ဓာတုဒြပ်စင်တမျိုးဖြစ်တဲ့ တိုက်တေနီယမ် Titanium ရဲ့ သင်္ကေတ Ti ဖြစ်ပြီး သူ့ရဲ့အက်တမ်အမှတ်စဉ်ကတော့ ၂၂ ဖြစ်ပါတယ်။ တောက်ပတဲ့ငွေရောင်အဆင်းရှိပြီး သိပ်သည်းဆနည်းကာ မာကြောတဲ့ဒြပ်စင်တမျိုးဖြစ်ပါတယ်။
တိုက်တေနီယမ်ကို ၁၇၉၁ ခုနှစ်မှာ အင်္ဂလိပ်ဘူမိဗေဒပညာရှင် ဝီလျံဂရက်ဂေါက စတင်တွေ့ရှိခဲ့တာဖြစ်ပေမယ့် အမည်ပေးခဲ့သူကတော့ ဂျာမန်ဓာတုဗေဒပညာရှင် မာတင်ဟိုင်းနရစ် ကလက်ဝေါ့သ် ဆိုသူဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီလာ တိုက်တန်နတ်ဘုရားတွေကို အစွဲပြုပြီး တိုက်တေနီယမ် လို့ အမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
တိုက်တေနီယမ်တွေကို သီးသန့်မတွေ့ရှိနိုင်ပဲ အခြားဒြပ်စင်တွေနဲ့ ရောကာ တွေ့ရလေ့ရှိပါတယ်။ အခြားဒြပ်စင်တွေနဲ့ လွယ်ကူစွာ ရောနှောသွားလေ့ရှိတာကြောင့် သန့်စင်တဲ့ တိုက်တေနီယမ် နမူနာပုံစံကိုတော့ ၁၉၁၀ ခုနှစ်တိုင်အောင် သီခြားခွဲထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံး ဒြပ်စင်စာရင်းမှာ နံပါတ် ၉ နေရာမှာ ရှိနေပြီး ကမ္ဘာ့အပေါ်ယံမြေလွှာမှာ တိုက်တေနီယမ် ဝ.၆၃% ခန့် ပါဝင်နေတယ်လို့ သိရပါတယ်။
တိုက်တေနီယမ်ဟာ အလူမီနီယံထက် ၆၀% ခန့် ပိုမိုသိပ်သည်းပြီး အလူမီနီယမ်သတ္တုစပ်များထက် နှစ်ဆ ပိုမိုခိုင်ခံ့ပါတယ်။ သံမဏိကဲ့သို့ မာကြောခိုင်ခံ့ပေမယ့် အလေးချိန်ချင်းနှိုင်းယှဉ်လျှင်တော့ သံမဏိထက် ၄၅% ခန့် ပိုမိုပေါ့ပါး ပါတယ်။ အပူနှင့်လျှပ်ကူးနိုင်စွမ်းနည်းပါးသလို သံလိုက်ဓာတ်သတ္တိလည်း ကင်းမဲ့ပြီး သံချေးတက်ခြင်းကို ခုခံကာကွယ်ပါတယ်။ အရည်ပျော်မှတ် မြင့်မားပြီး ၃၀၀၀ ဒီဂရီဖာရင်ဟိုက်မှာမှ အရည်ပျော်မှာ ဖြစ်ပါတယ်။
တိုက်တေနီယမ်တွေကို အစ်လမင်နိုက် နဲ့ ရူတီး ဆိုတဲ့ တွင်းထွက်ပစ္စည်းရိုင်းနှစ်မျိုး ကနေ အဓိက ထုတ်ယူရရှိပါတယ်။ ဒါတင်မကသေးပဲ တိုင်တေနီဖာရပ် မက်ဂနက်တိုက်၊ တိုင်တင်းနိုက်၊ ပီရော့စကိုက်နဲ့ အခြားတွင်းထွက်ပစ္စည်းရိုင်းတွေမှာလည်း တိုက်တေနီယမ်တွေကို တွေ့ရှိရပါတယ်။ တိုက်တေနီယမ်တွေကို အများဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ တရုတ် ၊ ဂျပန် ၊ ရုရှား ၊ ကာဇက်စတန် ၊ ယူကရိန်း နဲ့ အိန္ဒိယနိုင်ငံတွေ ဖြစ်ပါတယ်။
တိုက်တေနီယမ်တွေကို သံ ၊ အလူမီနီယံတို့အပါအဝင် အခြားဒြပ်စင်တော်တော်များများနဲ့ ရောနှောပြီး ပေါ့ပါးခိုင်မာတဲ့ သတ္တုစပ်တွေကို ပြုလုပ်ကြပါတယ်။ ဒီသတ္တုစပ်တွေကိုတော့ နယ်ပယ်ပေါင်းစုံမှာ အသုံးပြုကြပါတယ်။ ဂျက်လေယာဉ်အင်ဂျင် ၊ ဒုံးကျည် ၊ အာကာသယာဉ်များ တည်ဆောက်ရာတွင်လည်ကောင်း ၊ စစ်ဘက်ဆိုင်ရာ နဲ့ ဓာတု ၊ စက္ကူ စတဲ့ စက်မှုလုပ်ငန်းတွေမှာလည်ကောင်း ၊ မော်တော်ကားများတွင်လည်ကောင်း ၊ စိုက်ပျိုးရေး ၊ ဆေးဘက်ဆိုင်ရာ ၊ မိုဘိုင်းဖုန်း စတဲ့ လုပ်ငန်းများစွာမှာ အသုံးပြုကြပါတယ်။
စစ်အေးကာလအတွင်းကတော့ တိုက်တေနီယမ်တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ စစ်သုံးပစ္စည်းများနှင့် ရေငုပ်သင်္ဘောများတည်ဆောက်ရာတွင်သာမက အခြားစစ်ဘက်ဆိုင်ရာပြင်ဆင်မှုများအတွက်ပါ တိုက်တေနီယမ်သတ္တုတွေကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။ ခိုင်ခံ့မာကြောသလို သံချေးတက်ခြင်းလည်းကင်းတာကြောင့် တိုက်တေနီယမ်တွေကို အနျူမြူစွန့်ပစ်ပစ္စည်းများ သိုလှောင်ရန်အတွက်လည်း အသုံးပြုလေ့ရှိပါတယ်။
Discussion about this post