ရေးသားသူ Myo Min Win
တာအို(တောက်) ဘာသာကို ကျွန်တော်တို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ တရုတ်အတွေးအခေါ်ပညာရှင်ကြီး လောင်ဇူး(လာအိုဇီ (သို့) လောင်ဇီ) က စတင်ဖေါ်ထုတ်ခဲ့တာဖြစ်ပါတယ် ။ လောင်ဇူးဟာ ဘီစီ ၆၀၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အချို့ပညာရှင်တွေက လောင်ဇူး ရဲ့ မွေးသက္ကရာဇ်ကို အခုဖေါ်ပြထားတဲ့ သက္ကရာဇ်ထက် နှစ်ပေါင်း သုံးရာလောက် နောက်ကျပြီး မွေးဖွါးခဲ့တယ်လို့ ခန့်မှန်းကြပါတယ် ။ အချို့ကတော့ လောင်ဇူးဆိုတာ မရှိခဲ့ဘူးလို့ ဆိုပြန်ပါတယ်ခင်ဗျာ ။ လူတို့သည် သေသည်၏အခြားမဲ့၌ ဘဝသစ်များတွင် လူ့ဘဝ၌သော်လည်းကောင်း၊ တိရစ္ဆာန်ဘဝ၌သော်လည်း ကောင်းဖြစ်သည်ဟူသော အယူကို လောင်ဇူး ကောင်းစွာယုံကြည်ခဲ့ပါတယ်။ လောင်ဇူးဟာ ဂုဏ်ပကာသနကို မလိုလားဘဲ လူသူနည်းသော နေရာ၌ မထင်မရှားနေခြင်းကိုသာ နှစ်သက်သူလည်းဖြစ်ပါတယ်။
အဲဒီပုဂ္ဂိုလ် တကယ် အသက်ရှင်နေထိုင်ခဲ့တယ်ဆိုရင်တောင်မှ အဲဒီပုဂ္ဂိုလ်အကြောင်းကို ဘယ်သူမှသေသေချာချာမသိကြပါဘူး ။ သူ့ရဲ့ အမည်အရင်းကိုတောင် မသိရှိကြပါ ။ လာအိုဇူ ဆိုတဲ့ အမည်အဓိပ္ပါယ်ဟာ ( အဘိုးကြီး) ဒါမှမဟုတ် (ဆရာကြီး) လို့ ဆိုပါတယ် ။ သူ့အကြောင်းနဲ့ ပတ်သတ်လို့တော့ ယခုခေတ်မှာ ဒဏ္ဍာရီဆန်တဲ့ အဖြစ်အပျက်များသာ ဖြစ်နေပါတော့တယ်။
သူ့အကြောင်း ဒဏ္ဍာရီကို ပြောရမယ်ဆိုရင် လာအိုဇူဟာ ဥက္ကာပျံတစ်ခုကြောင့် သူ့ကို ပဋိသန္ဓေတည်ခဲ့ရတယ်လို့ ဆိုတယ်။ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှစ်ဆယ့်နှစ်နှစ်တိုင်နေခဲ့တယ်လို့ ဆိုတယ် ။ မွေးဖွားလာတဲ့ အခါမှာ ဆံပင်များပင် ဖြူဖွေးနေပြီး ပညာရှိတစ်ဦးဖြစ်နေပါပြီလို့ ဒီလိုဆိုပါတယ် ။ ဒဏ္ဍာရီဆိုတော့လည်း ချဲ့ကားပေမပေါ့။ ဒါပေမယ့် အချို့အချက်များဟာ မှန်ကန်နိုင်ဖွယ် ရှိပါသေးတယ် ။ လောင်ဇူးရဲ့အလုပ်အကိုင်က သူ့ရဲ့ မွေးရပ်မြေ အနောက်ပိုင်း ပြည်နယ်မှာ အမျိုးသား မော်ကွန်းတိုက် အုပ်ချုပ်ရေးမှူးလို့ ဆိုတယ် ။ အဲဒီအလုပ်အကိုင်ကို လုပ်ရင်း ရိုးရိုးကုပ်ကုပ်ပဲ နေထိုင်ခဲ့ပါတယ် ။ လောင်ဇူးရဲ့ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်ပြီး တစ်စောင်တည်းသော မှတ်တမ်းကိုသာ မှီငြမ်းခဲ့ရတာဖြစ်တယ် ။
