ပုံမှန်ဆိုရင်တော့ ဆပ်ကပ်အဖွဲ့တွေဟာ တိရစ္ဆာန်အစစ်တွေကိုသာ သုံးပြီးဖျော်ဖြေလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဂျာမန်က ဆပ်ကပ်အဖွဲ့တဖွဲ့ကတော့ အများနဲ့ မတူပဲ Hologram နည်းပညာကို သုံးကာ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Hologram ကတော့ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ 3D ပုံရိပ်နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာကို သုံးစွဲဖျော်ဖြေခဲ့တဲ့ ဆပ်ကပ်အဖွဲ့ကတော့ ဂျာမနီနိုင်ငံ အခြေစိုက် Circus Roncalli အဖွဲ့ပဲ ဖြစ်ပါတယ်။
ဒီဆပ်ကပ်အဖွဲ့ကို ၁၉၇၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ တခြား အဖွဲ့တွေနည်းတူ တိရစ္ဆာန်အစစ်တွေကိုသာ လေ့ကျင့်ပြီး ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ကနေစလို့ တိရစ္ဆာန်တွေ သုံးစွဲမှုကို တဖြည်းဖြည်းလျှော့ချလာခဲ့ပြီး ဒီဘက်နှစ်တွေမှာတော့ နည်းပညာပုံရိပ်တွေကို တိရစ္ဆာန်အစစ်တွေသဖွယ် ပြသကာ ဖျော်ဖြေတင်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလို 3D ပုံရိပ်တွေဖြစ်စေဖို့ ၃၆၀ဒီဂရီ ပတ်ပတ်လည်ကနေ ပရိုဂျက်တာပေါင်း ၁၁ ခုကို သုံးစွဲထားရတယ်လို့ သိရပါတယ်။ ပြေးနေတဲ့ မြင်းများ ၊ ကပြကာ ပုံစံအမျိုးမျိုးလုပ်ပြနေတဲ့ ဆင်ကြီး ၊ စတိတ်ဆင်ရဲ့အလယ်မှာ ရေထဲမှာကူးခတ်နေတဲ့သဏ္ဍာန်နဲ့ ရွှေရောင်ငါး စတဲ့ပြကွက်တွေဟာ တကယ့်အစစ်တွေအတိုင်း ထင်ယောင်မှားစေပါတယ်။ ဒီလိုဖြစ်လာဖို့ ဒီဇိုင်နာ နဲ့ ဆော့ဝဲပညာရှင် ၁၅ယောက်တို့က ပူးပေါင်းဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
တိရစ္ဆာန်ချစ်သူ နဲ့ သဘာဝစောင့်ရှောက်ရေးအဖွဲ့တွေကတော့ ဒီဖျော်ဖြေမှုကို ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန် နဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ တိရစ္ဆာန်တွေကို ယခုလို ဆပ်ကပ်ဖျော်ဖြေမှုတွေအတွက် အသုံးချတာကို တဖြည်းဖြည်းပိတ်ပင်လာခဲ့ပြီးတဲ့နောက်မှာ ဒီလိုလုပ်ရင်လည်း ရတယ်ဆိုတာကို Circus Roncalli အဖွဲ့က ပြသလိုက်တာဖြစ်ပါတယ်။
ဒီလိုနည်းပညာကို အသုံးချခြင်းအားဖြင့် တိရစ္ဆာန်အစစ်တွေကို မမြင်ရတာကလွဲလို့ ထိမ်းသိမ်းစရိတ်အပြင် တိရစ္ဆာန်တွေအား ပင်ပမ်းစေမှုတွေမရှိတော့တာကတော့ ကောင်းကွက်တွေဖြစ်ပါတယ်။ ဒီတိရစ္ဆာန်တွေအပြင် ခြင်္သေ့ ၊ ကျား စတဲ့ အခြားတိရစ္ဆာန်ပေါင်းများစွာကိုလည်း ပြသဖျော်ဖြေသွားနိုင်ဦးမယ်လို့ သိရပါတယ်။ အပြင်မှာ တကယ်ရှိတဲ့ တိရစ္ဆာန်တွေအပြင် ဒဏ္ဍာရီလာ တိရစ္ဆာန်တွေကိုပါ ဒီနည်းပညာနဲ့ ပြသနိုင်ဦးမယ်ဆိုရင်တော့ ကြည့်ရတဲ့ပရိသတ်အတွက် အလွန်အားရစေမှာ ဖြစ်ပါတယ်။
Hologram နည်းပညာကိုတော့ ဟန်ဂေရီဖွား ဗြိတိန်နိုင်ငံသား Dennis Gabor က တီထွင်ခဲ့တာဖြစ်ပြီး သူဟာ ၁၉၇၁ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဒီနည်းပညာကို တိုးတက်အောင်စွမ်းဆောင်ခဲ့သူတွေကတော့ ဆိုဗီယက်ပြည်ထောင်စုက သိပ္ပံပညာရှင် Yuri Denisyuk နဲ့ မီရှီကန်တက္ကသိုလ်က ပါမောက္ခ နဲ့ သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Emmett Leith နဲ့ Juris Upatnieks တို့ပဲဖြစ်ပါတယ်။
Discussion about this post