အတ္တလန္တိတ်သမုဒ္ဒရာရေပြင်အောက်မှာ (၁၉၁၂)ခုနှစ် ဧပြီလ(၁၅)ရက်နေ့ကနစ်မြုပ်ခဲ့ရတဲ့ ကမ္ဘာကျော်တိုက်တန်းနစ် သင်္ဘောဆိုရင်တော့ မသိသူမရှိသလောက်ပါပဲ။ ခရီးသည် (၁၅၀၀)ကျော်သေဆုံးခဲ့ရပြီး လူ(၇၀၅)ယောက်ကိုသာကယ်တင်နိုင်ခဲ့တဲ့ယင်းဇိမ်ခံသ ဘောၤကြီးနစ်မြုပ်မှုဟာ ကမ္ဘာရေကြောင်းသမိုင်းမှာအဆိုးဆုံးသောဖြစ်စဉ်တွေအနက်က တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ နစ်မြုပ်မှုဖြစ်စဉ်အတွင်း လှိုင်းလေငြိမ်သက်နေခဲ့ပြီး သေဆုံးရသူအများစုဟာ အသက်ကယ်လှေအလုံအလောက်မရှိတဲ့ အချက်ကြောင့် သေဆုံးမှုပမာဏ အလွန်များပြားခဲ့တာဖြစ်ပါတယ်။
ဒီအရေးနဲ့စပ်လျဉ်းပြီးအမေရိကန်ဥပဒေ ပြုလွှတ်တော်က နိုင်ငံတွင်းမှာရှိတဲ့ခရီးသည်တင်ဇိမ်ခံသင်္ဘောတွေမှာ အသက်ကယ် လှေလုံလုံလောက်လောက်ထားရှိဖို့အထိ ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါ တယ်။ ပညာရှင်အချို့ကတော့ ခရီးသည်တင်သင်္ဘောတွေမှာပါဝင်တဲ့ လူဦးရေအတွက် လုံလောက်တဲ့အသက်ကယ်လှေတွေဟာ သင်္ဘောရဲ့ခံနိုင်ဝန်အားထက်ပိုမိုကျော်လွန်ခဲ့ ရင် အန္တရာယ်ဖြစ်နိုင်ကြောင်းထောက်ပြခဲ့ပါတယ်။
ပညာရှင်များထောက်ပြရခြင်းကတော့ အထူးသဖြင့်သင်္ဘောရဲ့ဝမ်းအတွင်းမှာမဟုတ်ပဲ သင်္ဘောရဲ့ဘေးဘက်တွေမှာထားရှိတဲ့ အရေအတွက်များစွာသော သက်ကယ်လှေတွေဟာ လှိုင်းဒဏ်ကြောင့် (ဒါမှမဟုတ်) အခြေအနေတစ်ခုကြောင့် သက်ဆိုင်ရာရေယာဉ်လူးလိမ့်သွားခဲ့ရင်တော့ သင်္ဘောရဲ့တစ် ဖက်တစ်ချက်စီက မညီမျှတဲ့အနေအထားအရ သင်္ဘောစောင်းပြီးနစ်မြုပ်သွားနိုင်တဲ့ အနေအထားရှိနေခဲ့လို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ကတော့ အသက်ကယ်လှေ လုံလောက်စွာထားရေး ဥပဒေကို အတည်ပြုခဲ့ပါတယ်။
ဒီလိုအသက်ကယ်လှေတွေ များပြားစွာထားတာဟာ အလွန်ကြီးမားတဲ့ ဇိမ်ခံသင်္ဘောကြီးတွေအတွက် အဆင်ပြေပေမယ့် ပုံမှန် ခရီးသွား သင်္ဘောတွေအတွက်ကတော့ နေရာယူလွန်းသလို ပိုမိုလေးလံတဲ့ဝန်ကို သယ်ဆောင်ထားရသလိုဖြစ်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ ခရီးသွား သင်္ဘောကြီးတစ်စင်း နစ်မြုပ်ခဲ့ရပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။
ဒီသင်္ဘောရဲ့အမည်က SS Eastland ဖြစ်ပါတယ်။ SS Eastland ဟာ အမေရိကန်ပြည်ထောင်စု Chicago အခြေစိုက် ခရီးသည်တင်သင်္ဘောတစ်စင်းဖြစ်ပြီး သူရဲ့မူလပိုင်ရှင်ကတော့ Michigan Steamship Company ဖြစ်ပါတယ်။ မြောက်အမေရိကတိုက် အရှေအလယ်ပိုင်း(တစ်နည်းအားဖြင့်) ကနေဒါနဲ့ အမေရိကန်နယ်စပ်က Great Lakes ဒေသကိုပြေးဆွဲတဲ့ယင်းသင်္ဘောဟာ သူရဲ့မြင့်မားတဲ့အမြန်နှုန်းကြောင့် Speed Queen of the Great Lakes အဖြစ်နာမည်ကျော်ကြားခဲ့ပါတယ်။