လောင်ဇူးအကြောင်းကို သတင်းကြားရတဲ့ ကွန်ဖြူးရှပ်ဟာ တစ်ခါက အလည်အပတ်သွားရောက်ခဲ့ဖူးတယ်လို့ ဆိုတယ် ။ ကွန်ဖြူးရှပ်ရဲ့ဖေါ်ပြချက်အရ လောင်ဇူးထံကို အဝေးခရီးကနေ တကူးတက သွားရောက်တွေ့ခဲ့တာကြောင့် အတော်လေး အနှောက်အယှက်ဖြစ်သွားပုံရတယ်လိ့ု ဆိုတယ် ။ ကွန်ဖြူးရှပ် နဲ့ လောင်ဇူးဟာ ဘီစီ ၅၁၇ လောက်မှာတွေ့ဆုံခဲ့တာဖြစ်ပြီး ဝါဒရေးရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
(ငှက်တွေမှာ ပျံနိုင်တဲ့အတောင်တွေရှိတယ် ။ ငါးတွေမှာလဲ ရေထဲမှာ ကူးခတ်သွားနိုင်ဖို့ ဆူးတောင်တွေ ရှိတယ် ။ တိရိစ္ဆာန်အရိုင်းတွေမှာလဲ ပြေးလွှားဖို့ခြေထောက်တွေ ရှိတယ် ။ ခြေထောက်ရှိတဲ့ သတ္တဝါတွေကို ဖမ်းဆီးဖို့ ထောင်ချောက်တွေ ရှိတယ် ။ ဆူးတောင်ရှိတဲ့ ငါးတွေအတွက်လဲ ပိုက်ကွန်တွေ ရှိတယ် ။ ဒါပေမယ့် နဂါးတွေကျတော့ လေထုနဲ့ တိမ်တိုက်တွေကို ဖြတ်ြင်္ပီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဖြတ်ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး ။ ဒီနေ့ ကျွန်ပ်ဟာ လာအိုဇူကို တွေ့ရပြီ ။ ဒီနေ့ကျွန်ပ် နဂါးတစ်ကောင်ကို မြင်ဖူးပြီ ) လို့ ကွန်ဖြူရှပ်က သူ့တပည့်တွေကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လူ့သဘာဝရဲ့ ကောင်းတဲ့အချက်တွေကို ပြုစုပျိုးထောင်ပေးဖို့ သူ့ရဲ့ သွန်သင်ချက်ကို လူအများက မလိုက်နာကြတဲ့အတွက် စိတ်ညစ်လို့ပဲဖြစ်စေ ၊သူ့ဘဝရဲ့ နောက်ပိုင်း နှစ်များမှာ တဖြေးဖြေး တစ်ဦးတည်း နေဖို့အတွက် ကျိုးစားချက်အရဖြစ်စေ လောင်ဇူးဟာ နောက်ဆုံးမှာတော့ ကျွဲကောင်ကိုစီးပြီး ယခု တိဗက်လို့ခေါ်တဲ့ အနောက်ဘက် ဒေသကို ထွက်ခွါသွားတယ်လို့ ဆိုပါတယ် ။ ဟန်ကောင်တောင်ကြားမှာ တာဝန်ကျနေတဲ့ အရာရှိက ဆရာကြီးရဲ့ တမူထူးခြားတဲ့ အပြုမူကို သတိပြုမိတာကြောင့် သွားခွင့်မပြုပဲ မိမိနေရပ်ကိုပြန်ဖို့ တောင်ပန်ခဲ့လေတယ် ။ ဆရာကြီးက လက်မခံပဲ ဆရာကြီး စွန့်ပစ်ခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့အယူအဆ မှတ်တမ်းတစ်စောင် တလေမျှ ထားခဲ့ဖို့ တောင်းဆိုတဲ့အခါ လောင်ဇူးဟာ သဘောတူခဲ့ပါတယ် ။
