ယာလန် ဆိပ်ကမ်းမှာဆောက်ခဲ့တာကြောင့် သင်္ဘောတစ်ခြမ်းကကမ်းပေါ်မှာဖြစ်ပြီး တစ်ခြမ်းကတော့ ပင်လယ်ရေစပ်မှာရှိနေတာပါ။ ကမ်းပေါ်တင်နေတာကတော့ ပဲ့ပိုင်းပါ။ ရေဘက်ကို ရောက်နေတာကတော့ ဦးပိုင်းဖြစ်ပါတယ်။ ဦးပိုင်းနဲ့ ပဲ့ပိုင်းကိုတည်ဆောက်ရာမှာ အင်ဂျင်နီယာတွေကအဖွဲ့ ၂ဖွဲခွဲပြီး တည်ဆောက်ခဲ့ပါတယ်။ ဦးပိုင်းတစ်ဖွဲ့ ပဲ့ပိုင်းတစ်ဖွဲ့ပါ။
လိုရင်းက သင်္ဘောရဲ့ ပဲ့ပိုင်းကိုတော့ အင်ဂျင်နီယာတွေက တည်ဆောက်ရာမှာစတီးနဲ့ ပြုလုပ်ထားတဲ့ မှိုတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ သင်္ဘောဦးပိုင်းကို တည်ဆောက်တဲ့ အင်ဂျင်နီယာတွေကတော့ သံကြွပ်မှိုတွေနဲ့ တွယ်ဆက်တည်ဆောက်ခဲ့ပါတယ်။ ထိုသံကြွပ်မှိုဆိုတာ သာမာန်သံတွေနှင့် ချော်ရည်တွေကို ရောပြီး ပြုလုပ်ထားတာပါ။ ထိုသံမှိုတွေဟာလည်း တိုက်တန်းနစ်ကြီး မြုပ်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။
သံကြွပ်မှိုတွေဟာ ပေါင် ၄၀၀၀ကနေ ၄၀၀၀၀အတွင်းဖိအားကို ခံနိုင်ရည်ပါတယ်။ ရေခဲတောင်နှင့် အရှိန်နဲ့ပွတ်ဆွဲခြင်းမှာ ပေါင် ၁၄၀၀၀၀ခန့် ဖိအားနဲ့ ဖိခံရပါတယ်။ ဒါကြောင့် သံမှိုတွေဟာလွတ်ထွက်ပြီး ရေတွေဒလဟောဝင်လာစေတဲ့ ၁၂ပေ ပတ်လည် အပေါက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။ ထိုနေရာတွေမှာလဲ စတီးသံမှိုတွေသာသုံးခဲ့ရင် ဒီအပေါက်ကြီး ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သာမာန်ပွန်းပဲ့ရုံလောက်ပဲ ထိခိုက်နိုင်ပါတယ်။ ဒီအပေါက်ကြီးဟာ တိုက်တန်းနစ်မြုပ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်သောကြောင့် သံကြွပ်မှိုတွေဟာ အဓိကတရားခံပဲ ဖြစ်ပါတော့တယ်။
သိရှိထားသမျှအကြောင်းတို့ကို တင်ပြလိုက်ပါတယ်။ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ အထက်ပါအကြောင်းအရင်းတွေကို သိပ္ပံပညာရှင်ပန်ဒိုရာက ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
Via : Express Time
Discussion about this post