SS Eastland ဟာ ရေနွေးငွေ့အားသုံးရေယာဉ်ဖြစ်ပြီး (၂၆၅)ပေအရှည်ရှိကာ အနံ (၃၈) ပေနဲ့ (၂)လက်မအရွယ်အစားရှိပါတယ်။ အမြန်နှုန်းအဖြစ် တစ်နာရီကိုရေမိုင်(၁၆.၅)မိုင် အထိသွားနိုင်ပြီးခရီးသည် (၂၇၅၂)ယောက်အထိတင်ဆောင်ခွင့်ပြုထားတဲ့ သင်္ဘောဖြစ်ပါတယ်။ (၁၉၁၅)ခုနှစ်၊ဇူလိုင်လ (၂၄)ရက်နေ့မှာတော့ SS Eastlandဟာချီကာဂိုမြစ် အတွင်းမှာရှိတဲ့ Clark Street တံတားမှာရပ်နားခါနီးမှာ အခြေအနေတစ်ရပ်ကြောင့် သင်္ဘောဟာတစ်ဖက်ကိုစောင်းသွားခဲ့ပါတယ်။ သင်္ဘောဝန်ထမ်းတွေဟာ ဒီလိုတစ်ဖက်စောင်းသွားမှုကို ညီအောင်ကြိုးစားပေမယ့်လည်း လူအုပ်ရဲ့ပြိုဆင်းလာတဲ့ အလေးချိန်ကို မခံနိုင်တဲ့ သင်္ဘောဟာ မြန်ဆန်စွာပဲ ဘေးတစောင်း မှောက်သွားခဲ့ပါတယ်။
ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအချက်ကတော့ သင်္ဘောရဲ့ အပေါ်ထပ်နဲ့ ဘေးတစ်ဖက်စီမှာပါဝင်တဲ့ များပြားလှတဲ့သက်ကယ်လှေတွေ အလေးချိန် မညီမျှမှုကြောင့်ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ ခရီးသွားအများစုဟာ ရှီကာဂိုမြစ်အတွင်းကို ပြုတ်ကျသွားခဲ့သလို သင်္ဘောပေါ်က စားပွဲခုံ ၊ စာအုပ်စင်စတဲ့ ပရိဘောဂပစ္စည်းတွေရဲ့ ထပ်မံပိခြင်းကိုလည်းခံကြရပါတယ်။ ဒီမတော်တဆဖြစ်ရပ်ကြောင့် SS Eastland နဲ့အတူလိုက်ပါလာတဲ့ ခရီးသည် (၂၅၀၀) လောက်မှာ (၈၄၄)ယောက်အထိ ရှီကာဂိုမြစ်အတွင်းမှာ အသက်သေဆုံးခဲ့ရပါတယ်။
သင်္ဘောပေါ်မှာစီးနင်းလာသူခရီးသည်တွေရဲ့ အများစုဟာ Western Electric ရဲ့အလုပ်သမားတွေမိသားစုဝင်တွေဖြစ်ကြပြီး Lake Michigan ကိုဖြတ်သန်းပြီး Indiana ပြည်နယ်အတွင်းက Michigan မြို့ကိုသွားရောက်ကြမယ့်သူတွေဖြစ်ပါတယ်။ အများစုဟာ အပျော်ခရီးထွက်လာခဲ့သူတွေဖြစ်ကြပေမယ့် အဆုံးသတ်မှာတော့ဝမ်းနည်းစရာနဲ့သာ အဆုံးသတ်ခဲ့ကြရတာဖြစ်ပါတယ်။ ပိုစိတ်မကောင်းစရာဖြစ်ရတာကတော့ သင်္ဘောဟာ ရေနက်တဲ့နေရာမှာ တိမ်းမှောက်နစ်မြုပ်ခဲ့တာမဟုတ်ပဲ ရေအနက်ပေ ၂၀ ရေတိမ်မှာတင် ခုလိုဖြစ်ရပ်နဲ့ ကြုံခဲ့ရခြင်းဖြစ်ပါတယ်။
SS Eastland ကိုပြန်လည်ဖော်ယူပြီးချိန်မှာတော့ အမေရိကန်ရေတပ်ကိုပြန်လည်ရောင်း ချခဲ့ပြီး ပြုပြင်မှုတွေပြုလုပ်အပြီးမှာတော့ USS Wilmette အမည်နဲ့ Gunboat တစ်စီးအဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။ သူမရဲ့တာဝန်ကျရာအရပ်ကလည်း Great Lakes ဒေသစစ်ရေးလေ့ကျင့်မှုတွေအတွက်သာဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ ဖျက်သိမ်းတဲ့စစ်သင်္ဘောစာရင်းမှာပါဝင်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ အမေရိကန်တို့အတွက်တော့ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်တဲ့ သင်ခန်းစာကနေထပ်မံရရှိခဲ့တဲ့ နောက်ထပ်သင်ခန်းစားတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဇိမ်ခံသင်္ဘောတွေမှာ အသက်ကယ်လှေ၊ပစ္စည်းအများအပြားထားမယ့်အစား သင်္ဘော ရဲ့ကြံ့ခိုင်မှုနဲ့ အခြားအရေးပေါ်အသက်ကယ်နည်းဆိုင်ရာနည်းလမ်းတွေကိုထပ်မံကြံဆခဲ့ရတဲ့ အနေအထားဖြစ်သွားခဲ့ရပါတယ်။
Discussion about this post