ဆရာကြီးဟာ သုံးရက်တိတိပျောက်သွားပြီး ပြန်ရောက်လာတဲ့အခါမှာ စာလုံးရေ ၅၀၀၀ ပါဝင်တဲ့ ကျမ်းတစ်စောင်ကို ယူဆောင်လာပါတယ် ။ အဲ့ဒီ့ကျမ်းရဲ့အမည်က ( တာအိုတေချင် ) ဖြစ်ပြီး အဓိပ္ပါယ်ကတော့ (လမ်းစဉ်နှင့် ယင်း၏အာဏာ) လို့ သိရပါတယ် ။ စကြဝဠာအတွင်းမှာနေထိုင်တဲ့ လူသားတွေရဲ့ သာယာပုံအကြောင်းတွေဖြစ်တယ် ။ အဲဒီကျမ်းဟာ ဖတ်ရုံပဲဆိုရင် နာရီဝက်လောက် ဖတ်ရုံနဲ့ ပြီးစီးနိုင်အောင်ကို တိုပါတယ် ။ သို့ပေမယ့် အဓိပ္ပါယ်တွေကိုစဉ်းစားတွေးခေါ်ပြီး ဖတ်မယ်ဆိုရင်တော့ တစ်သက်လုံးဖတ်လဲ မပြီးနိုင်အောင် ရှည်ပြန်တယ်။ အလွန် အတွေးအခေါ် ရင့်ကျက်တဲ့ ကျမ်းဖြစ်ပြီး ယနေ့အထိကို တာအိုဘာသာရဲ့အခြေခံ ကျမ်းလဲ ဖြစ်နေပါတယ်။
လောင်ဇူးရဲ့ ဘဝဟာ ဘာသာတစ်ခုကို တည်ထောင်တဲ့ အနေအားဖြင့် တကယ်ထူးခြားဆန်းကြယ်လှပါတယ် ။ သူဟာ တရားမဟောခဲ့ပါဘူး ။ ဘာသာရေး အသင်းအဖွဲ့တွေ တည်ထောင်ခြင်းလဲ မရှိခဲ့ဘူး ။ စာပေကျမ်းဆိုလို့ အနည်းငယ်တာ ရေးသားခဲ့ပါတယ် ။ ကျွဲစီးပြီး ထွက်သွားတယ် ။ သူ့အတွက်ဆိုရင် အပြီးအပိုင် ထွက်သွားခြင်းပဲဖြစ်ပါတယ် ။လာအိုဇူဟာ ကွန်ဖြူရှပ်လို အရပ်တကာလှည့်ပြီး သူ့အယူဝါဒကို ဖြန့်ဖို့ ခြေကုပ်စခန်း ရှာဖွေဖို့ တွေ မလုပ်ခဲ့ဘူး ။ သူ့အယူအဆများဟာ လူ့အဖွဲ့အစည်းထဲမှာ အောင်မြင်စွာ အခြေစိုက်နိုင်ခြင်း ရှိတာ မရှိတာလဲ သူဟာ စိတ်မဝင်စားခဲ့ပါဘူး ။ သူ့ရဲ့ အနာဂတ်ကောင်းစားရေးနဲ့ ဂုဏ်သတင်းကျော်ဇောရေးအတွက် ဆောင်ရွက်တယ်ဆိုတာဟာ ဝေးလာဝေးပါပဲ ။ မရှင်းလင်းတဲ့ အမေးတွေကိုလဲ ဖြေဆိုဖို့ကို မနေဘူး ။ သူ့ဘဝဇာတ်မှာ ဒဏ္ဍာရီ ပုံပြင်ဆိုတာကို အသာချိတ်ပြီး တာအိုဝါဒရဲ့ အဖိုးတန် ရတနာကို ပြောရရင်တော့ ဘာသာတစ်ရပ်အနေနဲ့ ထာဝစဉ် ရှိနေမယ်ဆိုတာ အသေအခြာရှိတယ်လို့ ဒီလိုသိရပါတယ် ။
တာအိုဘာသာမှာ အပိုင်းသုံးပိုင်းရှိတယ်။ တွေးခေါ်မျှော်မြင်ရေးဆိုင်ရာ အဘိဓမ္မာ ၊ တိုင်းရေး ပြည်ရေး အုပ်ချုပ်ရေး ပညာနဲ့ ဘာသာယုံကြည်ချက်တို့ဖြစ်တယ် ။ တွေးခေါ်မျှော်မြင်ရေးအပိုင်းမှာ စကြဝဠာ ကမ္ဘာလောကကြီးအတွင်းက နေ၊ လ၊ ကြယ်နက္ခတ်တာရာ တို့ လှည့်လည်သွားလာပုံတွေ အဲ့ဒီ့ ဂြိုလ်နက္ခတ်တွေရဲ့ လှည့်လည်မှုကြောင့် ကမ္ဘာမြေပြင်ကြီးမှာ ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေ အပြောင်းအလဲတွေကို ပြဆိုထားပါတယ် ။
တာအိုဟာ ကောင်းကင်ပြင် အလည်မှာ ရှိတယ် ။ တာအိုဟာ တန်ခိုးသတ္တိတည်ရာ ဗဟိုအချက်အခြာဖြစ်တယ် ။ ဒီကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အချင်းအရာအားလုံးကို နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ အင်အားတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ် ။ တစ်နည်းပြောရရင်တော့ တာအိုဟာ ကိုယ်ခန္ဓာရုပ်ဓါတ်မရှိတဲ့ ထာဝရ ပုဂ္ဂိုလ်ပင် ဖြစ်ပါတယ် ။
လူပုဂ္ဂိုလ် တဦးချင်းအနေဖြင့် ရိုးသားဖြောင့်မတ်စွာနှင့် သဘာဝအတိုင်း နေထိုင်သင့်သည်။ ဂုဏ်ပကာသနနှင့် အကြမ်းဖက်လိုမှု တို့ကို ရှောင်ကြဉ်သင့်သည်။ လောကကို ပြုပြင် ပြောင်းလဲရန် ကြိုးစားသည်ထက် လေးစားရန် ကြိုးစားသင့်သည်။ အစိုးရ ဥပဒေများသည် များလှပြီ ဖြစ်၍ နောက်ထပ်သာ ထုတ်ပြန်ပါက အခြေအနေ ပိုဆိုးစေမည်။ ကြီးလေးသော အခွန်အတုတ်၊ ရည်ရွယ်ချက် ကြီးသော အစိုးရ စီမံကိန်းများ၊ စစ်ဆင်မှုအားလုံးသည် သဘာဝနှင့် ဆန့်ကျင်၍ တာအိုဒဿနနှင့် ဆန့်ကျင်ဘက်ဖီလာ ဖြစ်သည်။
တာအိုဟာ ဖိုဓါတ် နဲ့ မဓါတ် ကို ဖန်ဆင်းခဲ့ တယ် ။ သဘာဝမှာ ဖိုဓါတ်နဲ့ မဓါတ်ဟာ ရှိစမြဲဖြစ်ပါတယ် ။ ဖိုနဲ့ မ ပေါင်းပြီး ကောင်းကင်နဲ့ မြေကြီး ဖြစ်ပေါ်လာရတယ် ။ ကောင်းကင်နဲ့ မြေကြီးကနေတဖန် သက်ရှိသတ္တဝါများ ဖြစ်လာတယ် ။ တာအိုဟာ လူသားများရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးပါတယ်။ နောင်တွင် လောင်ဇူးရဲ့တာအိုအခြေခံကျမ်းကို အခြေပြု၍ အတွေးခေါ်ရှင် များစွာတို့က မိမိတို့ ကိုယ်ပိုင် အတွေးအခေါ်များကို ဆက်လက် ချဲ့ထွင် ဖော်ထုတ်လာကြပါတော့တယ်။ ကျံတာအိုလင် အမည်ရှိတဲ့ သူက တာအိုဘာသာကို ဟောပြောခဲ့ပြီး တာအိုဘာသာဟာ ယနေ့တိုင် တရုတ်နိုင်ငံမှာ အထင်အရှား (လူဦးရေသန်း၁၀၀ကျော်) ကိုးကွယ်နေတဲ့ ဘာသာတစ်ခု အဖြစ်ကျန်ရှိနေပါသေးတယ်။
Discussion about this post